သတင်း

မောင်တောမြောက်ပိုင်း AA ထိန်းချုပ်ကားလမ်းတွင် တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့ (နိုဝင်ဘာ ၁၈) တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

နံနက် ၉ နာရီခန့်မှစ၍ အိမ်ခြေ ၄၀ ကျော်သာရှိသည့် မြဝတီရွာတောင်ဘက် မိုင်ဝက်အကွာ မောင်တော – ဗန္ဓုလ ကားလမ်းပေါ်တွင် စစ်ကောင်စီဘက်က အင်အား ၅၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေရာ AA တို့ တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့က အတည်ပြုသည်။

အဆိုပါ ကားလမ်းကို AA ကထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့မှာ ကြိမ်ချောင်းမြို့ မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာရှိ ရန်အောင်ပြင်ဘက်မှ လာခြင်း ဖြစ်ပြီး ဝက်ကျိန်းတံတားအလွန်အတွင် နှစ်ဖက် အပြင်းအထန်တိုက်ခိုက်နေကြ၍ ရွာသူရွာသားများ မိိုင်ဝက်အကွာ ခုံတိုင်ရွာဘက်သို့ ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု မြဝတီရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာနားမှာ အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်နေကြတော့ ရွာမှာမနေရဲတော့လို့ ရွာသားတွေအားလုံး အခု ခုံတိုင်ရွာဘက်ကို ရောက်နေကြပါပြီ။ တိုက်ပွဲက ပြင်းထန်နေဆဲပါ။ လက်နက်ငယ်ပါ လက်နက်ကြီး ပစ်သံတွေပါ အကျယ်ကြီး ကြားနေရတုန်းပါ”။

မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်၊ အောင်သပြေ၊ ဗန္ဓုလကျေးရွာဘက်သို့ ဆက်သွယ် ထားသည့် အဓိက ကားလမ်းမကြီးကို AAက ထိန်းချုပ်ပိတ်ဆို့ထား၍ စစ်ကောင်စီက ထိုလမ်းကို ပြန်၍ စိုးမိုးနိုင်ရန် အင်အားအလုံးအရင်းဖြင့် စစ်ဆင်လာခြင်းဖြစ်မည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့က ခန့်မှန်းသည်။

AAနှင့် စစ်ကောင်စီထံ မေး၍မရသေးပါ။

ယခုလ ၁၀ ရက်ကလည်း ရန်အောင်ပြင် ကျေးရွာ အနီးတောင်ကုန်းတွင် တပ်စခန်းအထိုင်ချရန် ပြင်ဆင် နေသော စစ်ကောင်စီတပ်အား AAက ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။

ယင်းအပြင် ထိုတောင်ကုန်းနှင့် မိုင်ဝက်ခန့်အကွာ ဝက်ကျိန်းတံတားအနီးတွင်လည်း နိုဝင်ဘာ ၁၄ ရက်က နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်သည်။

ထိုတိုက်ပွဲများအတွင်း မောင်တောမြို့နယ် မြောက်ပိုင်းရှိ မြဝတီ၊ ခုံတိုင်၊ သက်ကိုင်းညာ၊ ရေနောက်ငါးသား၊ တမန်းသား၊ မင်္ဂလာညွန့်၊ မင်းခမောင်း စသည့် ကျေးရွာနေဒေသခံများ ပိတ်မိနေကြသည်ဟု ဒေသတွင်း သတင်းများကဆိုသည်။

“ကျွန်တော်တို့ မြို့ပေါ်သို့ သွားမယ့် ကားလမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ်နေတာဆိုတော့ သွားလာလို့ မရဘူးလေ။ တိုက်ပွဲကြားမှာ ပိတ်မိနေသလို ဖြစ်နေတာပါ။ အပေါ်ပိုင်း ခမောင်းဆိပ်ဘက်မှာဆိုလည်း တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ။ အခုလည်း စစ်တပ်က ဒီမြောက်ပိုင်းကိုတက်လာလို့ တိုက်ပွဲဖြစ်နေတာ။ ပြေးမယ့်နေရာမရှိဘူး”ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း နိုင်ငံအနှံ့ ခုခံမှုများမြင့်တက်နေရာတွင် ရခိုင်ပြည်နယ် အတွင်း AAနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button