သတင်း

ခင်ဦးတွင် ပြည်သူနှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်ရ

စစ်ကိုင်းတိုင်းအလယ်ပိုင်း မူးမြစ်အရှေ့ဘက်ကမ်းရှိ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီက အင်အား ၇၀ ခန့်ဖြင့် တစ်ရွာဝင် တစ်ရွာထွက် စီးနင်းနေသဖြင့် ရွာပေါင်း ၁၀ ရွာထက်မနည်းမှ ဒေသခံ နှစ်သောင်းခန့် ထွက်ပြေးနေရသည်။

ရေဦးမြို့မှ ယမန်နေ့(နိုဝင်ဘာ ၁၇)မှ စ၍ ထွက်လာသော စစ်ကြောင်းက ၁၀ မိုင်ကျော်အကွာရှိ ခင်ဦးမြို့အနောက်ဘက်ခြမ်းတွင် ဝင်မွှေနေကြောင်း၊ တိုက်ပွဲများအတွင်း တော်လှန်ရေးအဖွဲ့ဝင်နှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရကြောင်း ခင်ဦးမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက အတည်ပြုသည်။

“အနည်းဆုံးစစ်ဘေးရှောင်က ၁၈,၀၀၀လောက် ထွက်ပြေးနေရတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆောင်းတွင်းဆိုတော့ ဒုက္ခရောက်တာပေါ့ဗျာ၊အဘိုးအဘွားတွေ ၊သွေးနုသားနု ကိုယ်ဝန်သည်တွေ လည်းပါတာပေါ” ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ကြောင်းကို  ယမန်နေ့ နံနက်ပိုင်းက ရေးဦးမြို့အရှေ့ဘက် ၅ မိုင်အကွာ မရမ်းအင်းကျေးရွာအနီးတွင် တော်လှန်ရေးတပ်ပေါင်းစုက တစ်နာရီနီးပါး စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်ဆုံး ၅ဦးသေဆုံးခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ)ဝင်တစ်ဦးက ပြောသည်။

“ကင်းထိုးလွှတ်လာတဲ့ ငါးယောက်ကတော့တစ်ခါတည်း ကျသွားတယ်။ မိုင်းဆွဲတော့ နှစ်ယောက်သေပြီး သုံးယောက်က ကကြိုးကဂျောင်ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ဘက်က စောင့်နေတဲ့ အချိန်မှာ ကျွန်တော်တို့က လက်ဦးမှရသွားတာပေါ့”ဟု ပကဖအဖွဲ့ဝင်က ဆိုသည်။

စစ်သား အလောင်းများကို တိုက်ပွဲဖြစ်သည့်နေရာနှင့် မိုင်အနည်းငယ်အကွာရှိ တောင်ယာတဲ တစ်ခုထဲထည့်၍ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့သွားကြောင်း၊ ထိုစစ်ကြောင်း ရွှေယမင်းရွာမှ ယနေ့ (နိုဝင်ဘာ ၁၈) နံနက် ပြန်ထွက်ချိန်တွင်လည်း မိနစ် ၂၀ ခန့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်တို့ထံမှသိရသည်။

“စစချင်း ၁၅ မိနစ်လောက်ကတော့ တော်တော်ကိုပြင်းတယ်ဗျာ။သူပစ်ကိုယ်ပစ်နဲ့ လက်နက်ကြီးတွေနဲ့ ပစ်တာ၊ ကျနော်တို့လူလည်း RPG (ပခုံးထမ်းလောင်ချာ) ထိပြီး ကျသွားတာ” ဟု ပကဖက ပြောသည်။

ထိုတိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့ဘက်မှ ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်နှင့် ကျည်မလုံလောက် ၍ နောက်ဆုတ်ခဲ့ရကြောင်း Khin U Local Guerrilla Force (KUGF) အဖွဲ့ခေါင်းဆောင်က ပြောသည်။

“မနေ့က တိုက်ပွဲတစ်နာရီနီးပါးပွဲကဖြစ်ပြီးသားဆိုတော့ နောက်ထပ်ကျည်အင်အားက ပေါမနေဘူး လေ။ ကျွန်တော်တို့မှာ တိုက်ပွဲတစ်ပွဲပြီးလို့ နောက်ထပ်တိုက်ပွဲဖြစ်ဖို့ ပြန်စုတဲ့အချိန် အလျှင်မမီတော့ဘူးလေ”ဟုပြောသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်နေရသည့် ဒေသခံများကို နိုဝင်ဘာလ ၁၅ ရက် က တွေ့ရစဉ်။ ဓာတ်ပုံ – မိုးဦး/Myanmar Now

စစ်သားများသည် တိုက်ပွဲဖြစ်ရာ မရမ်းအင်းရွာ အနီးမှ စိုက်ပျိုးရေးခြံများတွင်တပ်စွဲထားပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ကြောင်း၊ စစ်ဘေးရှောင်များ ထောက်ပံ့ကူညီမှုရရန် လိုအပ်နေကြောင်း တော်လှန်ရေးအဖွဲ့တို့ကဆိုသည်။

“ကျတော်တို့ကို မထောက်ပံ့ချင်လည်း အဓိကက စစ်ဘေးရှောင်တဲ့သူတွေကို ကူညီပေး စေချင်တယ်။ စစ်ကြောင်းတစ်ကြောင်းထိုးလာရင် စစ်ရှောင်ရတဲ့ရွာတွေ မနည်းဘူးလေ၊ ပြည်သူသောင်းချီ ဖြစ်သွားတာ။ စစ်ရှောင်ရတဲ့သူတွေက တစ်ရက်ကနေ နှစ်ရက်ဖြစ်လာရင် အခက်အခဲကအများကြီး တွေ့တာ” ဟု KUGF ခေါင်းဆောင်က ဆိုသည်။ 

မူးမြစ်နှင့် ဧရာဝတီမြစ်အကြားရှိခင်ဦးမြို့နယ်သည် စစ်ကောင်စီကို အပြင်ထန်ဆုံးခုခံသည့် ဒေသများတွင် ထိပ်ဆုံးမှပါဝင်သည်။ 

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြုစုထားသော စာရင်းအရ စစ်တပ်ကလည်းခင်ဦးမြို့နယ်မှ ကျေးရွာပေါင်း ၄၇ ရွာမှ လူနေအိမ် ၁၈၅၆ လုံးကိုမီးရှို့ဖျက်ဆီးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကာလအတွင်း ခင်ဦးမြို့နယ်မှတိုက်ပွဲများတွင် ဒေသခံနှင့် တော်လှန်ရေးအဖွဲ့ဝင် ၂၁၈ဦး သေဆုံး၊ ဖမ်းဆီးခံရသူ ၁၄၃ဦးထိရှိကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မှတ်တမ်းများအ ရသိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button