ရခိုင်ဒေသ စစ်ရှောင်ဒုက္ခသည် တိုးပွားလာ၊ ရိက္ခာနှင့် အကူအညီလိုအပ်

ရခိုင်ဒေသ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသော  ရာနှင့်ချီသည့် ဒေသခံတို့ အကူအညီ လိုအပ်နေကြသည်။

ယခင်လက တွေ့ရသော ဘူးသီးတောင်မြို့နယ်၊ ဒုံးသိမ်စစ်ရှောင်စခန်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

 ရခိုင်မြောက်ပိုင်းတိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ်တွင် ထပ်မံ ပေါ်ပေါက်လာသော စစ်ရှောင်ဒေသခံများ အရေးပေါ်အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က  ခူလိုင်၊ နေပူခံ၊ ဆင်အိုး စသည့် ကျေးရွာများမှ ဒေသခံ ၄၀၀ ခန့်သည် တိမ်ညိုရွာသစ်၊ စေတီတောင်ရွာဟောင်း၊ အောက်သားကန် စသည့် ရွာများသို့ ရောက်ရှိနေသည်။

ခူလိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှကျော်က ၎င်းတို့ရွာမှ ၅၆ ဦးသည် တိမ်ညိုရွာသစ် ကျေးရွာ စာသင်ကျောင်းတွင် ခိုလှုံနေကြောင်း၊  ရိက္ခာ၊ မီးဖိုဆောင်သုံး ပစ္စည်းများ၊ အဝတ်အထည်များ ရရှိရန် မျှော်လင့်နေကြောင်း  ပြောသည်။

“လိုအပ်တာကတော့ အကုန်လုံးလိုလို လိုတယ်။ ဒီကိုရောက်တဲ့သူတွေ အတွက်တင်မဟုတ်ဘူး၊ ရွာမှာကျန်ခဲ့တဲ့သူတွေအတွက်ပါ စိတ်ပူနေရတယ်” ဟု ၎င်းက ဆိုသည်။

ခူလိုင်ရွာတွင် မပြေးလွှားနိုင်သည့် အသက်ကြီးပိုင်း ၂၀ ကျော်နှင့်  ကျွဲ၊နွား၊ ကြက်၊ ဝက်များကို စောင့်ကြည့် ရန် လူငယ် အယောက် ၂၀ ခန့် ကျန်ရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီ လလယ်ပိုင်းက စပြီး မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။  ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်များမှ ကျေးရွာသား ၅ ဦး ပျောက်ဆုံးခဲ့ပြီး မီးရှို့ခံထားရသည့် လူ ၃ ဦး၏ အလောင်းကို ရန်အောင်ပြင်ကျေးရွာအနီးတွင် တွေ့ခဲ့ရသည်။

ရန်အောင်ပြင်ကျေးရွာအုပ်စု ဆင်အိုးကျေးရွာမှ ဒေသခံ ၁၇၅ ဦးသည်  ရွာအနီး ပစ်ခတ်မှုများကြောင့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် စေတီတောင်ကျေးရွာသို့ ပြောင်းရွှေ့လာကြသည်။

နေပူခံရွာမှ  ၁၇၉ ဦးသည်လည်း  ၁ မိုင်ခွဲခန့်ဝေးသည့် အောက်သားကန်ရွာသို့ရောက်ရှိလာကြောင်း၊ လူငယ် ၁၀ ဦးခန့်ကို  ရွာစောင့်အဖြစ် ချန်ထားခဲ့ကြောင်း နေပူခံရွာသား ဦးစိုးလှက ပြောသည်။

အောက်သားကန်ရွာ ဘုန်းတော်ကြီးကျောင်းတွင် တိုးဝှေ့ ခိုလှုံနေရသူများအတွက် အစားအသောက် အဝတ်အထည်များလည်း လိုအပ်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

“အနီးအနားရွာတွေက ကျွေးလို့ စားနေရတာ။ ရေရှည်ဆို ဆန်လောက်မယ် မထင်ဘူး” ဟု ၎င်းက ဆိုသည်။

ယမန်နေ့ကအထိ ပစ်ခတ်သံများကြားနေရသေးကြောင်း နေပူခံရွာမှ စစ်ရှောင်များက ပြောသည်။

ရခိုင်စစ်ရှောင်များအရေး တစိုက်မတ်မတ် ကူညီပေးနေသည့် စစ်တွေအခြေစိုက် ဝံလက်ဖောင်ဒေးရှင်း၏ အချက်အလက်များအရ တိမ်ညိုရွာသစ်၊ အောက်သားကန်ရွာ နှင့် စေတီတောင် ကျေးရွာများတွင် ရောက်ရှိနေသည့် စစ်ရှောင် ၄၀၀ ကျော်အတွက် စားနပ်ရိက္ခာများ၊ အိမ်သာများနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိုင်းရေးရုံး(UNOCHA) ၏ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်မြောက်ပိုင်းတိုက်ပွဲများကြောင့် ဒေသခံ ၅,၅၀၀ ခန့် တိမ်းရှောင်နေရကြောင်း သိရသည်။ 

ယနေ့ ထွက်ပေါ်လာသည့် ထိုအဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်တွင်လည်း  မြောက်ဦးမြို့နယ်အတွင်း ဒေသခံ ၈၀၀ ခန့် ထပ်မံတိမ်းရှောင်ရသည်ဟု ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading