သတင်း

ရှမ်းမြောက်နယ်စပ်ဂိတ်အနီး တိုက်ပွဲတွင် အရပ်သားနှစ်ဦး သေဆုံး

ယမန်နေ့ (နိုဝင်ဘာ ၁၆) မွန်လွဲပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သားလူငယ်နှစ်ဦး RPG ထိမှန် သေဆုံးသည်။

မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က တရုတ်မြန်မာနယ်စပ် ကျင်းစန်းကျော့ဂိတ်နှင့် မူဆယ်မြို့ကို ဆက်သွယ်သည့် ကျင်းစန်းကျော့လမ်း ဘုရားကုန်းဟု ခေါ်သည့် နေရာတွင် ကားအစီးရေ ၂၀ ဝန်းကျင်ရှိ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံလိုက်ရပြီးနောက် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားရာမှ ထိုလူငယ်နှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

မိုင်းဆွဲခံရသည့်စစ်ကား ကားရှေ့မီးခွက်များ ပျက်စီးသွားကြောင်း၊ ထိုလမ်းမပေါ်တွင် သွားလာနေသည့် အရပ်သားများ၏ မော်တော်ယာဉ် နှစ်စီး သေနတ်ဖြင့် အပစ်ခံရသော်လည်း ခရီးသွားများ သေဆုံးမှုရှိမရှိ မသိရကြောင်း ကျင်စန်းကျော့တွင် ပို့ကုန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးထံမှ သိရသည်။

စစ်တပ်ယာဉ်တန်း မိုင်းခွဲခံရပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်လှန်ပစ်ခတ်သဖြင့် ဘုရားကုန်းအနီးတွင် ကားပြင်နေသည့် ဝပ်ရှော့မှ လူငယ်နှစ်ဦး RPG ထိမှန်သေဆုံးသွားကြောင်း ၎င်းက Myanmar Now ကို ပြောသည်။

“တစ်ယောက်က ပန်ဆိုင်းဆေးရုံ ပို့တယ်။ လမ်းတစ်ဝက်တင် သေသွားတယ်။ နောက်တစ်ယောက်က မူဆယ်ပို့တယ်။ မူဆယ်ဆေးရုံမှာ သေသွားတယ်လို့ ကြားမိတယ်။ အသည်းထဲမှာ သွေးခဲသွားတာတဲ့။ လက်နက်ကြီးကျလို့ သေတာ။ ကားကြီးပြင်နေတာ သူတို့တည့်တည့်ကို လက်နက်ကြီး လာကျတာ” ဟု မျက်မြင်တွေ့ရှိသည့် ၎င်းက ဆိုသည်။

သေဆုံးသူနှစ်ဦးမှာ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှ အသက် ၁၅ နှစ်အရွယ် ကိုနိုင်လင်းဦးနှင့် မတ္တရာမြို့နယ်မှ အသက် ၁၉ နှစ်အရွယ် ကိုမောင်နိုင်တို့ဖြစ်ပြီး ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း ရှမ်းမြောက်အခြေစိုက် နှလုံးလှပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့က ဆေးရုံကို ဘယ်လိုရောက်လာလဲ မသိဘူး။ ဘယ်ကားနဲ့ တင်လာလဲ မသိဘူး။ ဒါပေမဲ့ ညဘက်မိုးတော်တော် မိုးချုပ်မှ အလောင်းတစ်လောင်းကို ကျောက်ဆည်ပို့ပေးချင်တယ်ဆိုတာနဲ့ သွားပို့ပေးတာ။ တစ်လောင်းကတော့ ခုနကမှ ရေချိုးသန့်ရှင်းရေးလုပ်ပြီး‌ ရေခဲအခေါင်းထဲကို ထည့်ပေးထားတယ်” ဟု ၎င်းက နိုဝင်ဘာ ၁၇ နေ့လယ်တွင် ပြောသည်။

ထိုဒေသတွင် အဓိကအားဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေးတပ် (KIA)၊ ကိုးကန့်တပ်ဖွဲ့ (MNDA)၊ ရှမ်းလက်နက်ကိုင်အဖွဲ့များဖြစ်သော RCSS နှင့် SSPP တို့ လှုပ်ရှားကြပြီး စစ်ကောင်စီတပ်နှင့် မည်သည့်အဖွဲ့ တိုက်ပွဲဖြစ်သည်ကို အတည်မပြုနိုင်သေးပေ။

မည်သည့်အဖွဲ့နှင့် တိုက်ပွဲဖြစ်သည်ကို မသိရသေးသော်လည်း မိုင်းခွဲတိုက်ခိုက်မှုအပြီး မူဆယ် ၁၀၅ မိုင် စစ်ဗျူဟာကုန်းမှ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူ ကိုကျော်ကြီးက ဆိုသည်။

“မိုင်းခွဲပြီးတာနဲ့ သူတို့က(စစ်တပ်) က ရမ်းပစ်တာ။ ဒီဘက်က ဘယ်လောက်မှ မပစ်ဘူး။ လေးငါးဆယ်ချက်ပစ်ပြီး ပြန်ဆုတ်တာ။ သူတို့ဘက်က ပစ်တာ တိုက်ရိုက်ပဲ” ဟု ၎င်းက ဆိုသည်။

စစ်တပ်ကြောင့် အရပ်သားနှစ်ဦးသေဆုံးကြောင်း ပြောဆိုချက်နှင့် ပတ်သက်၍ စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ထိုစစ်ယာဉ်တန်းမှာ လားရှိုးမြို့မှ စထွက်လာ၍ မုံးကိုးမြို့ကို ဦးတည်ဖွယ်ရှိပြီး မူဆယ် ၁၀၅ မိုင်တွင် ခေတ္တ ဝင်နားခဲ့ကြောင်း၊ မိုင်းခွဲခံရ၍ ယနေ့တွင် လမ်းတစ်လျှောက် စစ်ကောင်စီတပ်အင်အား တိုးချဲ့ချထားကြောင်း ၎င်းက ဆိုသည်။

တိုက်ခိုက်မှုဖြစ်သော်လည်း မြန်မာ-တရုတ်နယ်စပ်မှ အဓိကကုန်သွယ်သည့် ကျင်းစန်းကျော့တွင် ကုန်စည်စီးဆင်းမှု ပုံမှန်ပြုလုပ်နေကြောင်း ပို့ကုန်ဝန်ဆောင်မှုလုပ်ကိုင်သူများထံမှ သိရသည်။

မြန်မာဘက်မှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဂဏန်း၊ ငါးရှဉ့်၊ ဖရဲ၊ သခွားတို့တင်ပို့နေသည်၊ တရုတ်နိုင်ငံဘက်မှ သွင်းကုန်များမှာ ပန်း၊ သစ်သီးဝလံ၊ စားသောက်ကုန်နှင့် စက်ပစ္စည်းများ ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ယခုကာလသည် ဖရဲနှင့် သခွားရာသီဖြစ်သော်လည်း စစ်ကိုင်းတိုင်းနှင့် အထက်အညာဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းမလုပ်နိုင်၍ တင်ပို့မှုနည်းကြောင်း ၎င်းတို့က ဆိုသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်တည်ရှိရာ မူဆယ်မြို့သည် အချက်အချာကျပြီး နယ်စပ်ကုန်သွယ်ရေးဖြင့် စည်ပင်ခဲ့သည်။

သို့သော်လည်း ကိုဗစ်ကပ်ဘေးကာလအတွင်းနှင့် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ်ဂိတ်များ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေကာ လောင်းကစားရုံများပြားသည့် မူဆယ်တွင် ရာဇဝတ်မှု ထူပြောနေပြီး မူးယစ်ဆေးဝါးပြဿနာလည်း ကြီးမားနေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button