သတင်း

မြောင်မြို့နယ် နဂါးပေါက်ရွာကို စစ်တပ်က လုယက်၊ မီးရှို့

တိုက်ပွဲနယ်မြေ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ရွာစဉ်လှည့်နေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၅ တွင် နဂါးပေါက်ရွာမှ အိမ်ခြေ ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာမှ တန်ဖိုးရှိပစ္စည်းများကို စက်လှေဖြင့် တိုက်ကာ ယူဆောင်သွားသည်ဟု ရွာခံများထံမှ သိရသည်။

ဧရာဝတီမြစ်ကမ်းနဖူးရှိ နဂါးပေါက်ရွာကို ထိုနေ့ နံနက် ၅ နာရီဝန်းကျင်တွင် အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်တပ် ရောက်လာပြီး ဘုန်းကြီးကျောင်းတွင် စခန်းချခဲ့ကြောင်း၊ ထို့နောက် နေအိမ်များမှ ပစ္စည်းများကို ခိုးယူပြီး မြစ်ဆိပ်တွင် စုပုံထားကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ဇာမဏီပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောသည်။

“ဗီဒို၊ ကုတင်၊ ဆက်တီခုံက အစ အကုန်ယူတာ။ အဝတ်အစားတွေ၊ မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေ ယူတယ်။ နောက်ဆုံးအဆင့် အပ်ချုပ်စက်ကအစ ယူတယ်။ စက်လှေ ၄ စီး၊ ဟွန်ဒါစက်က ၅ လုံး၊ ဆိုင်ကယ်က ၅ စီး၊ နွား ၃ ကောင်။‌ ဈေးဆိုင်တွေက အကုန်ယူတယ်။ကျွန်တော်တို့က ဒရုန်းနဲ့ကြည့်တာ” ဟု ၎င်းက ဆိုသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြခြင်းမှာ စစ်တပ်က ပစ္စည်းများ စုပုံပြီးချိန် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ရွာအတွင်း နေရာ ၄ နေရာခွဲ၍ စတင် မီးရှို့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ဒီရွာရဲ့အထွတ်အမြတ်ထားတဲ့ နတ်စင်လေးပါ ရှို့သွားတယ်။ ရွာမှာက ဘုန်းကြီးကျောင်း၃ ကျောင်း ရှိတယ်။ နတ်စင်က မိရိုးဖလာ တစ်နှစ်တစ်ခေါက် အကုန်လုံးပြန်လာရတာ။ ဟိုရှေးကတည်းက ရှိတာ။ အဲ့ဒါပါ မီးရှို့တာ။ အဲ့ဒီတော့ အကုန်လုံး (ဒေါသ)စိတ်တွေက ဖြစ်ကုန်ကြပြီ။ မထူးဘူး နာရင်နာပါစေတော့။ အဲ့ဒါနဲ့ စပြီးတော့ ချဉ်းကပ်တော့တာပဲ” ဟု  ၎င်းက ဆက်ပြောသည်။

ခိုးထားသည့် ပစ္စည်းများကို  မြစ်တစ်ဖက်ကမ်းရှိ  ပေါက်အိုင်ရွာသို့  စက်လှေများဖြင့် သယ်ဆောင်နေစဉ် ရွာအတွင်း စစ်သည်အင်အား နည်းသွားကြောင်း၊ ဒေသခံကာကွယ်ရေးအဖွဲ့များက ချဉ်းကပ်လာရာ မြစ်ဆိပ်အနီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခိုးထားသည့် ပစ္စည်းများ မြစ်တစ်ဖက်ကမ်းသို့ သယ်ယူနေသည်ကို ကာကွယ်ရေးအဖွဲ့များက ဒရုန်းကင်မရာနှင့် မှတ်တမ်းတင်ထားသည်။ 

ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးထိမှန်ပြီး တိုက်ပွဲဖြစ်ပွားစဉ် မျက်နှာချင်းဆိုင်ရှိ ပေါက်အိုင်ရွာ ဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အနီးအနားရှိ ဆီမီးခုံဆိပ်ကမ်းတွင် နေရာယူထားသည့် စစ်တပ်သင်္ဘောကလည်း နဂါးပေါက်ရွာနှင့် အနီးအနား ကျေးရွာများကို ဦးတည်ပစ်ခတ်ခဲ့သည်။ 

“ကျွန်တော်တို့ဆီလည်း ပစ်တယ်။ ဘေးနားက ရွာတွေကိုလည်း တပ်ကူမလာနိုင်အောင် ပစ်တာ။ အချက်ရေ ၂၀ ကျော် ၃၀ လောက်ပစ်တယ်။ အဲ့ဒီဘက်က ပစ်တာက ကျွန်တော်တို့ရွာကိုတော့ မကျဘူး။ ဘေးနားကရွာတွေကို ကျတာ။ တိုက်ပွဲက မိနစ် ၅၀ လောက် ကြာတယ်” ဟု ဇာမဏီပြောက်ကျားအဖွဲ့တာဝန်ခံက လက်နက်ကြီး ပစ်ကူသည့် အခြေအနေကို ပြောသည်။ 

စစ်ကောင်စီတပ်သားများဘက်တွင် ၎င်းတို့၏ ပြည်သူ့စစ် ခေါ် ပျူစောထီးများလည်း ရှိနေသည်။

ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာသူများရှိကြောင်း ကာကွယ်ရေးအဖွဲ့များဘက်က ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

နဂါးပေါက်ရွာသည် အိမ်ခြေ ၂၃၀ ကျော်ရှိသည့် တိုက်နယ်အဆင့်ကျေးရွာတစ်ခုဖြစ်ပြီး ယခင်က စစ်ကြောင်းဝင်လေ့ရှိသော်လည်း မီးရှို့ခြင်းမရှိဘဲ ယခုစစ်ကြောင်းက မီးရှို့မှုကြောင့် အိမ်ခြေ ၄၃ လုံး ပျက်စီးခဲ့သည်။ 

“ကျွန်တော်တို့က အင်အားလည်းမမျှဘူး။ အဲ့ဒီတော့ သူတို့ မီးမရှို့ဘူးဆိုရင် ကျွန်တော်တို့က လက်ရှောင်သင့်သလို ရှောင်မယ်လို့ စဉ်းစားထားတာပေါ့။ ဒါပေမဲ့ သူတို့မီးရှို့တော့ အင်အားမမျှလည်း မမျှပါစေပေါ့။ အကုန်ကုန်သွားမယ်ဆိုရင်လည်း ဘယ်လိုမှမခံသာဘူးပေါ့။ သူတို့ တစ်ကောင် သေလည်း တန်တယ်၊ နှစ်ကောင်သေလည်း တန်တယ်ဆိုပြီးတော့ ရှိတဲ့အင်အားနဲ့ လုပ်ပစ်လိုက်တာ” ဟု ထိုတာဝန်ခံက ပြောသည်။

ရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ထိုနေ့တွင်ပင် တစ်ဖက်ကမ်းကို ကူးပြီး ပြန်ဆုတ်သွားသည်၊ စစ်သား ထက်ဝက်ခန့်က အောက်ဘက်ကို လှေနှင့် ဆင်းသွားသည်၊ ရွာခံအများစုက နေရပ် မပြန်နိုင်သေးဟု သိရသည်။

စစ်ကိုင်းတိုင်း၊ တောင်ဘက်အစွန်ဆုံးရှိ မြောင်မြို့နယ်သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားတွင် တည်ရှိပြီး ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့်နေရာဖြစ်သည်။

နိုဝင်ဘာ ၆ ရက်နေ့က ချင်းတွင်းမြစ်တွင်း သွားလာနေသည့် ဆန်တင်သင်္ဘောတစ်စီးကို ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက စီးနင်းပြီး နောက်တစ်ရက်မှစတင်ကာ ချင်းတွင်းမြစ်ကမ်းစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသည်။ အနည်းဆုံး ရွာ ၈ ရွာမှ အိမ်ခြေ ၄၀၀ နီးပါး ပျက်စီးခဲ့ရကာ အတိအကျကို စာရင်းကောက်ယူနေဆဲဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များမှ သိရသည်။ 

ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင့် ထိုဒေသမှ ဒေသခံ ထောင်နှင့်ချီပြီး ဘေးလွတ်ရာ ထွက်ပြေးနေရသည်။ 

“စစ်ရှောင်တွေက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ အပြည့်ပဲ။ ရွာပေါင်းများစွာပဲ။ ဘယ်ရွာပဲဖြစ်ဖြစ် စစ်ဘေးရှောင်တွေနဲ့ ပြည့်နေတာ။ ဒေသခံတွေကတော့ တချို့ရွာတွေကတော့ ပြန်ကပ်နိုင်တယ်။ မီးရှို့ထားတော့ နေဖို့၊ ထိုင်ဖို့ ကတော့ ရုန်းကန်နေရတုန်းပဲ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးက ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ယခုနှစ်ဩဂုတ်လအထိ တစ်နှစ်ခွဲနီးပါးကာလအတွင်း အိမ်ခြေ ၂၈,၄၃၄ ကျော် ပျက်စီးခဲ့ကြောင်း၊ ထိုအထဲတွင် စစ်ကိုင်းတိုင်းမှအိမ်ခြေ ၂၀၁၅၃ လုံး ပါဝင်ကြောင်း ထိုဖြစ်ရပ်များကို မှတ်တမ်းတင် စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button