သတင်း

ရခိုင်မြောက်ပိုင်း ပစ်ခတ်မှုကြောင့် ရွာသား ၁၀ ဦးသေ၊ ၂၃ ဦး ဒဏ်ရာရ

ယနေ့ (နိုဝင်ဘာ ၁၆) တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ၁၃ ဦးခန့် သေဆုံးပြီး ၂၃ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မွန်းတည့်ချိန်မှ စတင်၍ မောင်တောမြို့နယ်၊ ကျောက်တော်မြို့နယ်တို့တွင် အခြေစိုက်သော စစ်ကောင်စီတပ်စခန်းများမှ ပစ်ခတ်ခြင်း ဖြစ်သည်။ 

ထိုသို့ ပစ်ခတ်ချိန် ရက္ခိုင့်တပ်တော် (AA) တပ်သားများ ထိုရွာများတွင် ရှိမရှိ မသိရသေးပေ။

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း – ဂုပ္ပီကျော်လမ်းပေါ်ရှိ ဂြစ်ချောင်း (မြို) ကျေးရွာအတွင်း ပေါက်ကွဲမှုမှာ ထိုရွာမှ တစ်မိုင်ခွဲခန့်အကွာရှိ စစ်ကောင်စီတပ်ကြိမ်ချောင်းဗျူဟာဘက်မှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ရပ်မိရပ်ဖအမျိုးသားတစ်ဦးက ပြောသည်။  

“လက်နက်ကြီးကျည် ၃ လုံး ရွာထဲကို ကျပြီးတော့ လူတွေသေတာ ဒဏ်ရာရတာ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ အခု ရွာမှာမရှိဘူး၊ ခရီးလွန်နေတယ်။ ရွာကလူတွေက ပြောလို့ သိရတာပါ။ သေဆုံး ဒဏ်ရာရ လူစာရင်း အတိအကျတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

 ရွာခံ ၁၀ ဦးခန့် သေဆုံးနိုင်ပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားသည် ကြားသိရကြောင်း ၎င်းက ပြောပြသည်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်နေရသည်ဟု ၎င်းကျေးရွာမှ ရပ်မိရပ်ဖနောက်တစ်ဦးက ဆိုသည်။

“သေဆုံးသွားတာ ၈ ယောက်၊ ၉ ယောက်လောက်ရှိမယ်။ ဒဏ်ရာရတာက အများကြီးရှိတယ်။ အခု ကျွန်တော်တို့ ရွာထဲကို ဝင်လို့မရသေးဘူး” ဟု ၎င်းကျေးရွာသားက ပြောသည်။

အိမ်ခြေ ၆၀ ကျော်ရှိသော အဆိုပါ ဂြစ်ချောင်းကျေးရွာမှ ၎င်းအပါအဝင် ဒေသခံအများစုမှာ ဘေးလွတ်ရာ ထွက်ပြေးနေရသောကြောင့် သေဆုံးသူအရေအတွက် အတိအကျ မသိရသေးပေ။

ကျေးရွာအတွင်းရှိ ဆုတောင်းပွဲကျင်းပနေသည့် နေအိမ်တစ်ခုအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ထိုအနီးဝန်းကျင်က ဒေသခံတစ်ဦးက ပြောသည်။

“ကြိမ်ချောင်း ၂၄ စစ်ဆေးရေးဂိတ်နဲ့ ဗျူဟာကနေ ပစ်တာ။ ရွာကို ပစ်တာ။ အိမ်တစ်အိမ်မှာ ပွဲလုပ်လို့ ထမင်းစားဖို့ သွားတဲ့အခါ အဲဒီအိမ်ကို လက်နက်ကြီးကျလို့ ကလေးပါ၊ လူကြီးပါ သေကြတယ်။ လက်နက်ကြီးက ရွာပြင်မှာလည်း ကျတယ်။ ရွာဘေးက လမ်းမှာလည်း ကျတယ်” ဟု ထိုဒေသခံက ပြောသည်။

ကျောက်တော် ချောင်းတူရွာမှ သေဆုံးခဲ့သည့် အမျိုးသားတစ်ဦးအား ယနေ့ တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

တစ်ပြိုင်နက်တည်းမှာပင် ကျောက်တော်မြို့မှ ၈ မိုင်ခန့်အကွာ အိမ်ခြေ ၂၇၀ ကျော်ရှိသော ချောင်းတူကျေးရွာအတွင်း လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲရာ  ရွာသား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း ရွာခံများက ပြောသည်။

ရွာ၏ မြောက်ဘက် ၁ မိုင်ခန့် အကွာတွင်ရှိသော ကန်စောက်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၃၉ က ပစ်ခတ်ခြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။

“လက်နက်ကြီးပစ်တာက ဒီကန်စောက် ၅၃၉ တပ်က ပစ်တာ။ တိုက်ပွဲဖြစ်သံလည်း မကြားမိဘူး။ ဒီအတိုင်း အလွတ်ပစ်တာ” ဟု အမည်မ‌ဖော်လိုသည့် ဒေသခံတစ်ဦးက  ပြောသည်။

ချောင်းတူကျေးရွာမှ အမျိုးသမီးတစ်ဦးကလည်း ၎င်းတို့ရွာဝန်းကျင်တွင် တိုက်ပွဲမရှိဘဲ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ပြောသည်။

“လက်နက်ကြီးကျတော့  အဲဒီအနား မှာရှိတဲ့ အပင်တွေအားလုံး ပြတ်ပါသွားတယ်။ အိမ်တွေကို အစ လာမှန်တာတွေက ကြောက်ဖို့ကောင်းပါတယ်။ ရေနွေးကြမ်းသောက်နေကြတဲ့ အသက်ကြီးပိုင်းတွေ အဲဒီမှာ ပွဲချင်းပြီး သေသွားတာ” ဟု  သူက  ပြောပြသည်။

ထိုရွာမှ မျက်မြင်သက်သေ အခြားအမျိုးသမီးတစ်ဦးကလည်း အလားတူ ပြောသည်။

“သေသွားတဲ့ လူသုံးယောက်က အတူထိုင်ပြီးတော့ ရေနွေးကြမ်းသောက်နေကြတာ။ အဲဒီအနားမှာ လက်နက်ကြီးကျည်က လာကျတော့ တစ်ခါတည်းသေသွားကြတာ။ လက်နက်ကြီးပစ်တာက ၁၀ ချက် လောက် ပစ်တယ်။ ရွာထဲကို ၃ ချက် ကျတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။

“ရွာနားမှာ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ပထမ လက်နက်ငယ် ၃ ချက် ၄ ချက်ပစ်တယ်။ အဲဒီအချိန် ကျွန်မတို့ ရွာထဲမှာ ရှိနေတုန်း။ လက်နက်ငယ်ပစ်ပြီးတာနဲ့ လက်နက်ကြီးလာတော့တာပဲ။ ရွာကလူတွေအားလုံး ရွာပြင်ကို ထွက်ပြေးရတယ်” 

အသက် ၅၀ အရွယ် ဦးဖြူမောင်၊ ၆၃ နှစ်အရွယ် ဦးဖြူသာထွန်း၊ ၄၈ နှစ်အရွယ် ဦးအောင်ကြီးမောင်တို့ သေဆုံးသွားပြီး ၅၀ အရွယ် မောင်မောင်ဌေး၊ ၅၀ ကျော်အရွယ် ဒေါ်ဝေသာစိန်နှင့် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူ မအေးနုယဉ်တို့ ဒဏ်ရာရရှိသွားကြသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ထိုရွာဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။

ကန်စောက်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၃၉ တပ်ရင်းမှာ စစ်တွေ – ရန်ကုန် ကားလမ်းမပေါ်တွင် ရှိပြီး ချောင်းတူကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် ရှိသည်။ 

ယနေ့ ညနေ  ၃ နာရီဝန်းကျင်က မောင်တောမြောက်ပိုင်း တမန်းသား‌ရွာအနောက်ဘက်တွင်ရှိသော တောင်တန်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အလိုလို နေရင်းထိုင်ရင်း တိုက်ပွဲမဖြစ်လည်း ရဟတ်ယာဉ်နဲ့ လာပြီးတော့ ဗုံးကြဲခဲ့တာ။ ရွာအနောက်ဘက် အရင်က တိုက်ပွဲဖြစ်ခဲ့တဲ့ လက်ပံတောင်ကြောနဲ့လည်း သိပ်မဝေးဘူး။ အဲဒီတောင်တန်းကို ဗုံးနှစ်လုံး ကြဲချတာ မြင်လိုက်ရတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများက လူနေ‌ကျေးရွာများကို ဦးတည်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်နေသလို အရပ်သားပြည်သူ ဒဏ်ရာရသေဆုံးမှုအများအပြား ရှိနေကြသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ တွင် ပုဏ္ဏားကျွန်းအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၅၀ တပ်ရင်းနှင့် စစ်တွေမြို့နယ်၊ ပါဒလိတ်ရွာအနီးတွင်ရှိသော ၂၃၄ တပ်ရင်းတို့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိုင်ဒင်ကျေးရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရသွားသည်။

အလားတူ နိုဝင်ဘာ ၁၂ ကလည်း မင်းပြားမြို့နယ်အတွင်းက တောင်ဖြူတောင်ပေါ်တွင် တပ်စွဲ အထိုင်ချထားသော စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအတွင်း ပေါက်ကွဲပြီး ရွာသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က စစ်ကောင်စီတပ်၏ လုပ်ရပ်ကို ကန့်ကွက်ထားသည်။ 

“လက်နက်ကိုင်တပ်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ပြည်သူကို ဦးတည်တိုက်ခိုက်ဝံ့သော စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ်မှာ အလွန်ပင် သူရဲဘောကြောင်သည့် စက်ဆုပ်ရွံရှာဖွယ်ရာ လုပ်ရပ်ဖြစ်သည်” ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ နိုဝင်ဘာ ၁၁ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button