သတင်း

ကရင်နီဒေသရှိ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်စခန်းတစ်ခု လက်လွှတ်ခဲ့ရ

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ်ရှိ တပ်စခန်းကုန်းတစ်ခုကို ပြီးခဲ့သည့် ရက်ပိုင်းက လက်လွှတ် ဆုံးရှုံးခဲ့ရကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လွိုင်ကော်မြို့မြောက်ဘက်ရှိ အဆိုပါ စခန်းကို နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်က စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်စီးနင်းခဲ့သဖြင့် လက်လွှတ်ခဲ့ရခြင်းဟု PNDF ပြောရေးဆိုခွင့်ရှိသူ ခွန်သီဟထူးဇော်က ပြောသည်။

“အင်အားတော်တော်များတာပေါ့ စခန်းမှာလည်း ကျည်မရှိဘူး အဲဒါ ဘယ်လိုလုပ်ကြမလဲပေါ့။ ချက်ချင်းတော့ မတက်လာသေးဘူး။ သူတို့က အပြန်အလှန်ချိတ်ဆက်ကြတာပေါ့။ ထွက်ပေါက်တွေလိုက်ပိတ်ပေမဲ့လည်း အဲဒီဘက်တစ်ကြောက တောလည်း ထူတော့ ကျွန်တော်တို့ ဆုတ်ခွာလာတယ်” ဟု ၎င်းက ဆိုသည်။

စခန်းသည် တောင်ပေါ်တွင်ရှိခြင်းကြောင့် ပြန်ခုခံလျှင် ရသော်လည်း ကျည်မလုံလောက်ခြင်း၊ စစ်ကောင်စီဘက်က သာလွန်အင်အားဖြင့် ထွက်ပေါက်များကို ပိတ်ဆို့ပြီး အချိန်ယူ ဝင်စီးသည့်အတွက် ခုခံခြင်းမပြုဘဲ ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

စခန်းဝင်မစီးခံရမီ တစ်ရက်အလို နိုဝင်ဘာ ၃ တွင် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို PNDF က မိုင်းထောင်တိုက်ခိုက်ခဲ့သဖြင့် PNDF စခန်းတည်နေရာကို သတိပြုမိသွားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်အသုံးအဆောင်ပစ္စည်းတွေ လက်နက်ခဲယမ်းတွေ ကျွန်တော်တို့ အကုန်ယူလာနိုင်တယ်။ ကျန်တဲ့ ရိက္ခာခြောက်တို့ ယူနီဖောင်းအသစ်တွေ ဘက်တံဆိပ်တွေကတော့ ကျန်ခဲ့တယ်” ဟုလည်း ခွန်သီဟထူးဇော်က ပြောသည်။

စခန်းဝင်စီးခံရပြီး နောက်တစ်နေ့ နိုဝင်ဘာ ၅ တွင် စစ်တပ်က စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

“အဲဒီစခန်းက ရန်သူတွေလည်း ဝင်ထားတော့ ကျွန်တော်တို့ ပြန်ပြီးတော့ထိုင်ဖို့ အနေအထားလည်း မရှိဘူး။ ဒေသခံ မဟာမိတ်အဖွဲ့တွေကိုလည်း ကျွန်တော်တို့ လှမ်းပြောထားတယ် ကျွန်တော်တို့ မရှိတော့ဘူးဆိုတာ” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၁၄ တွင် စခန်း၏ အရှေ့မြောက်ဘက်၌ PNDF ဘက်တံဆိပ်ယူနီဖောင်းဖြင့် အမျိုးသားတစ်ဦးကို မြေမြှုပ်ထားသည်ကို ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် ကရင်နီတပ်ဖွဲ့တစ်ခုက တွေ့ရှိခဲ့ပြီး မည်သူမည်ဝါမှန်း စုံစမ်းမရသေးကြောင်း ခွန်သီဟထူးဇော်က ဆိုသည်။

ရုပ်အလောင်းမှာ သေဆုံးထားသည်မှာ ၂ ရက်ခန့်သာရှိမည်ဟု ခန့်မှန်းရပြီး စခန်းဝင်စီးချိန်က အသတ်ခံရခြင်း မဟုတ်နိုင်ကြောင်း ပြောသည်။

ပအိုဝ်းအမျိုးသား ကာကွယ်ရေးကာကွယ်ရေးတပ်ဖွဲ့ (PNDF) ကို စစ်အာဏာသိမ်းပြီး ၃ လအကြာ ၂၀၂၁ ခုနှစ် မေလတွင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးနှင့် ရွာငံဒေသတို့ရှိ တော်လှန်ရေးအဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထားသည်။

ထို့အပြင် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒွမ်) လည်းရှိပြီး အဆိုပါအဖွဲ့မှာ မြန်မာနိုင်ငံတောင်ပိုင်း ပအိုဝ်းလူမျိုးများ နေထိုင်ရာဒေသတွင် လှုပ်ရှားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button