ဆောင်းပါး

ပိုနေမြဲကျားနေမြဲ ထိုင်းမူဝါဒနှင့် ဒုက္ခသည်တို့ ခိုလှုံရာ မဲဆောက်မြို့

လွန်ခဲ့သည့် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၏ အနောက်ဘက် တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့လယ်ဖြစ်သော ဈေးလမ်းမကြီးတစ်လျှောက် လမ်းလျှောက်လာသည့် မြန်မာပြည်သားလူငယ် အမျိုးသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့ဝင် ၂ ဦးက လက်ဆန့်၍ တားလိုက်ပြီးနောက် နေထိုင်ခွင့်အထောက်အထားစာရွက်များ တောင်းယူစစ်ဆေးလိုက်သည်။ တစ်ဦးမှာ အထောက်အထားစာရွက်စာတမ်းပြနိုင်သော်လည်း ကျန်နှစ်ဦးမှာ မပြနိုင်ပေ။ သို့သော် ထိုင်းရဲများက ထို ၃ ဦးလုံးကို သုံးဘီးဆိုင်ကယ်ပေါ် တက်စေ၍ ခေါ်ဆောင်သွားသည်။ 

ထိုမြင်ကွင်းမှာ မဲဆောက်မြို.တွင် ထူးဆန်းလှသည့် မြင်ကွင်းမဟုတ်ပေ။ ပုံမှန်အတိုင်းဆိုလျှင် ဖမ်းဆီးခံရသူက ထိုင်းဘက်ငွေ ၂,၀၀၀ မှ ၅,၀၀၀ ကြား ရဲစခန်းတွင် လာဘ်ထိုးပါက အလွယ်တကူပြန်လည်လွတ်မြောက်သည်။ ငွေမပေးနိုင်သူများမှာမူ အနည်းဆုံး ရဲစခန်းတွင် ၃၊ ၄ ည ချုပ်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လေ့ရှိသည်။ 

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံနယ်စပ်တွင် တည်ရှိသော မဲဆောက်မြို့သည် မြန်မာပြည်ဘက်ရှိ ကရင်ပြည်နယ် မြဝတီမြို့နှင့် သောင်ရင်းမြစ်သာခြားပြီး ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်နှင့် ၃၀၅ မိုင်ခန့် အကွာတွင်တည်ရှိသည်။ သောင်ရင်းမြစ်မှာ သံလွင်မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည်။  

မဲဆောက်တွင် မြန်မာဘက်မှ ရွှေ့ပြောင်းအခြေချသူ အနည်းဆုံး ၂၀၀,၀၀၀ နီးပါးရှိသည်ဟု သိရှိရပြီး ထိုအနက်မှ ၁၀၀,၀၀၀ ခန့်မှာ မည်သည့်နေထိုင်ခွင့် အထောက်အထားမှမရှိဘဲ နေထိုင်ကြရခြင်းကြောင့် ၎င်းတို့မှာ အကျင့်ပျက်သည့် ဒေသခံရဲများအတွက် ဝင်ငွေတွင်းကြီးဖြစ်သည်။

မြန်မာဘက်မှ ပြောင်းရွှေ့လာသူများအနက် အများစုမှာ သာမန်ရွှေ့ပြောင်းအလုပ်သမားများဖြစ်ပြီး ၎င်းတို့မှာ မဲဆောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ အရောင်းအဝယ်လုပ်ငန်းများနှင့် အလုပ်ကြမ်းအလုပ်အများစုကို လုပ်ကိုင်ကြခြင်းဖြစ်သည်။ ၎င်းတို့၏ အခြေခံလစဉ်ဝင်ငွေမှာ ထိုင်းဘတ်ငွေ ၅,၀၀၀ မှ ၁၀,၀၀၀ နီးပါးရှိကြသည်။ (ယနေ့ငွေလဲနှုန်းအရ ဘတ် ၅၀၀၀ လျှင် မြန်မာငွေ ၄ သိန်းခန့်ရှိသည်) 

ထို့အပြင် မြန်မာနိုင်ငံတွင်း နိုင်ငံရေးမုန်တိုင်းများ တိုက်ခတ်တိုင်း နယ်စပ်မှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်ရသူများသည် မဲဆောက်သို့သာ ဦးတည်ခိုလှုံရသည်မှာ သမိုင်းအဆက်ဆက်ဖြစ်သည်။ 

မြန်မာပြည်တွင် ညအချိန်ဧည့်စာရင်းစစ်ခြင်း၊ လမ်းသွားလမ်းလာတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က တယ်လီဖုန်းတောင်း၍ စစ်ဆေးခြင်းနှင့် မထင်လျှင်မထင်သလို ဖမ်းဆီးခြင်းတို့ ဖြစ်ပေါ်နေသော်လည်း သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ ဤမဲဆောက်မြို့တွင် မြန်မာပြည်သားတို့ တရားမဝင်နေထိုင်သည့် ကိစ္စအတွက် အဖမ်းအဆီးခံရနိုင်သည့်အချက်မှလွဲ၍ အခြားစိုးရိမ်ပူပန်စရာမရှိပေ။

မဲဆောက်တွင် ခိုလှုံနေသော မြန်မာနိုင်ငံသားများ တည်ထားသည့် စေတီတစ်ဆူတွင် မြန်မာနိုင်ငံသားများ သွားရောက်ဖူးမြော်နေပုံ။  (ဓာတ်ပုံ- Getty Images) 

စစ်ကောင်စီကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ပြီး မဲဆောက်ကို လွန်ခဲ့သည့် တစ်နှစ်ခန့်က ထွက်ပြေးလာသူ အသက် ၄၀ ခန့်ရှိ ဒေါ်သန္ဒာမှာ  ဧရာဝတီတိုင်းရှိ အစိုးရအထက်တန်းကျောင်းတွင် ၁၀ နှစ်နီးပါး တာဝန်ထမ်းခဲ့သော သင်္ချာဘာသာပြ ကျောင်းဆရာမတစ်ဦးဖြစ်သည်။ (ဒေါ်သန္ဒာမှာ ၎င်း၏နာမည်ရင်းမဟုတ်ပါ) 

သမီး ၂ ​ဦး သား၊ ၁ ဦးနှင့် အတူ မဲဆောက်တွင် တရားမဝင်နေပြီး မြို့ရှိ မြန်မာကလေးများကို စာသင်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းနေသော ဒေါ်သန္ဒာမှာ ထိုင်းရဲများအဖမ်းမခံရရေးအတွက် လစဉ် ဘတ်ငွေ ၃၀၀ (မြန်မာငွေ နှစ်သောင်းကျပ်ခန့်) ရဲကို လာဘ်ထိုးပြီး နေထိုင်နေသည်။ 

သို့ရာတွင် မဲဆောက်မြို့သည် ၎င်းအတွက် လုံခြုံသည့်ခိုလှုံရာအဖြစ် သူက ယူဆသည်။ “ငါ့ကို အချိန်မရွေးပစ်သတ်နိုင်တဲ့ စစ်ကောင်စီက စစ်သားတွေ၊ ရဲတွေ မရှိဘူးဆိုတဲ့ စိတ်လုံခြုံမှုကတော့ ရှိတယ်၊ ခုလို အသက်အန္တရာယ်ကင်းကင်းနဲ့ ခိုလှုံခွင့်ရနေတာကိုပဲ ဒီနိုင်ငံက တာဝန်ရှိသူတွေကို ကျေးဇူးတင်ရပါတယ်” ဟု ဆရာမက ပြောသည်။

ဒေါ်သန္ဒာနည်းတူ ကိုသက်တို့ လင်မယားနှစ်ဦးမှာလည်း မဲဆောက်ကို ရောက်နေသည့် ဆည်မြောင်းဦးစီးဌာန ပဲခူးတိုင်းရွှေကျင်မြို့မှ စိုက်ပျိုးရေးဌာနအရာရှိများဖြစ်သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည့် အသက် ၄၇ နှစ်အရွယ် ကိုသက်မှာ ဇနီးသည်၊ သမီး ၃ ဦးနှင့်အတူ နောက်ပိုင်းတွင် မြဝတီမြို့သို့ ထွက်ပြေးတိမ်းရှောင်ရင်း လအတန်ကြာ နေခဲ့ရသည်။ သို့သော် ဧည့်စာရင်းစစ်မှုကြောင့် စိုးရိမ်ထိတ်လန့်စွာ နေခဲ့ရသည့်အဖြစ်မှ လွတ်မြောက်ရန် သူသည် မိသားစုနှင့်အတူ မဲဆောက်သို့ ထပ်ဆင့်တိမ်းရှောင်ခဲ့သည်မှာ ၁ နှစ်ခန့် ရှိပြီဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်စဉ်က ယခင်စုဆောင်းငွေ၊ သူစီးခဲ့သည့် ဆိုင်ကယ်ကို ရောင်းချသည့် ငွေတချို့၊ ဆွေမျိုးများ၏ကူငွေတို့ဖြင့် ရပ်တည်ခဲ့သည်။ မဲဆောက်တွင်တော့ သူသည် ကျပန်းအလုပ်မျိုးစုံ လုပ်ပြီး ရှင်သန်ခဲ့ရကာ ယခုအခါတွင် မြန်မာမုန့်များကို ကိုယ်တိုင်လုပ်ပြီး လှည့်လည်ရောင်းချခြင်းဖြင့် အသက်မွေးနေသည်။

“ရောက်ခါစက ဆိတ်ဖူးဥလှီးရတယ်၊ မိသားစု ၅ ယောက်လုံး လှီးတာမှ တစ်နေ့ကို ဘတ် ၁၀၀ လောက်ပဲ ရတယ်။ နေ့တစ်ပိုင်းလောက် ပန်းရံထွက်လုပ်လည်း ဘတ် ၁၀၀ ပဲ ရတယ်။ ဒါပေမဲ့ အလုပ်က ပုံမှန်မရှိဘူး။ မုန့်ဟင်းခါးထွက်ရောင်းတယ်၊ ဒါပေမယ့် အရောင်းမတွင်ဘူး။ အခုတော့ မြန်မာမုန့်တွေလုပ်ပြီးရောင်းတာ တစ်နေ့ကို ဘတ် ၅၀၀ ကနေ ၁၀၀၀ လောက်ထိကျန်တယ်” ဟု ယခင်က ဆည်မြောင်း လက်ထောက်ဦးစီးမှူး ဖြစ်ခဲ့သူ ကိုသက်က ဆိုသည်။

အသက် ၁၅၊ ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ်သမီးတို့မှာ မဲဆောက်ရှိ မြန်မာကျောင်းများတွင် ပညာသင်နေပြီး ကျောင်းမှအပြန်တွင် မုန့်ကူလုပ်ပေးသည်ဟု ကိုသက်ကဆိုသည်။ ကိုသက်တို့ဘဝမှာ ရောက်ခါစထက် ပိုမိုတည်ငြိမ်လာသော်လည်း တရားမဝင်နေထိုင်ရသည့်ဘဝ၊ အနာဂတ်ရှေ့ရေး မရေရာ မသေချာမှုများရှိနေသော်လည်း စစ်ကောင်စီကို တော်လှန်ရေးအတွက် နောက်ထပ်တစ်ရက်အသက်ရှင်နေရခြင်းသည် ကံကောင်းနေခြင်းဟု ကိုသက်ကဆိုသည်။

ကိုသက်တို့ကဲ့သို့ မဲဆောက်ရောက်နေသည့် CDM ဝန်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လစဥ် ဆန်နှင့်ဆီအချို့ ထောက်ပံ့ပေးပြီး လွန်ခဲ့သည့် ၁ လခန့်မှစကာ သူ့တွင် ကလေးများရှိသည့်အတွက် ဘတ်ငွေ ၁,၀၀၀ ပေးသည်ဟု သိရှိရသည်။ 

မဲဆောက်တွင် အဖမ်းဆီးမခံရရေးအတွက် အကျိုးဆောင်ခေါ် ပွဲစားများမှတစ်ဆင့် ထိုင်းရဲကို ၁ ဦးလျှင် အနည်းဆုံး လစဥ် ဘတ် ၃၅၀ ခန့်၊  အမည်၊ အသက်အရွယ်၊ ဓာတ်ပုံ ပေးထားရသည်၊  ရဲက ကတ်ပြားတစ်ခု ထုတ်ထားပေးသည်ဟု ယခုနှစ် ဧပြီ ၈ ရက်နေ့ရက်စွဲတပ် AP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ထိုနောက်ပိုင်းတွင် ကတ်ထုတ်ပေးခြင်း မရှိတော့သော်လည်း ထိုသို့ ပိုက်ဆံပေးရခြင်းကို ရဲကတ်နှင့် နေထိုင်သည်ဟု မြန်မာတို့က ပြောကြသည်။ 

ထိုသတင်း ထွက်ပေါ်ပြီး နောက်တစ်နေ့ ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းသတင်းတစ်ပုဒ်တွင် ထိုင်းရဲတပ်ဖွဲ့က ထိုအချက်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမည်ဟု ပြောဆိုကြောင်း ဖော်ပြထားသည်။

မဲဆောက်တွင် ထိုင်းရဲများက အထောက်အထားမဲ့မြန်မာများကို နေ့စဥ်ဖမ်းဆီးနေကြောင်း သို့ရာတွင် ထိုဖမ်းဆီးမှုများသည် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုကို တိုက်ဖျက်ခြင်းနှင့် မြန်မာများထံမှ ငွေညှစ်လိုခြင်းသည် အဓိကအကြောင်းတရားများဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်သောဖမ်းဆီးမှုများမဟုတ်ကြောင်း မဲဆောက်တွင် ခိုလှုံနေသည့် မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကဆိုသည်။ 

“နေ့စဥ် ရဲကဘယ်လမ်းမှာ အစစ်အဆေးရှိလဲဆိုတာကို ခေါင်းထဲထည့်ထားရတယ်။ အဓိကကတော့ ငွေပဲ။ လိုင်စင်မရှိဘဲ ဆိုင်ကယ်မောင်းနေရင် ဆိုင်ကယ်ပြန်ရရေးအတွက် ဘတ် ၅၀၀၀၊ ကားဆိုရင် ဘတ် ၁၀၀၀၀ ကနေ ၅၀၀၀၀ ထိပေးမှပြန်ရွေးရတယ်။ ဖမ်းခံရပြီဆိုတာနဲ့ ကိုယ့်မိတ်ဆွေတွေဆီဆက်ရတယ်၊ တစ်ချို.လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) အသိတွေကိုဆက်ရတယ်။ ဘယ်လိုပဲဆက်ဆက်ပိုက်ဆံပေးပြီးမှ ပြန်လွှတ်တာပဲ” ဟု ၎င်းက ဆိုသည်။ 

“အားလုံးကတော့ ခပ်ကုပ်ကုပ်နေကြရတာပဲ”

မဲဆောက်မြို့သည် မြန်မာနိုင်ငံမြဝတီမြို့နှင့် သံလွင်မြစ်၏ မြစ်လက်တစ်ခုဖြစ်သော သောင်းရင်းမြစ်သာ ခြားသည်။ မဲဆောက်ဘက် သောင်ရင်းမြစ်ကမ်းတွင် လုံခြုံရေးယူထားသော ထိုင်းစစ်သားများ။ ပုံ- Getty Images 

ပိုနေမဲကျားနေမြဲ ထိုင်းမူဝါဒ 

ထိုင်းနိုင်ငံသည် ၁၉၆၂ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းမှုနောက် ဝန်ကြီးချုပ်ဟောင်း ဦးနု ဦးဆောင်ပြီး ဗိုလ်နေဝင်းစစ်အုပ်စုကို တော်လှန်ခဲ့သည့် ပါလီမန် ဒီမိုကရေစီ ပါတီနှင့် ပြည်ချစ် တပ်မတော် (PDP) တပ်ဖွဲ့ဝင်ဟောင်းတို့ ခိုလှုံရာ၊ ကရင့်တော်လှန်ရေး ခေါင်းဆောင်များခိုလှုံရာနှင့် ၁၉၈၈ အရေးတော်ပုံအတွင်း ရောက်ရှိလာကြသည့် နိုင်ငံရေးသမားများနှင့် တော်လှန်ရေးသမားများခိုလှုံရာဖြစ်ခဲ့သည်။ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွင် စစ်မီးများတောင်လောက်ခဲ့စဥ်ကလည်း ဒေသခံဒုက္ခသည်များ ထိုင်းဘက်သို့ သိန်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်ရသည်။ 

ခေတ်သစ်အာဏာရှင် မင်းအောင်လှိုင်က ၂၀၂၀ အာဏာသိမ်းပြီးနောက်တွင် တာ့ခ်ခရိုင် မဲဆောက်မြို့လေးသည် အလုံးအရင်းနှင့် အသစ်ရောက်လာသည့် မြန်မာ့ဧည့်သည်တို့ ထပ်မံခိုလှုံရာနေရာ ဖြစ်လာပြန်သည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်တိုင်း ထိုင်းဘက်သို့ ဒုက္ခသည်များရောက်ရှိသည်မှာ ရာစုနှစ်နှင့်ချီသော သမိုင်းကြောင်းရှိသည်။ မျက်မှောက်ခေတ် မြန်မာပြည်အောက်ပိုင်းဖြစ်သော ဟံသာဝတီပဲခူး၊ မုတ္တမ၊ ပုသိမ်ဒေသတို့ကိုကြီးစိုးခဲ့သော မွန်တို့နှင့် မြန်မာပြည်အလယ်ပိုင်း ဗမာတို့စစ်ဖြစ်ကြရာတွင် များစွာသောမွန်တို့သည် တနင်္သာရီရိုးမတောင်တန်းများကို ဖြတ်၍ ဘန်ကောက်၊ ထုံဘူရီနှင့် အယုဒ္ဓယမြို့များသို့ ခိုလှုံခဲ့ကြသည်။ 

၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် တိုင်းရင်းသားလက်နက်ကိုင်များကို နယ်စပ်တွင်လှုပ်ရှားခွင့်ပေးပြီး မြန်မာနိုင်ငံကို မဟာဗျူဟာမြောက် ကြားခံကန့်ထားမည်ဆိုသော မူကို ဆယ်စုနှစ်ပေါင်းများစွာ ထိုင်းကကိုင်ဆွဲခဲ့ကြောင်း၊ သို့ရာတွင် ၁၉၈၀ ပြည့်နှစ်များမှစ၍ ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ နယ်စပ်ထိတွေ့မှုမူဝါဒသည် ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ လမ်းတံတားများတည်ဆောက်ပြီး အထူးစီးပွားရေးဇုန်များ တည်ဆောက်မည်ဆိုသောမူသို့ ပြောင်းလဲလာခဲ့သည်ဟု စင်္ကာပူနိုင်ငံ Yosuf Ishak တက္ကသိုလ်၏ မြန်မာအရေးလေ့လာသူ စူအန်အိုက မကြာသေးမီက ဆောင်းပါးရေးသားခဲ့သည်။ 

ထိုသို့ပြောင်းလဲသည့်မူ၏ အစိတ်အပိုင်းအဖြစ် ၂၀၁၄ ခုနှစ်၌ မဲဆောက်တွင် ထိုင်းက အထူးစီးပွားရေးဇုန်တစ်ခု စတင်ခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံစစ်တပ် ၂ တပ်သည်လည်း နိုင်ငံရေးတွင် ဝင်ရောက်ချယ်လှယ်သည့် တူညီသော သမိုင်းကြောင်းရှိကာ နွေးထွးသည့် ဆက်ဆံရေးရှိကြသည်။

 စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ထိုင်းဝန်ကြီးချုပ်ပရာယုတို့မှာ နီးစပ်သောဆက်ဆံရေးရှိကြသည်။ ပုံ- Getty Images 

၂၀၂၁ အာဏာသိမ်းပြီးနောက် မြန်မာပြည် မြို့ကြီးများမှ ထွက်ပြေးလာသူများရှိသကဲ့သို့  ကရင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲများဖြစ်သောကြောင့် ဒေသခံများ ရာထောင်ချီ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မဲဆောက်နှင့် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် မြန်မာဘက်မှ ဒုက္ခသည် ၈၀,၀၀၀ ခန့် ၂၀၁၀ မတိုင်မီကတည်းကရှိနေပြီး ယခုအာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်မှ ထွက်ပြေးလာသူများမှာ ၁၇,၀၀၀ ခန့်ရှိကြောင်း ကမ္ဘာ့ကုလသမ္မဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်များအရသိရှိရသည်။

NUG၊ PDF နှင့် CDM  များကိုစစ်ကောင်စီက အကြမ်းဖက်သမားများဟု မကြာခဏ တံဆိပ်ကပ်ပြီး၊  ထိုင်းနယ်စပ်တွင် ခိုလှုံနေသော မြန်မာနိုင်ငံသား ထိုအကြမ်းဖက်သမားများကို ဖမ်းဆီးပေးရန် စစ်ကောင်စီရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က လွန်ခဲ့သည့်လတွင် ဘန်ကောက်မြို့၌ ထိုင်းနိုင်ငံအာဏာပိုင်များနှင့် တွေ့ဆုံ တောင်းဆိုခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မဲဆောက်ရှိ ကရင်ဒုက္ခသည်စခန်းတစ်ခု။ ပုံ- Getty Images 

အနောက်ဒီမိုကရေစီနိုင်ငံများနှင့် နီးကပ်သောဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို မသိမသာနေထိုင်ခွင့်ပေးထားသော်လည်း အခြားတစ်ဘက်တွင်တော့ မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကို ထိမ်းသိမ်းရမည်ဆိုသောမူကို ကိုင်ဆွဲထားသည်။ ထိုကဲ့သို့ပြုမှသာလျှင် ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် သံတမန်ဆိုင်ရာ ဆက်ဆံရေးများကို ကာကွယ်နိုင်မည်ဟု ထိုင်းတို့က ခံယူထားသည်။ 

“မဲဆောက်မှာတော့ တတ်နိုင်သမျှ ထင်ထင်ရှားရှားမနေရင်ပြီးတာပဲ၊ ကိုယ်တွေရှိတယ်ဆိုတာ ထိုင်းကလည်းသိတာပဲ” ဟု မဲဆောက်တွင် လက်ရှိနေထိုင်နေသည့် NUG ထိပ်တန်းတာဝန်ရှိသူ တစ်ဦးကဆိုသည်။

မဲဆောက်မြို့ မြင်ကွင်းတစ်နေရာ။ ပုံ- Myanmar Now

ဘီလျံချီထိုင်းပို့ကုန်များ 

ကမ္ဘာ့ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ကုန် ပမာဏသည် ယမန်နှစ်က ဒေါ်လာ သန်း ၄,၀၀၀ ကျော် ပမာဏရှိသည်။ ပို့ကုန်များအနက် လောင်စာဆီနှင့် စားသုံးဆီသည် ဒေါ်လာ သန်း ၅၅၀ ကျော်တန်ဖိုးရှိကာ၊ လျှပ်စစ်ပစ္စည်းများနှင့် အီလက်ထရောနစ်ပစ္စည်းများသည် ဒေါ်လာသန်း ၃၆၆ ကျော်ဖိုးရှိသည်။ 

ထို့အပြင် စားသောက်ကုန်များ၊ အချိုရည်ဘူများနှင့် ပလတ်စတစ်ပစ္စည်း အမျိုးမျိုးတင်ပို့မှုသည်လည်း ကုန်သွယ်မှုတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်သည်။ မြန်မာဘက်ကလည်း ထိုင်းနိုင်ငံသို့ လယ်ယာထွက်ကုန်များ၊ နွားနှင့် မွေးမြူရေးတိရစ္ဆာန်များတင်ပို့ခဲ့ရာ ကုန်သွယ်မှုပမာဏသည် ယမန်နှစ်က ကန်တန်ဖိုး သန်း ၃,၀၀၀ ကျော်ရှိခဲ့သည်။ 

ထိုကဲ့သို့ ထိုင်းနှင့် မြန်မာ ကုန်သွယ်ရာတွင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ နယ်စပ်မြို့များအနက် မဲဆောက်မြို့သည် ကုန်သွယ်မှုပမာဏအားလုံး၏ ၇၀ ရာခိုင်နှုန်း ဖြတ်သန်းရာဖြစ်သည်။

စစ်တပ်အာဏာမသိမ်းမီ ကာလများတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းတင်သွင်းသည့် ကုန်ကားများ တစ်ရက်လျင် အစီးရေ ၄၀၀ ကျော်ရှိခဲ့သည်။ အာဏာသိမ်းယူမှုအပြီး ၂၁ လ ကြာမြင့်လာသည့်အချိန်တွင် ထိုင်းမှ မြန်မာသို့ ပို့ကုန်တင်သွင်းလာသည့်ကုန်ကားများ တစ်နေ့လျင် အစီးရေ ၉၀ ဝန်းကျင်သာရှိတော့ကြောင်း နယ်စပ်ကုန်သည်များက ဆိုကြသည်။ 

“အခုက တိုက်ပွဲတွေလည်း မကြာမကြာဖြစ်လာတော့ ကုန်ကားတွေ တစ်နေ့အစီးရေ ၈၀ ကျော် ၉၀ နီးပါးပဲ သွားနိုင်တော့တယ်။ မြန်မာပြည်မှာ ထိုင်းပစ္စည်းတွေ နည်းပါးလာတာ သိသိသာသာပဲ။ ကုန်ည်တွေလည်း အတော်လေး နစ်နာကြတယ်” ဟု ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။ 

လွန်ခဲ့သည့် ၂ နှစ်နီးပါးအချိန်က ထိုင်းဘတ်ငွေ ၁ ဘတ်လျင် မြန်မာကျပ်ငွေ ၄၆ ကျပ် ဝန်းကျင်ရှိခဲ့သော်လည်း ယနေ့ပေါက်ဈေးမှာ ထိုင်း ၁ ဘတ်လျင် ၇၉ ကျပ်အထိ တန်ဖိုးကျဆင်းလာပြီဖြစ်သည်။ မြန်မာငွေ တစ်သိန်းပေးလျင် လွန်ခဲ့သည့်နှစ်နှစ်က ဘတ် ၂၄၀၀ ကျော်ရရှိခဲ့သော်လည်း ယခု ၁၂၅၀ ဘတ် ဝန်းကျင်သာ ရရှိတော့မည်ဖြစ်သည်။

မဲဆောက်မြို့တစ်နေရာ။ ပုံ- Myanmar Now

မဲဆောက်ရှိ ရော်ဘင်ဆန်ဈေးဝယ်စင်တာအနီးတွင် ယခင်က ထိုင်းစားသောက်ဆိုင် အချို့သာရှိခဲ့သော်လည်း ညနေခင်းရောက်လျင် မြန်မာသီချင်းသံများကြားရမည့် မြန်မာစားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ယခုရက်ပိုင်း တွေ့မြင်လာရပြီဖြစ်သည်။

ရော်ဘင်ဆန်ဈေးဝယ်စင်တာရှေ့က လမ်းမကြီးဘေးတွင် လွန်ခဲ့သည့်တစ်လအတွင်းကမှ ဖွင့်လှစ်လာသည့် မြန်မာစားသောက်ဆိုင်အရေအတွက်မှာ ၅ ဆိုင်ဝန်းကျင်ထိရှိလာသည်။

“ဒီကိုရောက်စမှာ အစားအသောက်အရမ်းခက်တယ်။ မြန်မာနဲ့က ဖင်ချင်းပေါက်နေတဲ့ နိုင်ငံဆိုပေမဲ့ မြန်မာပြည်က တကယ့်ဒေသထွက် အစားအသောက်က ဒီမှာရှားတယ်။ အခု မြန်မာဆိုင်တွေ အရမ်းများလာတာ အဆင်ပြေတယ်။ ဒီကိုရောက်ပြီးမှ အဓိကအခက်အခဲဖြစ်တာ မနက်စာပဲ” ဟု မဲဆောက်ရှိ CDM ကျောင်းဆရာမ ဒေါ်သူဇာ* ကဆိုသည်။ 

မဲဆောက်လူမှုပတ်ဝန်းကျင်တွင် မြန်မာနိုင်ငံသား အရေအတွက် ပိုမို များပြားသည့်အတွက် ဆိုင်များတွင် မြန်မာဘာသာဖြင့်ရေးသားထားသော ဆိုင်းဘုတ်များရှိပြီး၊ မြန်မာပြည်မှာကဲ့သို့ ပုဆိုးထမီများလည်း ဝတ်ဆင်ကြသည်။ တချို့သော ထိုင်းများလည်း မြန်မာစကား တတ်ကြသည်။ 

မြန်မာတို့နှင့် ထိတွေ့ဆက်ဆံရသူတို့က မြန်မာစကား သင်ထားရသည်ဟု မဲဆောက်မြို့၊ ဆမ်ဘူးတန်းရပ်ကွက်မှ ထိုင်းအမျိုးသမီးတစ်ဦးက ပြောသည်။

“မြန်မာပြည်ကသူတွေများလာတော့ ဈေးလည်းပိုရောင်းလာရတယ်၊ သူတို့ ထိုင်းလိုပြောမတတ်တော့ ကိုယ်ကပဲ မြန်မာလို ပြောသင်ထားရတယ်၊ ဈေးပိုရောင်းရတော့ ပျော်တာပေါ့” ဟု သူက ပြောသည်။

မကျန်းမာရင် မယ်တော်ဆေးခန်းသွား 

ရွှေ့ပြောင်းခိုလှုံလာကြရသည့် မြန်မာနိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်များကို ထမ်းပေးနေရသည့် လူမှုအကျိုးပြုလုပ်ငန်းများလည်း တာ့ခ်ခရိုင်အတွင်းများစွာရှိနေသည်။

ထင်ရှားသောသူတစ်ဦးဖြစ်သည့်   ဒေါက်တာစင်သီယာမောင်သည်  ၁၉၈၉ ခုနှစ်တွင် မဲဆောက်မြို့လေယာဥ်ကွင်းအနီး ဆေးခန်းတစ်ခု တည်ထောင်ခဲ့သူဖြစ်သည်။   ထိုကာလ စစ်တပ်ကို ပြန်လည်ခုခံရန် နယ်စပ်ဒေသတွင် စစ်ပညာသင်ယူသူ၊ ခိုလှုံနေသူ အများစုမှာ ကျောင်းသားလူငယ်များ ဖြစ်သောကြောင့်  သူ၏ဆေးခန်းကို ကျောင်းသားဆေးခန်းဟု ခေါ်ဆိုကြသည်၊ မယ်တော်အရပ်တွင် တည်ရှိသောကြောင့်  မယ်တော်ဆေးခန်းဟုလည်း ခေါ်ကြသည်။  ယခုအခါ  နယ်စပ်အခြေအနေကြောင့် ဆေးခန်းကို အားကိုးနေရသည့် လူနာတချို့ အခက်အခဲတချို့နှင့် ရင်ဆိုင်နေရသည်ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။

“မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် မယ်တော်ဆေးခန်းအနေနဲ့ ခုခံအားကျဆင်းစေတဲ့ HIV လူ နာ ၃၀၀ လောက်အတွက် ဆေးဝါးအလုံအလောက်ရရှိဖို့က စိန်ခေါ်ချက်ဖြစ်လာတယ်။ ဒီကိစ္စတွေမဖြစ်ခင်ကတော့ မြဝတီကဆေးရုံနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်ရတာတွေ ရှိခဲ့တဲ့အတွက် လူနာတွေအတွက် အဆင်ပြေခဲ့တယ်။ အခု အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ကိုရောက်ရှိ လာကြတဲ့သူတွေထဲက ဒီလိုလူနာတွေအတွက် ဆေးဝါးအလုံအလောက်ရရှိဖို့ ခက်လာတယ်” ဟု သူက ဆိုသည်။

ကိုဗစ်ကပ်ရောဂါ ဖြစ်နေသည့်ကြားမှ စစ်တပ်အာဏာသိမ်းလိုက်သဖြင့် အုပ်ထိန်းသူများနှင့်အတူ ထိုင်း−မြန်မာ နယ်စပ်တစ်လျှောက်သို့ ရောက်ရှိလာကြသည့် ကလေးသူငယ်များတွင် ကာကွယ်ဆေး မထိုးနှံနိုင်သော ကလေးများစွာကျန်ရှိနေသေးကြောင်းလည်း ဒေါက်တာစင်သီယာမောင်က ပြောသည်။

များပြားလာသည့် လူဦးရေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလည်း ပိုမိုလိုအပ်လာကာ ဝန်ထမ်းလိုအပ်ချက်လည်း ရှိနေသည်ဟုလည်း ဒေါက်တာစင်သီယာမောင်က ဆိုသည်။

“ခုလို မြန်မာပြည်သားတွေလည်း တိုးတက်လာတဲ့အနေအထားမှာ ရှိနေပြီးသားသူတွေက ကိုယ့်ရပ်ကိုယ့်ရွာဖွံ့ဖြိုးဖို့အတွက် ရပ်ကွက်တွင်း ဘာသာစကား ကူညီပေးမှုအပိုင်းပဲဖြစ်ဖြစ် စေတနာ့ဝန်ထမ်းမျိုးတွေ လုပ်ပေးလာနိုင်ရင်တော့ ပိုပြီးကောင်းပါမယ်။ ထိုင်းအစိုးရကလည်း စေတနာ့ဝန်ထမ်းတွေ ထွက်ပေါ်လာတာကို အားပေးတယ်” ဟု ပြောသည်။

တာ့ခ်ခရိုင်အတွင်း ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သည့် မြန်မာပြည်သားတို့၏ ကလေးငယ်များ၏ပညာရေးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် ကျောင်းပေါင်း ၆၆ ကျောင်း  ရှိနေသည်။

စစ်တပ် အာဏာသိမ်းမှုကြောင့် မိဘအုပ်ထိန်းသူများနှင့် တာ့ခ်ခရိုင်အတွင်းသို့ ရောက်ရှိလာကြသည့် ကျောင်းနေအရွယ်ကလေးများ၏ ပညာသင်ကြားခွင့်ကို ဤဒေသရှိ ရွှေ့ပြောင်းပညာရေး အစဉ်တစိုက်လုပ်ကိုင်လာကြသည့်အဖွဲ့အစည်းများက ကူညီပေးနေသည်။

ထိုအထဲတွင် မယ်တော်ဆေးခန်း၏ အုပ်ချုပ်မှုအောက်တွင်ရှိသော Children’s Development Center (CDC)နှင့်  Hsa Thoo Lei အထက်တန်းကျောင်း၊ သွေးသစ်ကျောင်း အစရှိသည့် ကျောင်းများလည်း ပါဝင်သည်။

မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းကလေးငယ်များအတွက် ဖွင့်လှစ်ထားသော စာသင်ကျောင်း။ (ပုံ- Myanmar Now) 

CDC ကျောင်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ကျောင်းအုပ် မန်းရွှေနှင်းက ဒေသတွင်း အာဏာပိုင်တို့သည် ရွှေ့ပြောင်းနေထိုင်သူမြန်မာကလေးငယ်တို့၏ပညာရေးအတွက် လုပ်ဆောင်နေခြင်းကို ခွင့်ပြုထားသည်ဟု  ဆိုသည်။

“တရားဝင်ကျောင်းတွေမဟုတ်ပေမဲ့ ထိုင်းအစိုးရရဲ့ နားလည်ပေးမှုနဲ့ ဒီရွှေ့ပြောင်းပညာရေးမှာ ပေါင်းကူးသင်ကြားရေးကို သင်ပေးနိုင်ခွင့်ရနေတာပါ။ တိုင်းတပါးကို အခက်အခဲတွေနဲ့ ရောက်လာကြရတဲ့ ကိုယ့်တိုင်းရင်းသား၊ နိုင်ငံသားတွေရဲ့ ဒုက္ခတွေကိုကူဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ ခုလက်ရှိလည်း အခြေအနေမျိုးမျိုးကြောင့် ဒီကိုရောက်လာပြီး စာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ ကလေးတွေ စာသင်ကြားနိုင်အောင် ဝိုင်းကူပေးနေကြတာပါ” ဟု CDC ကျောင်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ကျောင်းအုပ် မန်းရွှေနှင်းက ဆိုသည်။

မဲဆောက်မြို့တွင်းရှိ ရွှေ့ပြောင်းကျောင်းများတွင် ကိုဗစ် – ၁၉ ရောဂါထိန်းချုပ်ရန်နှင့် မြန်မာပြည်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြရသည့် ကလေးအရေအတွက် အလွန်များပြားမှုတို့ကြောင့် ကျောင်းသားများမှာ ရက်ခွဲပြီး အလှည့်ကျ ကျောင်းတက်ကြရသည်။  ၂၀၂၁ ခုနှစ် မြန်မာပြည်နိုင်ငံရေးအကျပ်အတည်းကာလတွင် ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိလာပြီး တာ့ခ်ခရိုင်အတွင်း ပညာသင်ကြားနေသော ကျောင်းသားဦးရေမှာ ၁၀,၀၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်သည်။

ယမန်နှစ်က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဘန်ကောက်ရှိ ကုလသမဂ္ဂရုံး အဆောက်အအုံတစ်ခုရှေ့တွင် စုဝေးပြီး မြန်မာစစ်ကောင်စီကို ဆန္ဒပြခဲ့ကြသည်။ ပုံ- Getty Images

တတိယနိုင်ငံအိပ်မက်

၂၀၂၀ အာဏာသိမ်းမှုအပြီး ကမ္ဘာ့ကုလသမဂ္ဂနှင့် ဘန်ကောက်ရှိ သံရုံးတချို့၏ အစီအစဉ်ဖြင့် အမေရိကန်၊ သြစတြေးလျ၊ ပြင်သစ်နှင့် အခြားတတိယနိုင်ငံများသို့ ထွက်ခွာသွားကြသူများ အများအပြားရှိခဲ့သည့်အပြင် ဆက်လက်ထွက်ခွာရန် အတည်ပြုချက်ရပြီး စောင့်ဆိုင်းနေကြသူ အများအပြား ရှိသည်။ ထို့အပြင် ထိုအစီအစဥ်တွင် ပါဝင်ခွင့်ရရေးအတွက် မရေမရာနှင့် ကြိုးစားစုံစမ်းနေသူလည်း များစွာ ရှိနေသည်။ 

နွေဦးတော်လှန်ရေးကာလအတွင်း ဤနယ်စပ်မြို့သို့ရောက်ရှိလာပြီးမှ မွေးဖွားလာခဲ့သော ကလေးများအတွက်  ထိုင်းအစိုးရက  မွေးစာရင်း ထုတ်ပေးသည်ဟု မဲဆောက်တွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ် မိခင်တစ်ဦးက ပြောသည်။

“ဒီကိုရောက်လာတော့မှ မွေးတဲ့ကလေးဖြစ်နေတော့ လောလောဆယ် နိုင်ငံမဲ့နေတဲ့သဘောပေါ့။ သားအကြီးလေးကလည်း မိဘနဲ့အတူသာ လိုက်လာရတယ်။ တရားမဝင်နေထိုင်နေရတဲ့ ကလေးတစ်ဦးဖြစ်နေတာပေါ့။ ဒီမှာမွေးတဲ့ကလေးတွေကျ ထိုင်းအစိုးရက မွေးစာရင်း ထုတ်ပေးပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေတွေက ရှိနေပြီးသားဖြစ်နေတော့ ဒီမှာမွေးတိုင်း ဒီနိုင်ငံသားဘယ်ဖြစ်မလဲ” ဟု သူက ပြောပြသည်။

မွေးဖွားသည့်အချိန်မှစတင်၍ သော်လည်းကောင်း၊ မွေးဖွားပြီးမှ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာရ၍သော်လည်းကောင်း နိုင်ငံမဲ့ဖြစ်နေသည့် ရွှေ့ပြောင်းလူထုတစ်ရပ်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်စုခန့်ကတည်းရှိနေသည့် ထိုင်းနိုင်ငံအတွင်း နယ်စပ်ဒုက္ခသည်စခန်းများမှ ကလေးများပင်ဖြစ်သည်။

တိုက်ပွဲများကြောင့် မဲဆောက်ဘက်သို့ ယခုနှစ်ဆန်းပိုင်းက ထွက်ပြေးရသည့် ကရင်အမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံဘက် သောင်ရင်းမြစ်ကမ်းပါးတွင် တွေ့ရပုံ။ ပုံ-Getty Images 

တာ့ခ်ခရိုင်၊ မဲဆောက်နှင့် မဝေးသည့် အုန်းဖျံဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသားတစ်ဦးက ၎င်းတို့ နေရပ်ရင်းမပြန်နိုင်သေးသလို စခန်းတွင် သောင်တင်နေသည်မှာ ကာလကြာရှည်လွန်းပြီဟု ဆိုသည်။

“စစ်တပ်အာဏာသိမ်းလို့ အခက်အခဲမျိုးစုံနဲ့ ဒီကိုရောက်လာကြရတဲ့ ကလေးတွေလိုပဲ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းက ကလေးတွေဟာ ဟိုးအရင်ကတည်းက နိုင်ငံမဲ့လာကြရတာပါ။ အခုကလေးတွေအချို့ကတော့ အချိန်တိုအတွင်း တတိယနိုင်ငံဆိုတာကို ရောက်သွားကြပေမဲ့ တတိယနိုင်ငံသွားနိုင်ငံသွားဖို့ ဆယ်စုနှစ်တစ်စုကျော်အထိ ဒုက္ခသည်စခန်းမှာ စောင့်နေရတဲ့ တိုင်းရင်းသားတွေဟာလည်း မနည်းပါဘူး” ဟု သူက ဆိုသည်။

ကိုသက်တို့အပြင် CDM လုပ်ပြီး မဲဆောက်ရောက်လာသူ ဝန်ထမ်းအများစုမှာ မကျွမ်းကျင်သည့် နယ်မြေအသစ်တစ်ခုတွင် ဝင်ငွေရရှိရန်အတွက် အလုပ်အကိုင်ရှာဖွေရန် ခက်ခဲခြင်း၊ သွားရေးလာရေး အခက်အခဲများရှိခြင်း၊ ပုံမှန်ဝင်ငွေတစ်ခုရှိမနေတော့ခြင်း စသည့်အ အခက်အခဲများဖြစ်နေသည်။

“ကိုယ်က စာပဲသင်ခဲ့တာဆိုတော့ စာပဲသင်တတ်တယ်။ ဒီမှာ အပြင်လည်း သိပ်မထွက်ရဲတာကြောင့် ဈေးရောင်းဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အခြေအနေက ဈေးတစ်ခုခုရောင်းမှ အဆင်ပြေတော့မယ့် အနေအထားဖြစ်နေပြီ။ မရှိတဲ့ပြည်သူတွေကပဲ ပြန်ထောက်ပံ့နေရတာကို မယူချင်တော့ဘူး” ဟု အခြေခံပညာအထက်တန်းအဆင့်တွင် နှစ် ၂၀ ကြာ ပညာသင်ကြားပေးခဲ့ဖူးသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ ရောက်ရှိလာသည့် ဆရာမတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်အုပ်ချုပ်မှုအောက်တွင် အလုပ်မလုပ်လိုသည့် မြောက်များစွာသော CDM ဝန်ထမ်းများကို အမျိုးညီညွတ်ရေးအစိုးရ (NUG) က လစဉ်ထောက်ပံ့ငွေကြေး ပေးနေသည်ဟုဆိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယင်းထောက်ပံ့မှုကို တစ်ကြိမ်တစ်ခါမျှ မရရှိဖူးသည့် ဝန်ထမ်းများလည်း မဲဆောက်မြို့တွင် အခက်အခဲများရင်ဆိုင်ရင်း နေ့စဉ်ဘဝကို ဖြတ်သန်းနေရသည်။

“ခု ဈေးထည်လေးတွေ ချုပ်နေတယ်။ တစ်ထည်မှ ၅ ဘတ်ရတာ။ တစ်နေ့ ၁၀ ထည်ကနေ အထည် ၂၀ လောက်တော့ ချုပ်လို့ရတယ်။ အမြဲတော့ မချုပ်ရပါဘူး။ NUG က ထောက်ပံ့တာမရဘူး။ ဒါပေမဲ့ အဖွဲ့အစည်းတစ်ခုက ဆန်လေးနည်းနည်း၊ ငါးသေတ္တာ အစားအသောက်လေး နည်းနည်း ထောက်ပံ့တာတော့ ရတယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကူအညီဖြင့် လုံခြုံသည့်နေရာတစ်ခုတွင်ရှိနေသော ပညာရေးဦးစီးဌာနမှ ရုံးလုပ်ငန်းပိုင်းလုပ်ကိုင်ခဲ့သည့် အသက် ၂၅ နှစ်အရွယ် CDM အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုင်းအစိုးရက  မဲဆောက်မြို့အပါအဝင် တာ့ခ်ခရိုင်အတွင်းရှိ များပြားလာသည့် မြန်မာနိုင်ငံသားများကို တစ်ဦးမကျန် နေရပ်ပြန်လည်စေလွှတ်သည့် အခြေအနေတစ်ရပ် ၁၉၉၉ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သေးသည်ဟု မဲဆောက်မြို့တွင် ဆယ်စုနှစ်ချီနေထိုင်လျက်ရှိသည့် ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏  ရဲဘော်ဟောင်း ဦးလွမ်းဏီက ဆိုသည်။

မဲဆောက်မြို့တစ်နေရာ။ ပုံ- Myanmar Now

သို့သော် နယ်စပ်စီးပွားရေးကျဆင်းမည်ကိုစိုးရိမ်သည့် ထိုင်းနိုင်ငံသားများ၏ ဆန္ဒပြမှုများကြောင့် ထိုင်းအစိုးရအစီအစဉ်ကို ဖျက်သိမ်းလိုက်ရပြီး ရွှေ့ပြောင်းအလုပ်သမားများ ရှိနေခြင်းကလည်း ထိုင်းနိုင်ငံနယ်စပ်မြို့ မဲဆောက်ကို အထောက်အပံ့ကောင်း တစ်ခု ဖြစ်စေခဲ့သည်။

“မဲဆောက်ဟာ ဆယ်စုနှစ် နှစ်စုလောက်အထိ ချမ်းသာခဲ့ပြီးပြီ။ ဘာလို့လဲဆိုတော့ ဒီ ထိုင်း-မြန်မာနယ်စပ်ကို အကြောင်းအမျိုးမျိုးနဲ့ရောက်လာကြတဲ့ ရွှေ့ပြောင်းမြန်မာပြည်သားတွေကြောင့် စီးပွားရေးပိုင်း တက်ခဲ့တာမျိုးရှိခဲ့တယ်။ နယ်စပ်ဖြစ်နေတော့ သူတို့အတွက်ပိုပြီး အကျိုးအမြတ်ရတာပေါ့” ဟု ဦးလွမ်းဏီက ဆိုသည်။

မဲဆောက်မြို့တွင်  မြန်မာများပြားသဖြင့် လက်ဖက်ရည်ဆိုင်အများအပြား ရှိလာရာ တိမ်းရှောင်လာကြသည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ဌာနအသီးသီးမှ CDM ဝန်ထမ်းများအတွက် လုံခြုံသည့်နေရာ၊ စိတ်သက်သာမှုကို ခေတ္တပေးစွမ်းနိုင်သည်။ သို့သော် သောင်ရင်းမြစ် တစ်ဘက်ကမ်းမှ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် သောကရောက်နေကြရသေးသည်ဟု ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ကရင်တိုင်းရင်းသူတစ်ဦးက ဆိုသည်။

“မဲဆောက်မြို့ကနေ ညဘက်ဆို လက်နက်ကြီးသံတွေ အမြဲလိုလိုကြားရတယ်။ ဒီဘက်မှာ လုံခြုံနေပေမဲ့ တစ်ဖက်ခြမ်းက စစ်ရှောင်နေရတဲ့ တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF ရဲဘော်တွေအတွက် စိုးရိမ်နေရသေးရတယ်” ဟု သူက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button