သတင်း

မိုးထိမိုးမိ အမှုတစ်မှုမှ ဦးစိုးထွန်းရှိန်လွတ်၊ MEC နှင့် ပေါင်း၍ ရွှေပြန်တူးမည်ဆို

နိုင်ငံ့ဘဏ္ဍာသို့ ရွှေပိဿာတစ်ထောင်ကျော် ပေးသွင်းရန် ကျန်ရှိမှု၊ ရွှေထုတ်လုပ်မှုရပ်ဆိုင်းထားရန် ညွှန်ကြားချက်ကို မလိုက်နာမှုတို့ဖြင့် အရပ်သားအစိုးရလက်ထက်က အမှု သုံးခုဖြင့် တရားစွဲခံထားရ သည့် ဦးစိုးထွန်းရှိန်ကို စစ်ကောင်စီက အမှုတစ်မှုမှ အပြီးအပြတ်လွှတ်ပေးလိုက်သည်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်း ဧက ခြောက်ထောင်ကျော်ရှိ မိုးထိမိုးမိဒေသ ရွှေလုပ် ကွက်ကို ၂၀၁၁ ကတည်းက လုပ်ကိုင်ခွင့်ရခဲ့သော်လည်း နိုင်ငံသို့ပေးရန် ရွှေကြွေးကျန်များမပေး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက် ၂၀၁၈ တွင် သတ္တုတွင်း ဝန်ကြီး ဌာနက တရားလိုလုပ်ကာ ဖမ်းဆီး တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးစိုးထွန်းရှိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ယခုလ ပထမပတ်အတွင်း ထုတ်ပြန်သည့် စာတစ်စောင်တွင် ထောင် ၁၀နှစ်ချနိုင်သည့် သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) (၁) ဖြင့် ရမည်းသင်းခရိုင် တရားရုံးက ယခုနှစ် မေလအတွင်း အပြီးအပြတ် လွှတ်ပေး လိုက်သည်ဟု ဖော်ပြထားသည်။

သို့သော် ရမည်းသင်း အကျဉ်းထောင်တွင်ရှိနေသော ဦးစိုးထွန်းရှိန်မှာ ထောင် ၇ နှစ်အထိ ချနိုင်သည့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပါ ပုဒ်မ ၃ဖြင့် ခရိုင်တရားရုံး၊ ရွှေ ၁၂၉၃ ပိဿာ ရလိုမှု ဖြင့် မန္တလေးတိုင်းတရား လွှတ်တော်တို့တွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

သို့သော် ကုမ္ပဏီဘက်က အမှုများ မှလွှတ်ပေးရန် စစ်ကောင်စီထံ အသနားခံစာတင်ထားသလို မိုးထိမိုးမိ ရွှေလုပ်ကွက်ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရင်း (MEC)နှင့် အကျိုးတူ လုပ်ဆောင်ရန် စီစဉ်နေသည်။

MEC နှင့်အကြမ်းဖျင်း သဘောတူညီချက်သာရှိသေးပြီး အကျိုးအမြတ် ခွဲဝေမှုဆိုင်ရာ အသေးစိတ်ကို ဆက်လက် ဆွေးနွေးနေဆဲဖြစ်သည်ဟု အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ အကြီးတန်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ကုမ္ပဏီ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင် ၆ ဦး တရားစွဲခံထားရသည့် အမှုဖြစ်စဉ်များ၊ MEC နှင့် ပေါင်း၍ ရွှေဆက်တူးမည့်ကိစ္စ အသေးစိတ်တို့ကို သီးခြားအတည်မပြုနိုင်သေးပေ။

၂၀၁၉ ခုနှစ်တွင် Myanmar Nowက ဖော်ပြခဲ့သည့် မိုးမိမိုးမိ ရွှေလုပ်ကွက်နှင့် ပတ်သက်သော ကိန်းဂဏန်းများ။

စစ်တပ်ထောက်ခံပွဲများကို ဦးဆောင်လေ့ရှိပြီး အစွန်းရောက်လှုပ်ရှားမှုများကြောင့် အမည်ဆိုး ထွက်သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ငွေကြေးထောက်ပံ့ခဲ့သဖြင့် NLDက ၎င်းကို တရားစွဲဆိုသည်ဟု ဦးစိုးထွန်းရှိန်၏ ကုမ္ပဏီက ထုတ်ပြန်သည့် အထက်ပါစာတွင်ပါဝင်သည်။

မဘသ က အဆိုပြုသည့် မျိုးစောင့်ဥပဒေများကို ကြံ့ခိုင်ရေးကြီးစိုးသည့် လွှတ်တော်တွင် အတည်ပြုနိုင်သည့်အထိမ်းအမှတ် အောင်ပွဲများကျင်းပရန် ဦးစိုးထွန်းရှိန်က မဘသကို ၂၀၁၅ ခုနှစ်က ရွှေတစ်ပိဿာ လှူခဲ့ဖူးသည်။ ထိုမျိုးစောင့်ဥပဒေအောင်ပွဲများတွင် ကြံ့ခိုင်ရေးပါတီကို မဲထည့်ရန်နှင့် NLD ပါတီကို မဲမထည့်ရန် မဘသဘုန်းကြီးများက လှည့်လည်ဟောပြောခဲ့ကြသည်။ 

မဘသကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က NLD အစိုးရလက်ထက် ၂၀၁၇ တွင် တရားမဝင်ဟု ကြေညာကာပယ်ဖျက်ခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီ NLD အစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာ သိမ်းပြီးနောက်တွင် မဘသ၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီတို့က စစ်ကောင်စီထံ ဦးစိုးထွန်းရှိန်ကို ပြန်လွှတ်ပေးရန် အရေးဆိုမှုများရှိသော်လည်း ပြန်မလွတ်လာသေးပေ။

အမှုဇာတ်ကြောင်း

Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် သတ္တု (၂) နှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့ ၂၀၁၁တွင် ချုပ်ဆိုသည့် “ရွှေသတ္တုထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူစာချုပ်” မူရင်းနှင့် ပြင်ဆင်ချက်အားလုံးတွင် “မည်သို့သောအကြောင်းကြောင့် ဖြစ်ပေါ်စေကာမူ နိုင်ငံတော်အား ပေးသွင်းရမည့် သတ်မှတ်အချိုးအား အပြည့်အဝပေးသွင်းရမည်” ဟု ပါရှိသည်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် အကြိမ်ကြိမ် ပြင်ဆင်ချုပ်ဆိုခွင့်ရခဲ့သော ထိုစာချုပ်ကိုပင် “တစ်ဖက်စီးအသာဖြင့် မမျှမတချုပ်ဆို ထားခဲ့သော စာချုပ်” ဟု ကုမ္ပဏီက နောက်ပိုင်းတွင် ရည်ညွှန်းပြောကြားလာပြီး NLD အစိုးရတက်ပြီးနောက် စာချုပ်ကို လေးကြိမ်မြောက် ပြင်ဆင်ရန် ကမ်းလှမ်းသည်။

သတ္တုတွင်းဒုဝန်ကြီးဟောင်း ဦးကိုကိုသန်းနှင့် အရာရှိဟောင်း ခုနစ်ဦးပါသည့် စုံစမ်းရေးအဖွဲ့ ဖွဲ့ကာ ၂၀၁၇ အတွင်း ခုနစ်လကြာ စုံစမ်းပြီးနောက် “… ကုမ္ပဏီသည် စာချုပ်ပါ သတ်မှတ်ရွှေစင်များကို စာချုပ်ပါ သတ်မှတ်ကာလအတွင်း ပေးသွင်းနိုင်ရန် အခြေအနေရှိပါသည်” ဟု ထိုအဖွဲ့က အဖြေထုတ်ပေးသည်။

ရွှေတူးလုပ်ငန်းများ ရပ်ထားရန် ၂၀၁၇ နိုဝင်ဘာတွင် အရပ်သားအစိုးရက အကြောင်းကြားခဲ့သော်လည်း ကုမ္ပဏီက မလိုက်နာခဲ့။  ၂၀၁၈ နှစ်ဆန်းတွင် အစိုးရက ကုမ္ပဏီကို ပေးထားသည့် မိုးထိမိုးထိရွှေတူးဖော်ခွင့်ကို ရုပ်သိမ်းကာ အမှုများ ဆက်တိုက်ဖွင့်သည်။

တရားတပေါင်စဖြစ်ကြသည့် ၂၀၁၈ နှစ်လယ်မှစ၍ လုပ်ငန်းများ ရပ်တန့်ကာ ဦးစိုးထွန်းရှိန်နှင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီလူကြီးများ တိမ်းရှောင်ခဲ့ကြသည်။

ဦးစိုးထွန်းရှိန်က လေလံအောင်စဉ်က မျှော်လင့်ခဲ့သည့် ရွှေပမာဏနှင့် အမှန်တကယ်တူးဖော်သည့် အချိန်တွင်ရရှိသည့် ရွှေပမာဏတို့ ကွာဟလျော့နည်းနေသဖြင့်သာ ရွှေမပေးသွင်းနိုင်ခြင်းဖြစ်ကြောင်း ထွက်မပြေးမီ ၂၀၁၇၊ ဇွန်လက ပြုလုပ်သည့် ကုမ္ပဏီ အစုရှယ်ယာရှင်များ ကြိုဆိုပွဲ အခမ်းအနား တစ်ခုတွင် ပြောဖူးသည်။

ရွှေတစ်ကျပ်သား လိမ်ထားရင် ကြိုးစင်တက်လိုက်မယ်ဟု ထိုပွဲတွင်ဆိုခဲ့သူ ဦးစိုးထွန်းရှိန်မှာ အမှုဖွင့်ခံရပြီး တစ်နှစ်ကျော်ကြာ တိမ်းရှောင်နေခဲ့သည်။ ၂၀၁၉၊ အောက်တိုဘာလကုန်ပိုင်းတွင် ထိုင်း နိုင်ငံ ဘန်ကောက်လေဆိပ်၌ ဦးစိုးထွန်းရှိန်ကိုတွေ့ရှိသည်ဟု ဓာတ်ပုံနှင့်တကွ Myanmar Nowက သတင်းရေးပြီးနောက်တွင်မှ ထိုင်းရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးခဲ့ပြီး မြန်မာအာဏာပိုင်များကို တာချီလိတ်နယ်စပ်မှတစ်ဆင့် လွှဲပြောင်းပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button