သတင်း

မြန်မာ-အိန္ဒိယနယ်စပ် လွတ်လပ်စွာသွားလာခွင့် ၃ လ ထပ်ပိတ်

မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်ခြင်းကို တားဆီးရန်ဟု အကြောင်းပြကာ မဏိပူရ်ပြည်နယ်အစိုးရက တမူး-မိုရေး နယ်စပ်ဂိတ် ဖြတ်ကျော်သွားလာခွင့်ကို ယနေ့ (နိုဝင်ဘာ ၁၅) မှစ၍ ၃ လကြာ ထပ်ပိတ်လိုက်ကြောင်း သိရသည်။

နှစ်နိုင်ငံ သဘောတူညီထားသည့် ထိုလွတ်လပ်စွာသွားလာခွင့် (Free Movement Regime FRM) ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၅ မှစ၍ နှစ်လပိတ်ပင်ခဲ့ရာမှ သက်တမ်းပြည့်သွားသဖြင့် နောက်ထပ် ၃ လ ပိတ်ထားရန် မဏိပူရ်ပြည်နယ်အစိုးရက ယခုလ ၁၁ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လတ်တလော တရားဥပဒေစိုးမိုးမှုအခြေအနေအရ တရားမဝင် ဝင်ရောက်သူ ပိုများလာနိုင်ကြောင်း မဏိပူရ်ပြည်နယ်အစိုးရ လက်ထောက်အတွင်းဝန် Peter Salam က ပြောဆိုကြောင်း အဆိုပါထုတ်ပြန်ချက်တွင် တွေ့ရသည်။

စစ်ကိုင်းတိုင်း တမူးမြို့သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ရှိ မိုရေးမြို့နှင့် နယ်မြေထိစပ်နေကာ ယခင်က ကုန်စည်စီးဆင်းမှုများ၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ခဲ့၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသောနေရာဖြစ်သည်။ 

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နယ်စပ်၌ ထွက်ပြေးခိုလှုံသူများ ရှိလာရာ ဒုက္ခသည်များ ဝင်လာမည်ကို မဏိပူရ်ပြည်နယ်အစိုးရက တားဆီးလိုခြင်းဖြစ်ကြောင်း အိန္ဒိယနယ်စပ်တွင် တိမ်းရှောင်နေသည့် တမူးဒေသခံတစ်ဦးက ဆိုသည်။ 

“အဓိကကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ကြည့်ပြီးတော့ Refugee (ဒုက္ခသည်တွေ) သူတို့ဘက် ကို မတရား လှိမ့်ဝင်လာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် ပြန်ပြီးတော့ ပြဋ္ဌာန်းတယ်လို့ ယူဆနေကြတယ်” ဟု ၎င်းက ဆိုသည်။

ယခင် လွတ်လပ်စွာသွားလာခွင့်စနစ်မှာ နယ်စပ်မျဉ်းမှ အိန္ဒိယနှင့် မြန်မာဘက်အခြမ်းကို ၂၅ ကီလိုမီတာ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ကြောင်း ၎င်းက ပြောသည်။ 

ယခုပိတ်ပင်လိုက်ခြင်းကြောင့် ထိုအခွင့်အရေးဆုံးရှုံးသွားပြီး နှစ်နိုင်ငံနယ်စပ်ဂိတ်ကိုလည်း ၂၀၂၀ တည်းက ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးအကြောင်းပြချက်ဖြင့် ပိတ်ထားရာ ယနေ့ထက်တိုင် တရားဝင် ကုန်သွယ်မှုနှင့် ခရီးသွားလာမှု နည်းပါးနေကြောင်း သိရသည်။ 

မြန်မာနိုင်ငံသည် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ အရူးနားချဲပရာဒရှ်၊ နာဂ၊ မဏိပူနှင့် မီဇိုရမ်ပြည်နယ်တို့နှင့် နယ်မြေချင်း ထိစပ်နေသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်နှင့် နယ်မြေထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်မှ လွှတ်တော်ကိုယ်စားလှယ်များအပါဝင် ဒုက္ခသည်အများဆုံး ခိုလှုံခွင့် ရရှိထားသည်။

မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပေးထားသည့် ဒုက္ခသည်ကတ်အရ ဆေးကုသခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့် ရှိသည်။

မဏိပူရ်ပြည်နယ်တွင်မူ ဒုက္ခသည်များကို အသိမှတ်မပြုသလို ယာယီကတ် မထုတ်ပေးကြောင်း၊ သို့သော် နိုင်ငံတကာနှင့် ဒေသအဖွဲ့အစည်းများက စားနပ်ရိက္ခာထောက်ပံ့မှုများရှိကြောင်း တိမ်းရှောင်သူတို့ထံမှ သိရသည်။ 

“စစ်ရေးအရှိန်မြင့်လာရင် လူတွေက စိုးရိမ်ပြီးတော့ လွတ်မြောက်ရာဒေသတွေကို သူတို့ခွင့်မပြုရင်လည်း ခိုးဝင်ပြီးတော့ ခိုလှုံကြတာဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေအရကြည့်မယ်ဆိုရင် သူတို့ပြောသလို Illegal Immigrant ခိုးဝင်သူ မဟုတ်ဘူး။ Refugee (ဒုက္ခသည်) ကို လက်ခံပေးရမယ့်အခြေအနေ ဖြစ်ပါတယ်” ဟု ထိုသူက ဆက်ပြောသည်။

စစ်ကိုင်းတိုင်း တမူးမြို့နှင့် မိုရေးမြို့သည် နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာမှုနှင့် ပညာရေးတို့တွင် ပတ်သက်ဆက်နွှယ်နေကာ မြန်မာကျောင်းသား ၃၀၀ မှ ၄၀၀ ခန့်သည် မိုးရေးမြို့ ပုဂ္ဂလိကနှင့် အစိုးရကျောင်းများတွင် ပညာသင်ကြားနေကြောင်း ၎င်းက ဆိုသည်။

အိန္ဒိယနှင့် မြန်မာနယ်စပ်ကုန်သွယ်မှုကို တမူးနှင့် ရိဒ်နယ်စပ်ဂိတ်နှစ်ခုမှ အဓိကကုန်သွယ်လျှက်ရှိသည်။ 

စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးသည် ယခုလ နိုဝင်ဘာ ၁၁ တွင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၌ ကျင်းပသည့် အိန္ဒိယကုန်သည်ကြီးများအသင်းနှစ်ပတ်လည်ပွဲကို တက်ရောက်ကာ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်ရန် ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button