သတင်း

ခင်ဦးတွင် ရိက္ခာလာပို့သည့် စစ်ကားများ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်းအလယ်ပိုင်း မူးမြစ်အရှေ့ဘက်ကမ်း ခင်ဦးမြို့နယ်အတွင်း လက်နက်ရိက္ခာ လာပို့သည့် စစ်ကားသုံးစီးကို ယနေ့ (နိုဝင်ဘာ ၁၅) နံနက်ပိုင်းတွင် မိုင်းဖြင့်တိုက်ခိုက်ရာ တစ်စီးပျက်စီးသွားကြောင်း ဒေသခံ တော်လှန်ရေးအဖွဲ့များက ပြောသည်။

ရေဦးမြို့နှင့် သုံးမိုင်အကွာ အင်းပက်ကျေးရွာအနီးတွင် မိုင်းခြောက်လုံးပါ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ပျက်ဆီးသည့် ယာဉ်ကို ကျန်သည့် ကားနှစ်စီးအနက် တစ်စီးက ဆွဲ၍ မွန်းလွဲပိုင်းတွင် ရေဦးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း Khin-U Support Organization (KS) အဖွဲ့ ခေါင်းဆောင်ထံမှသိရသည်။

စစ်ကောင်စီ မြေပြင်စစ်ကြောင်း အင်အား ၁၀၀ ခန့် ဒေသတွင်း၌ ရှိနေ၍ ထိခိုက်၊ ပျက်ဆီးမှုကို အသေးစိတ်အတည်မပြုနိုင်သေးကြောင်း၊ စစ်ယာဉ်တန်းသည် ရေဦးမြို့နှင့် ခြောက်မိုင်အကွာ ရေဦး-ခင်ဦးကားလမ်းမပေါ်ရှိ မူးတိမ်ချောင်းတံတား စစ်တပ်ဂိတ်သို့ သွားရောက် ထောက်ပို့သည်ဟု သတင်းရထားကြောင်း ၎င်းက ဆက်ပြောသည်။

“မိုင်းကွင်းထဲကို ရောက်လာတော့ ပဒေသာ ၆ လုံး တွဲခွဲလိုက်တာ” ဟု KSO ခေါင်းဆောင်က ဆိုသည်။

မူးမြစ် အနောက်ဘက်ကမ်း ရေဦးမှ ခင်ဦးသို့ လာသည့် ၁၀ မိုင်ကျော် ကားလမ်းမကို နယ်မြေစိုးမိုးမှုရနိုင်ရန် မူးတိမ်ချောင်းတံတားတွင် လွန်ခဲ့သည့် ၇ လမှစ၍ စစ်ကောင်စီတပ်က ယာယီအဆောက်အအုံများဆောက်လုပ်ကာ တပ်စွဲထားခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။

ထိုစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရန် ကြိုးစားဖူးသော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းသည့် ရေဦးနှင့် ခင်ဦးမြို့များမှ စစ်ကူများ ချက်ချင်းရောက်ရှိလာသောကြောင့် မအောင်မြင်သေးကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ဒီစခန်းရှိလို့ ကျနော်တို့ တော်တော်အခက်အခဲရှိတာပေါ့။ ကျတော်တို့ အတတ်နိုင်ဆုံးတက်(တိုက်) ကြည့်တယ်။ ဒါပေမဲ့ မရဘူး။ နှစ်ဖက် ညှပ်ပြီး ထိုး (စစ်ကောင်စီက စစ်ဆင်တာ) ခံရတာ” ဟု ထိုသူက ဆိုသည်။

စစ်ကားများ သွားရာလမ်းတွင် နယ်မြေရှင်းလင်းရေး ကြိုလုပ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့က ကားလမ်းမတစ်လျှောက်မှ ကျေးရွာများဖြစ်သည့် အောင်ချမ်းသာ၊ ကုန်းသာ၊ အင်တိုင်းလေး၊ သရက်ပင်စုရွာ၊ ယာတော် စသည့်ကျေးရွာများကို ဝင်ရောက်စီးနင်း၍ ဒေသခံ ထောင်ချီ တိမ်းရှောင် ဒေသခံထောင်နှင့်ချီ ထွက်ပြေးခဲ့ရပြီး သုံးဆယ်ကျော် ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း သိရသည်။

စစ်ကြောင်းများ ပြန်လည်ထွက်ခွာသွားချိန်တွင် အားလုံးကို ပြန်လွတ်ပေးခဲ့သော်လည်း ယာတော်ကျေးရွာမှာ အသက် ၃၀ ခန့်အရွယ် ကိုတောက်တောက်ဆိုသူကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွာကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ရွှေဘိုခရိုင်တပ်ရင်း(၃) လက်အောက်ခံအဖွဲ့များ၊ ဒေသခံတော်လှန်ရေးအဖွဲ့က ကူညီနေရကြောင်း KSO ဘက်က ပြောသည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း နိုင်ငံအနှံ့ခုခံမှုများ ပေါ်ပေါက်နေရာ လူအင်အား မယှဉ်နိုင်သည့် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းတွင်း ၎င်းတို့ကို ထောက်ခံသူများကို လက်နက်တပ်ဆင်ပေး၍ တိုက်ခိုက်ခိုင်းနေသလို လေကြောင်းပါသုံး၍ ပစ်ခတ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button