သတင်း

အဝလွန် ဝန်ထမ်းများကို ၃၆ နာရီ အစာဖြတ်ရန် စစ်ကောင်စီညွှန်ကြား

ပုံမှန် ကိုယ်အလေးချိန်ထက်ပို၍ အဝလွန်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများကို ၃၆ နာရီအစာဖြတ်ပြီး ကိုယ်အလေးချိန် လျှော့ချရန် အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

ဝန်ထမ်းအားလုံး ကျန်းမာပြီး ခန္ဒာကိုယ်ထုထည်ညွှန်းကိန်း Body Mass Index (BMI) နှင့် ကိုက်ညီမှု ရှိစေရေးအတွက် ‘၃၆ နာရီ အစာဖြတ်ခြင်း’ နည်းလမ်းဖြင့် လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို စက်တင်ဘာလအတွင်း စစ်ကောင်စီက ညွှန်ကြားခဲ့သည်။

Myanmar Now က ဖတ်ရှုခွင့်ရသည့် ညွှန်ကြားစာတစ်စောင်တွင် “ကျန်းမာရေးအရ ၃၆ နာရီ မလုပ်နိုင်လျှင်ပင် နေ့စဉ် နေ့လယ် ၁၂ နာရီနောက်ပိုင်းမှ နောက်နေ့ နံနက် ၆ နာရီအထိ အစာအစားဘဲ ဥပုသ်စောင့်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်” ဟု စစ်ကောင်စီက ညွှန်ကြားထားသည်ကို တွေ့ရသည်။ 

ထို့ပြင် BMI နှင့် မကိုက်ညီသူများ၊ အထူးသဖြင့် အဝလွန်နေသူများကို ဌာနအလိုက် အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်စေရန်၊ တိုးတက်မှု မရှိသူများကို အထူးကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စာရွက်ပေါ်၌ တိုးတက်ခြင်း မဖြစ်စေရန်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနသို့ ပေးပို့သည့် ညွှန်ကြားစာတွင် ဖော်ပြထားသည်။

၃၆ နာရီ (တစ်ရက်ခွဲ) ကြာ လုံးဝ အစာမစားဘဲ ကိုယ်အလေးချိန် လျှော့ချရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို ကနဦး ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အဲ့ဒါ သူတို့တပ်နဲ့ ရဲတွေကို အရင်လုပ်ခိုင်းတာ။ ဌာနတွေထဲကကျ ဒုညွှန်ချုပ်နဲ့ အထက်တွေကို စာထုတ်တာ။ အကုန်စားထားဝါးထားကြတော့ သိတဲ့အတိုင်းပဲလေ” ဟု လျှပ်စစ်ဝန်ကြီးဌာနမှ အရာထမ်းတစ်ဦးက ပြောကြားသည်။

ထိုသို့ ‘၃၆ နာရီအစာဖြတ်ခြင်း’ နည်းလမ်းကို အခြားသော ဝန်ကြီးဌာနများကိုပါ ဆက်လက်ညွှန်ကြားနေခြင်းဖြစ်သည်ဟု တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများထံမှ သိရသည်။

“ဝန်ထမ်းထဲမှာ ရာထူးကြီးလေ ဝလေပဲ။ ညွှန်မှူးလောက်ဆို ထိုင်ရာကနေ ခိုင်းရတော့တာလေ။ အဆီပိတ်တာ၊ အဝလွန်တာတွေ ဌာနအများစုမှာ ဖြစ်ကြတယ်။ ၃၆ နာရီ အစာဖြတ်ခိုင်းလည်း ပိန်မှာ မဟုတ်ဘူး” ဟု အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသားဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး။ (ဓာတ်ပုံ – စစ်ကောင်စီ) 

လူမှုကွန်ရက်ပေါ်တွင် လူပြောများနေသည့် ‘၃၆ နာရီအစာဖြတ်ခြင်’ နည်းလမ်းသည် ကိုယ်အလေးချိန် လျော့ကျနိုင်ခြေရှိသော်လည်း ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ကဲ့သို့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးများက စနစ်တကျသုတေသနပြုကာ အတည်ပြုထားခြင်း မရှိသဖြင့် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်ဟု အမည်မဖော်လိုသူ အဟာရဆိုင်ရာ အထူးကုဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။

ခန္ဒာကိုယ်ထုထည်ညွှန်းကိန်း BMI ဆိုသည်မှာ အရပ်အမြင့်နှင့် ကိုယ်အလေးချိန်ကို သင်္ချာနည်းဖြင့် တိုင်းတာခြင်း ဖြစ်သည်။ ပုံသေနည်းမှာ ကိုယ်အလေးချိန် (ကီလိုဂရမ်) ကို မိမိ၏ အရပ်အမြင့်(မီတာ) နှစ်ထပ်ကိန်းဖြင့် စားကာ တွက်ချက်ရမည် ဖြစ်သည်။ 

ထိုသို့ တွက်ချက်ပြီး ရရှိလာသည့် BMI အဖြေသည် ၂၅ မှ ၂၉.၀ အတွင်း ရှိနေပါက ရှိသင့်သည့် ကိုယ်အလေးချိန်ထက် များနေပြီး BMI ၃၀ ကျော်နေပြီဆိုလျှင် အဝလွန်သည့်အဆင့်ကို ရောက်နေပြီဖြစ်ကြောင်း သိရသည်။

အကယ်၍ BMI ၁၈.၅ မှ ၂၄.၉ အတွင်း ရှိနေမည်ဆိုပါက ကျန်းမာသည့် ကိုယ်အလေးချိန်ကို ပိုင်ဆိုင်ထားသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။​ 

စစ်ကောင်စီသည် လူမှုကွန်ရက်ပေါ် နာမည်ကြီးသည့် ၃၆ နာရီကြာ အစာမစားသည့်နည်းလမ်းဖြင့်  အဝလွန်သည့် ဝန်ထမ်းများကို ဝိတ်ချခိုင်းသည့်နည်းတူ (ဒါဘာ၊ ဖက်ထိပ်) ကဲ့သို့ တပ်ထဲတွင် ပုံမှန်လုပ်ရသည့် ဆန္ဒဖော်ထုတ်ပွဲ၊ သန့်ရှင်းရေးကဲ့သို့ အလုပ်များကို လုပ်ခိုင်းခြင်းဖြင့် အရပ်ဘက်ဝန်ထမ်းများကိုလည်း စစ်တပ်ပုံစံသွင်းနေသည်။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်နီးပါး ကြာလာသည့်အချိန်တွင် တာဝန်ထမ်းဆောင်ဆဲ ဌာနဆိုင်ရာ ဝန်ထမ်းများ အကြောင်းမျိုးစုံဖြင့် အလုပ်မှ နုတ်ထွက်သူ၊ နုတ်ထွက်ခွင့်တင်ထားသူ များပြားနေ၍ ထိန်းချုပ်မည့် မူဝါဒတစ်ခု ချမှတ်နိုင်ရန် ဌာနအသီးသီးသို့ စစ်ကောင်စီက အကြံပြုချက်များ တောင်းခံထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button