သတင်း

ပုဏ္ဏားကျွန်းမြို့ အရပ်သားများ သေဆုံးမှုအတွက် အပြင်းထန်ဆုံး တုံ့ပြန်မည်ဟု AA ပြော

ပုဏ္ဏားကျွန်းမြို့နယ်၊  ဆင်အင်းကြီး ကျေးရွာသားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ် ခဲ့သည့် ခမရ ၅၅၀ ကို  အပြင်းထန်ဆုံး မဖြစ်မနေလက်စားချေမည်ဟု ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့်  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

 ဤသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျူးလွန်နေသော စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များထဲမှ အဆိုးရွားဆုံးသော သိသာထင်ရှားသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော စစ်ရာဇဝတ်မှုကျူးလွန်ခြင်းတစ်ခုပင်ဖြစ်သည်ဟု AA ၏ အင်တာနက်စာမျက်နှာရှိ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 လက်နက်ကိုင်တပ်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ပြည်သူကိုသာ ဦးတည်တိုက်ခိုက်ဝံ့သော စစ်ကောင်စီ၏ ယခုကဲ့သို့သောလုပ်ရပ်မှာ အလွန်ပင် သူရဲဘောကြောင်သည့် စက်ဆုပ်ရွံရှာဖွယ်ရာလုပ်ရပ် ဖြစ်ကြောင်း၊ စစ်ရာဇဝတ်မှုမြောက်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

  နိုဝင်ဘာလ (၁၀) ရက် နှင့် (၁၁) ရက်နေ့များ၌လည်း စစ်ကောင်စီသည် ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀) တပ်ရင်း၊  စစ်တွေ ပါတလိပ်၊  ကွမ်းတောင် တပ်စခန်းများက လက်နက်ကြီး များပစ်ခတ်ခြင်း၊  စစ်ရဟတ်ယာဉ်များ၊  ဒရုန်းများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးရွာများသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ (၂) ဦး အသက်သေဆုံးခဲ့ရပြီး၊  အမျိုးသမီးများနှင့် ကလေး ငယ်များ အပါအဝင် ပြည်သူ (၅) ဦးထက်မနည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ကိုယ်လက်အင်္ဂါဆုံးရှုံး ခဲ့ကြရသည်ဟု ULA က ဆိုသည်။ 

နိုဝင်ဘာ ၁၀ တွင် AA က စစ်ကောင်စီ၏ ထောက်ပို့ပစ္စည်း ကားတစ်စီးကို   ပုဏ္ဏားကျွန်း မြို့နယ်၊  ပဒေသာရွာနှင့် ဆင်အင်းကြီးရွာအကြားတွင် ဖမ်းဆီးထိန်းသိမ်း ခဲ့ ကြောင်း သိရသည်။

ပြည်သူများ၏ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း၊  ကုန်စည်စီးဆင်းခြင်းများကို တင်းကျပ်စွာ ပိတ်ဆို့ စစ်ကောင်စီက   ရေလမ်း၊  ကုန်းလမ်းများမှတစ်ဆင့် ရိက္ခာပို့ဆောင်နေ သောကြောင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု AA ကဆိုသည်။ထိုသို့ တိုက်ခိုက်ခံရမှုကြောင့်   တိုက်ပွဲနှင့် လုံးဝမသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူတို့ကို  စစ်ကောင်စီက ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု AA  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

AA ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ထွက်ပေါ်မလာသေးပေ။

ကျေးရွာများ ဒရုန်းနှင့် တိုက်ခိုက်ခံရမှုအပြီး တွေ့ရသည့်  လက်နက်အပိုင်းအစ မှတ်တမ်းဓာတ်ပုံကို ရခိုင်ဒေသခံတချို့က   အွန်လိုင်းလူမှုကွန်ရက်တွင် ယနေ့  မျှဝေနေကြသည်။

နိုဝင်ဘာလ (၁၀) ရက်၊  ညနေပိုင်း၌ စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းမှ စစ်ကြောင်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊  ဆင်အင်းကြီးကျေးရွာအတွင်း သို့ ဝင်ရောက်လာ ပြီးအရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ၎င်းရွာအတွင်းရှိ အသက်ကြီးပိုင်းအပါအဝင် အပြစ်မဲ့ပြည်သူ (၉) ဦး ကို ပစ်သတ်ခဲ့သည်။

 စစ်ကောင်စီတပ်သားများ ရွာထဲဝင်လာချိန်၌   ဆင်အင်းကြီးကျေးရွာသားများ မှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရ ပြီး သက်ကြီးရွယ်အိုများ၊  နေမကောင်းသူများနှင့် ရွာကိုစောင့်ရှောက် ရန် ကျန်နေခဲ့သူ အချို့  ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။

ဆင်အင်းကြီးကျေးရွာတွင် ပစ်ခတ်သတ်ဖြတ်ခံရသူများမှာ အသက် ၈၆ နှစ်အရွယ် ဒေါ်မကြီး၊    ၆၂ နှစ်အရွယ် ဦးမောင်ကျော်သိန်း၊   အသက် ၆၀ အရွယ် ဦးကျော်ဇံ၊  အသက် ၅၈ နှစ်အရွယ် ဦးခင်မောင်၊   ၅၄ နှစ်အရွယ် ဒေါ်မေနု၊    ၄၅ နှစ်အရွယ် ဦးမှဲ့နီ၊     ၄၃ နှစ်အရွယ် ဦးမောင်မောင်သိန်း၊   ၃၇ နှစ်အရွယ်   ဦးမောင်စံလှ နှင့် ရသေ့တောင်မြို့နယ်မှ ဆေးလာကုသည့် အသက် ၆၀ အရွယ် 

ဆေးဆရာ ဦးကျော်နိုင် တို့ဖြစ်သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါသေဆုံးသူများကို နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ကျေးရွာသားတချို့ ရွာ ထဲ ဝင်ကြည့်ရာတွင် တွေ့ရှိခဲ့ ခြင်း ဖြစ်ပြီး လက်နက်ကြီးများ ပစ်ခတ်နေသည့်အတွက်  လူသေအလောင်းများကို  ​ဖြစ်သလို သင်္ဂြိုဟ်လိုက်ရသည်ဟု  ရွာသားများကပြောသည်။

“ရွာထဲ လမ်းဘေးမှာ လမ်းထဲမှာ ပစ်ခတ်ခံခဲ့ရတာ။ အိမ်ထဲမှာ ရှိနေတဲ့ ဘာမှ မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုကိုတောင် ရက်ရက်စက်စက်သတ်ခဲ့တာ။ လူမဆန်တဲ့ ယုတ်မာ ရိုင်းစိုင်းတာ ကို လုံးဝ မကျေနပ်ဘူး။ ဘာပြောရမှန်းတောင် မသိတော့ဘူး။ အလောင်းတွေကိုလည်း တွင်း တစ်တွင်းထဲ ဖြစ်သလို မြေမြှုတ်ခဲ့ရတယ်။ သူတို့လည်း တူသော အကျိုးကို ပြန်ခံရမှာပါ” ဟု ရွာသား တစ်ဦးကပြောသည်။

နိုဝင်ဘာ ၁၀ နံနက်ပိုင်းတွင်  ပုဏ္ဏားကျွန်း မြို့နယ် အိုင်ဒင် ကျေးရွာသို့ လက်နက် ကြီးကျည် ကျရောက်သဖြင့် ၁၅ နှစ်အရွယ် Grade 10 ကျောင်းသား မောင်စိုးဝင်းဦး  ဘယ်ဘက်ပေါင် ဒဏ်ရာ အပြင်းအထန် ရသွားပြီး   ၅၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

 ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ဒရုန်းနှင့် ပစ်ခတ်မှုကြောင့် ငှက်ကြီးကျွန်းရွာမှ  ၁၃ နှစ် အရွယ် Grade 8 ကျောင်းသား  မောင်ခင်မောင်ထွန်း  ဘယ်ဒူးခေါင်းအနီး  ထိခိုက်ဒဏ်ရာရသွားသည်။

 ညနေ ၅ နာရီခွဲခန့်အချိန်တွင်  ဒရုန်းမှပစ်ခတ်လိုက်သည့်ကျည် ကျရောက်ပေါက်ကွဲရာမှ ပုဏ္ဏားကျွန်းမြို့နယ်၊  ကျွဲထိုးကျေးရွာမှ  ၂၆ နှစ်အရွယ် ကိုစံမောင်သိန်း ခြေထောက်တွင် ကျည်စထိမှန် ဒဏ်ရာရသည်။

နောက်တစ်နေ့ ​နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် တွင် လည်း ပုဏ္ဏားကျွန်းမြို့၊  ၅၅၀ တပ်ရင်းကပစ် ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာ မှ   ၃၈ နှစ်အရွယ်  ဦးအေးစောသိန်း၊  ၆၃နှစ်အရွယ်  ဦးကျားချေတို့ သေဆုံးခဲ့သည်။

ထို့အပြင် ညနေပိုင်းတွင်း ပုဏ္ဏားကျွန်း​မြို့နယ် နှင့်စစ်တွေ မြို့နယ် အစပ် မင်းချောင်းတံတား အနီး  မြစ်ကြောင်းရှိ စစ်ဇက်ရေယာဥ်တစ်စီးက ပစ်ခတ်လိုက်သည့် သေနတ်ကျည်ထိမှန်မှုကြောင့် အမြင့်ကျွန်းကျေးရွာမှ အသက် ၄၀ အရွယ်  ဦးကျော်သူဝင်း တွင်  လက်မောင်းနှင့် ဝမ်းဗိုက် ၌ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ 

မင်းချောင်းတံတားအနီးတွင် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း တစ်ခုကို AA က  မိုင်းဆွဲတိုက်ခိုက်ခဲ့ ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။  

လက်ရှိတွင် စစ်ကောင်စီတပ်  ကျေးရွာအတွင်း ဝင်ရောက်လာခြင်း၊  လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်နေသည့် အပြင် လေကြောင်းမှလည်း လာရောက် ပစ်ခတ်မှု ရှိနေသေးသဖြင့် ဆင်အင်းကြီး၊  ပဒေသာ၊  တန်းခိုး၊  ကျွဲထိုး  စသည့်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ထို့အပြင် စစ်ကောင်စီသည် နိုဝင်ဘာ ၁၀ ရက် နံနက်မှစ၍  စစ်တွေမြို့ အဝင်အထွက် ကို ပိတ်ဆို့ထားပြီး စစ်တွေ မြို့သို့ မည်သည့်ယဥ်မှ ဝင်မရအောင် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဂိတ်ချ ပိတ်ဆို့ထားသည်။ သို့အတွက် ရန်ကုန် နှင့် အနယ်နယ်အရပ်ရပ်မှ စစ်တွေ သို့လာသည့် ကုန်တင်ကားများ၊  ခရီးသည်ယာဥ်များ  ပုဏ္ဏားကျွန်းမြို့နယ်တွင် ပိတ်မိလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

Show More

Related Articles

Back to top button