သတင်း

မန္တလေးတိုင်းဝန်ကြီးနှစ်ဦး လွတ်ရက်စေ့၍ ပြန်လွတ်လာ

စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချထားသည့် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦး လွတ်ရက်စေ့၍ ပြန်လွတ်လာကြောင်း မန္တလေးမြို့ခံများနှင့်ရှေ့နေထံမှ သိရှိရသည်။

နိုဝင်ဘာ ၈ နေ့လယ်တွင် မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ နိုဝင် ဘာ ၁၀ တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်တို့ ပြန်လွတ်လာသည်။“နှစ်ဦးလုံးက လွတ်ရက်စေ့လို့ လွတ်လာတာပါ။ သူတို့နှစ်ဦးကို အမှု ထပ်တိုးထားခြင်းမရှိဘူး။ အဲဒါကြောင့် လွတ်လာတာ” ဟု မန္တလေးရှေ့နေတစ်ဦးက ဆိုသည်။

ဝန်ကြီး ဦးမျိုးသစ်သည်  စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ နံနက်ကတည်းက ဖမ်းဆီးခံရသည်။  နေ့ချင်းပြန်လွတ်သော်လည်း ၎င်းက အစိုးရဝန်ထမ်းများကို  အစိုးရအသစ်ဖွဲ့စည်းပြီးချိန်အထိ အလုပ်ပိတ်ရက် သတ်မှတ်ပေးမှု၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဝန်ထမ်းများကို ဂုဏ်ပြုကြောင်း တိုင်းအစိုးရအဖွဲ့ကိုယ်စား လက်မှတ်ရေးထိုး ထုတ်ပြန်မှုများအတွက် စစ်တပ်က ပြန်ဖမ်းကာ အမှုဖွင့်ခြင်း ဖြစ်သည်။ထို့နောက် နိုင်ငံတော်ဆူပူအောင် လှုံံဆော်မှု ပုဒ်မ၅၀၅(ခ)ဖြင့်  ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည်။ 

ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းသည်လည်း အာဏသိမ်းသည့်နေ့တွင် အဖမ်းခံရသည်။ ထို့နောက် စစ်ကောင်စီက သူ့ကို အာဏာမသိမ်းမီက မန္တလေးကျုံးထောင့်တွင် ပြုလုပ်သည့်ပွဲတစ်ခုနှင့် ပတ်သက်၍ ကိုဗစ်ကာလ လူစုလူဝေးပြုလုပ်သည်ဟု ဆိုကာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅/၃၀(က)ဖြင့်  ထောင်ဒဏ် ၂ နှစ် ချသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၁)တွင် လွတ်ရက်စေ့ပြီဖြစ်သော မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် လာမည့် နိုဝင်ဘာ၂၃ တွင် လွတ်ရက်စေ့မည့် မန္တလေးတိုင်းစည်ပင်ကော်မတီဝင်ဦးကျော်ဇေယျတို့ကိုမူ နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှု ပုဒ်မ (၄၀၉) ဖြင့် အောက်တိုဘာ ၃၁ တွင်   စွဲဆိုထားကြောင်း အထက်ပါရှေ့နေက Myanmar Now ကို ပြော သည်။

“ပြီးခဲ့တဲ့ ၃၁ နေ့က အဲဒီအမှုနဲ့ရုံးထုတ်ပြီး ထပ်တိုးတရားစွဲလိုက်တယ်။ နှစ်ဦးလုံး ကျန်းမာရေးတော့ ကောင်းကြပါ တယ်” ဟု ၎င်းက ဆိုသည်။

ပြန်လွှတ်ပေးလိုခြင်း မရှိသဖြင့် အမှုဆင်ခြင်း ဖြစ်သည်ဟု ကျော်ဇေယျ၏မိသားစုနီးစပ်သူတစ်ဦးက ပြောသည်။

“နောက်တိုးအမှုက ကျွန်တော်ကြားသလောက် အကြမ်းဖျဉ်းက ကိုဗစ်ကာလမှာ စည်ပင်နဲ့လုပ်တဲ့လုပ်ငန်းတွေမှာ ရပ်နားထားရချိန် ဘတ်ဂျက်ပိုတဲ့ငွေတွေကို အစိုးရဘဏ်ထဲ မထည့်ဘဲ စည်ပင်ဘဏ်ထဲ ထည့်တယ်ဆိုပြီး စွပ်စွဲတာလို့ကြားတယ် ဟု မိသားစုနီးစပ်သူက ပြောသည်။

“သက်သက်မဲ့ မတရားအမှုဆင်ပြီးလုပ်တာပါ။ ဒီလိုကိစ္စဆိုတာလည်း သူတို့နှစ်ဦးတည်း ဆုံးဖြတ်ပြီးလုပ်လို့ရတဲ့ကိစ္စ လည်း မဟုတ်ဘူး။ လွှတ်မပေးချင်လို့ သက်သက် ခွင်ဆင်ပြီး လုပ်တာပါ” 

ဒေါက်တာရဲလွင်သည် NLD အစိုးရလက်ထက် မန္တလေးတိုင်းအစိုးရအဖွဲ့တွင် အဂတိကင်းသည်ဟု မြို့နေလူထု၏ ယုံကြည်ချစ်ခင်ခြင်းကို ခံရသူတစ်ဦး ဖြစ်သည်။ဒေသခံတစ်ဦးက စစ်ကောင်စီ၏ အပြုအမူသည် သူခိုးက လူ ဟစ်ခြင်းဖြစ်သည်ဟု ပြောသည်။

“လူထုအပေါ် ဓားပြတိုက်၊ လူသတ်၊ ထင်တိုင်းကြဲမိုက်ရိုင်းနေတဲ့ သူတို့(စစ်တပ်)က ကျွန်တော်တို့ စိတ်တိုင်းကျ မဲပေး ရွေးထားတဲ့ဝန်ကြီးတွေကို ခုလိုအမှုကြီးနဲ့ တရားစွဲတာက ရယ်စရာကြီးပေါ့နော်။ ပြောင်းပြန်ကြီးဖြစ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ တွင် ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုအား ကျူးလွန်ကြောင်း အမှုထင်ရှားလျှင် အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားသည်။

လက်ရှိတွင် မန္တလေးအိုးဘိုထောင်၌ မန္တလေးတိုင်းဝန်ကြီးချုပ်ဇော်မြင့်မောင် ၊ မြို့တော်ဝန်ဦးရဲလွင်၊ ဝန်ကြီး ဦးဇာနည်အောင် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ NLDပါတီဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသား လူငယ်များနှင့်မြို့ခံအများအပြား  ထိန်းသိမ်းခံထားရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button