သတင်း

ဘုံသဘောတူညီချက် ဖော်ဆောင်ရန် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများကို တာဝန်ပေး

မြန်မာ့အရေးဖြေရှင်းရန် ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံက ဆက်လက်စွဲကိုင်ထားပြီး တိကျသည့် အချိန်ဇယား၊ လက်တွေ့ကျပြီး တိုင်းတာ၍ရနိုင်သည့် အညွှန်းကိန်းများဖြင့် အကောင်အထည်ဖော်ရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်ပေးအပ်လိုက်ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၁၁) ရက်တွင် ထုတ်ပြန်သည်။

အာဆီယံ ဘုံသဘောတူညီချက်ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ချမှတ်ခဲ့သော်လည်း ၁၆ လကြာသည်အထိ ဖြစ်ပေါ်တိုးတက်မှုမရှိဘဲ ဖြစ်နေပြီးနောက် တိကျသည့် အချိန်ဇယားများဖြင့် အကောင်အထည်ဖော်ရန် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပနေသည့် အာဆီယံထိပ်သီး အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးမှုများ ပြုလုပ်ရန်တို့ ပါဝင်သော ဘုံသဘောတူညီချက်ကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက သူ့သက်တမ်းအတွင်း စစ်ခေါင်းဆောင်နှင့် ၂ ကြိမ်တိုင်တွေ့ဆုံပြီး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ပေ။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က  ဘုံသဘောတူညီချက် အကောင်အထည် မဖော်နိုင်ခြင်းအတွက်  အကြိမ်ကြိမ်ညည်းတွားခဲ့ပြီး  ဥက္ကဋ္ဌရာထူးသက်တမ်း ကုန်ဆုံးတော့မည့်အချိန်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို လွှဲပြောင်းတာဝန်ပေးလိုက်ခြင်းဖြစ်သည်။

မြန်မာ့အရေးအာဆီယံ၏ ကြိုးပမ်းချက် မအောင်မြင်ခြင်းနှင့်ပတ်သက်၍ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူတို့က အပြင်းအထန်ဝေဖန်ခဲ့ကြသည်။

ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ပေါ်ရန် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများကို အပြည့်အဝ တာဝန်ပေးထားပြီး ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့်လေ့လာစောင့်ကြည့်ကာ လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် တင်ပြရမည်ဖြစ်သည်။

အာဆီယံ၏ မြန်မာ့အရေးကြိုးပမ်းချက်များကို မြန်မာ့အရေးလေ့လာသူများကလည်း အားမလိုအားမရဖြစ်နေပြီး အာဆီယံအစည်းအဝေးများမှ မည်သည့် ဆုံးဖြတ်ချက်ချသည်ဖြစ်စေ တိုးတက်သည့်ရလဒ်များ ရနိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်နေကြသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံအတွင်းအကြမ်းဖက် ဖြေရှင်းမှု၊ ပြည်သူ့နေအိမ်များကို မီးရှို့မှု၊ အရပ်သားများကို လေကြောင်းမှတိုက်ခိုက်မှုတို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အချို့က အပြင်းအထန် ရှုံ့ချခဲ့ကြပြီး အာဆီယံအစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့် မပြုခြင်းဖြင့် ဒဏ်ခတ်ထားခဲ့သည်။

စစ်ခေါင်းဆောင်ကမူ အာဆီယံသည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေပြီး အာဆီယံပဋိညာဉ်များကို ချိုးဖောက်နေသည်ဟု အပြစ်ဖို့ထားသည်။ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်နိုင်ခြင်းမှာ ကိုဗစ်ရောဂါထိန်းချုပ်ရန် ကြိုးပမ်းနေရခြင်းကြောင့်ဟုလည်း ဆင်ခြေပေးထားသည်။

ယနေ့ (နိုဝင်ဘာ ၁၁) ရက် အာဆီယံ၏ ဆုံးဖြတ်ချက်တွင် လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ စစ်ခေါင်းဆောင်ဦးဆောင်သည့် မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်ကို တက်ခွင့်မပေးဘဲ ဆက်လက်ဒဏ်ခတ်ထားမည်ဟုလည်း ပါရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမူ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေဆဲတွင်ပင် စစ်ကောင်စီက ပြည်သူများအပေါ် အရှိန်မြှင့်တိုက်ခိုက်နေပြီး စာသင်ကျောင်းများကိုလည်း ဗုံးခွဲတိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းတို့ ပြုလုပ်နေကြောင်း အာဆီယံထိပ်သီး အစည်းအဝေးသို့ပေးပို့သည့် သဝဏ်လွှာတွင် ဖေါ်ပြသည်။

သဝဏ်လွှာတွင် NUG ကို မြန်မာနိုင်ငံ တရားဝင် ကိုယ်စားလှယ်အဖြစ် ထိတွေ့ဆက်ဆံရန်၊ အာဆီယံမူ ၅ ချက်ကို အစားထိုးချမှတ်ခြင်း (သို့မဟုတ်) ထပ်တိုးခြင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်  မြန်မာနိုင်ငံသားများကို အတင်းအကျပ် ပြန်မပို့ရန်တို့ကိုလည်း တောင်းဆိုထားသည်။

ယခုကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ၏ သက်တမ်းအတွင်း နောက်ဆုံးကျင်းပသည့် အစည်းအဝေးလည်းဖြစ်သည်။ အဆိုပါ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖြစ်သည် အမေရိကန် – အာဆီယံဆွေးနွေးပွဲသို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့လည်း တက်ရောက်မည်ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံခေါင်းဆောင်များနှင့် အမေရိကန် သမ္မတတို့ မြန်မာ့အရေးဆွေးနွေးမည်ဟုလည်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

 

Show More

Related Articles

Back to top button