သတင်း

ဆန်သင်္ဘောစီးနင်းခံရပြီးနောက် စစ်တပ်က မြောင်မြို့နယ် ရွာ ၈ ရွာကို မီးရှို့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်သင်္ဘောကို နိုဝင်ဘာ ၆ ရက်တွင် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက စီးနင်းပြီးနောက် စစ်တပ်က အနီးရှိကျေးရွာ ၈ ရွာကို မီးရှို့နေကြောင်း ကာကွယ်ရေးအဖွဲ့နှစ်ခုထံမှ သိရသည်။

မန္တလေးမှ ထွက်ခွာလာသည့် ထိုသင်္ဘောပေါ်ရှိ ဆန်အိတ်ရေ ၁၅,၀၀၀ ဝန်းကျင်သည် စစ်ကောင်စီတပ်၏ ရိက္ခာဖြစ်သည်ဟုဆိုကာ နနွင်းကိုင်းရွာအနီး ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM) က ဝင်ရောက်စီးနင်းခဲ့ပြီး ဆန်အိတ်များကို ဒေသခံများကို ဝေပေးခဲ့သည်။

ယင်းနောက် နိုဝင်ဘာ ၇ မှစတင်ကာ ရေစကြိုအခြေစိုက် အင်အား ၃၀၀ ဝန်းကျင်ရှိသော စစ်ကြောင်း ၂ ကြောင်းက ရေစကြိုမြို့နယ်နှင့် မြောင်မြို့နယ်အစပ် ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ နနွင်းကိုင်း၊ မြစ်သာ၊ ရွှေတစ်ချောင်း၊ ဆူးလေကုန်း၊ သူဋ္ဌေးကုန်း၊ မာလကာခြံ၊ မြေစွန်း၊ ဆင်ခြေရာရွာတို့ကို ရွာစဉ်ပတ်မီးရှို့ခြင်းဖြစ်သည်ဟု ဒေသတွင်းလှုပ်ရှားသည့် မြင်းခြံခရိုင်တပ်ရင်း (၃) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နနွင်းကိုင်းရွာမှာ ထိုင်ပြီးတော့ ပတ်ရှို့နေတာ။ ဘေးဘက်ဝဲယာရွာတွေကိုပေါ့။ အခု နနွင်းကိုင်းမှာ ရှိသေးတယ်။ တခြားဘက်တွေ ထပ်လုပ်မယ့် သဘောတော့ရှိတယ်။ မနေ့က မြစ်သာရွာထဲ ဝင်ရှို့တော့ ကျွန်တော်တို့အဖွဲ့စုံက ပြန်ဝင်တဲ့အချိန်မှာ သူတို့နောက်ဆုတ်သွားတယ်” ဟု သူက ပြောသည်။

အိမ်ခြေ ၄၀၀ မှ ၆၀၀ ခန့်ရှိသည့် ထိုကျေးရွာများအနက် နနွင်းကိုင်းမှ ၃၀၀ ကျော်၊ မြစ်သာနှင့် အခြားရွာများမှာ အိမ်ခြေ ၇၀ မှ ၈၀ အထိ မီးလောင်သည်၊ နနွင်းကိုင်းရွာမှ လေဖြတ်နေသည့် အသက် ၆၀ ကျော် ဒေါ်သောင်း မီးလောင်သည့်အထဲပါသွားသည်ဟု ၎င်းက ဆိုသည်။

စစ်တပ်ရန်ကို ကြောက်၍ ထိုဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး သက်ကြီးများမှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့အထိနာပါက ကျေးရွာများကို မီးရှို့လေ့ရှိပြီး သင်္ဘောဖမ်းဆီးမှုကြောင့် အနီးရှိရွာများကို ပစ်မှတ်ထားလာမည်ကို စိုးရိမ်သည်ဟု ထိုရွာဒေသခံများက မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ကို သတိပေးခဲ့ကြောင်း သိရသည်။

ယခုစစ်ကြောင်းသည် နိုဝင်ဘာ ၆ မနက်ပိုင်းကတည်းက ဝင်လာပြီး ယခင်ကလည်း တိုက်ပွဲမဖြစ်ဘဲ မြောင်မြို့နယ်အတွင်း ရွာများကို မီးရှို့မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ တာဝန်ခံ ကိုနွေဦးက ဆိုသည်။

နနွင်းကုန်းရွာတွင် ရောက်ရှိသည့် စစ်ကြောင်းသည် အနီးရှိ မြစ်ဆုံရွာကို ဦးတည်ရန် ပြင်ဆင်နေပြီး အခြားရွာများကိုလည်း အဖွဲ့ခွဲ၍ စစ်ကြောင်းထိုး ဖြန့်ကြက်ထားကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်ကြောင်းတစ်ကြောင်းရှိတဲ့ဆီကို ဝင်တိုက်တာနဲ့ ဘေးကနေဝိုက်ပြီး နောက်ဘက် ပြန်ပတ်ပြီး တိုက်ချင်တဲ့အနေအထားမျိုး ပြင်ဆင်ထားတယ်။ မီးရှို့ပြတယ်။ ဒီဘက်က ဝင်တိုက်တာနဲ့ သူတို့က ညှပ်ပြီးပြန်တိုက်မှာ။ အဲဒါကြောင့်လည်း ဒီဘက်က ဝင်လို့မရဘူးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းကာလ စစ်တပ်၏ နေအိမ်မီးရှို့မှုများကို လက်လှမ်းမီသမျှ စုစည်းဖော်ပြသည့် Data For Myanmar-D4M အဖွဲ့၏ စာရင်းများအရ စစ်ကိုင်းတိုင်းသည် နေအိမ်မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး ၂၀၂၂ ဩဂုတ် ၁၅ အထိ နေအိမ် ၂၀,၁၅၃ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် တစ်နိုင်ငံလုံးတွင် နေအိမ်ပေါင်း ၂၈,၄၃၄ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းပြီးလျှင် မကွေးနှင့် ချင်းပြည်နယ်တို့မှာ အများဆုံးပျက်စီးကြောင်း အဆိုပါအဖွဲ့၏စာရင်းများတွင် တွေ့ရသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကလည်း စစ်ကောင်စီကို မီးရှို့မှုများ ဆက်မလုပ်ရန် ဟန့်တားခဲ့ဖူးသည်။ 

စစ်ကောင်စီကမူ ၎င်းတို့က ပြည်သူလူထုကို အကာအကွယ်ပေးနေကြောင်း၊ ရန်ပြုခြင်း မရှိကြောင်း တုံ့ပြန်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button