သတင်း

လွိုင်ကော်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာငါးခုထက်မနည်းကို ပစ်ခတ်

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကျေးရွာငါးရွာထက်မနည်းကို စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၁၀) မှစ၍ လက်နက်ကြီးဖြင့် အချက် ၂၀ ကျော် ပစ်ခတ်သည်ဟု စုံစမ်းသိရှိရသည်။

ယနေ့ (နိုဝင်ဘာ ၁၁)ရက် မိုးမလင်းမီ နံနက် ၁ နာရီအထိ ၆ နာရီကျော်ကြာ ပစ်ခတ်ခဲ့ရာ လွိုင်ကော်မြို့ မြောက်ဘက် ၁၀ မိုင်ကျော်အကွာ လွိုင်လင်လေးအနီးတစ်ဝိုက်ရှိ ကျိုင်းတုံ၊ တီးလုံ၊ လင်ဖုံကြီး၊ လင်ဖုံလေး၊ ကွန်နား ကျေးရွာများသို့ ကျသည်ဟု ဒေသတွင်း သတင်းများက ဆိုသည်။

လွိုင်ကော်မြို့တွင် အခြေစိုက်သည့် အမြောက်တပ်နှင့် ကွန်နားရွာ အနောက်ဘက် သုံးမိုင်ကျော် အကွာတွင်ရှိသည့် လွိုင်လင်လေးမြို့အခြေစိုက် အမှတ် ၅၃၀ ခြေမြန်တပ်ရင်းတို့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွန်နားရွာမှ နေအိမ် နှစ်လုံး ပျက်စီးကာ လက်နက်ကြီး ပေါက်ကွဲသည့် အသံကြောင့် အသက် ၇၀ ကျော်အရွယ် ဦးရွှေထူး သေဆုံးသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညက (လက်နက်ကြီးကျတဲ့အချိန်မှာ) ပဲ ဆုံးသွားတယ်။ လက်နက်ကြီးက တအားကျတဲ့ အခါကျတော့ ကြောက်အားလန့်အားနဲ့ အသက်ရှူကျပ်ပြီး သေသွားတာလေ။ အခုလည်း (ဒီနေ့) အသုဘရှိတယ်” ဟု ၎င်းက နိုဝင်ဘာ ၁၁ မွန်းလွဲပိုင်းတွင် ပြောသည်။

ကျေးရွာများသို့ လက်နက်ကြီးကျသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

“(စစ်တပ်က လက်နက်ကြီးနဲ့) မတရားထုတယ်။ PDF မရှိတဲ့ရွာကို နင်းကန်ထုပစ်တယ်။ ကျွန်တော်တို့နေတဲ့ဘက်ကတော့ အခြေအနေ တော်တော်ဆိုးရွားနေပြီ။ ကျွန်တော်တို့လည်း ပြေးမှ ရတော့မယ် ထင်တယ်။ လက်နက်ကြီးထုတာ ညတိုင်းလိုလိုဖြစ်နေတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ 

ရွာအနီး တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ၊ စစ်ကောင်စီ၏ နေအိမ် မီးရှို့မှုများကြောင့် အိမ် ၂၀ လုံးထက်မနည်း ပျက်စီးခဲ့ရဖူးကြောင်း၊ ယမန်နှစ် ဒီဇင်ဘာကတည်းက ကွန်နားရွာခံ အများစု အိုးအိမ်စွန့်ခွာခဲ့ကြပြီး လက်ရှိတွင် အိမ်စောင့် ကျန်နေသည့် ဒေသခံ ၂၀ ခန့်သာရှိတော့ကြောင်း ထိုသူက ဆက်ပြောသည်။

စစ်ကောင်စီဝါဒဖြန့်ချိရေး လူမှုကွန်ရက်စာမျက်နှာများတွင်မူ နိုဝင်ဘာ ၁၀ ရက် ည ၇ နာရီခွဲကျော်တွင် လွိုင်လင်လေးရှိ ခမရ ၅၃၀ ကို တော်လှန်ရေးအဖွဲ့တို့က ၆၀ မမ ဗုံးသီး ၆လုံးဖြင့် ပစ်ခတ်သည်ဟု ဖော်ပြထားသည်။

ပစ်ခတ်မှုကြောင့် တပ်မိသားစုဝင် အမျိုးသမီး ၄ ဦး၊ ၃နှစ်သမီး ၁ ဦး သေဆုံးသည်၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်က လွိုင်ကော်လေဆိပ်အဆင်းတွင် မြန်မာ့လေကြောင်းလိုင်း လေယာဉ် ကျည်ထိပြီးနောက်တွင် စစ်တပ်က လွိုင်ကော်မြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများကို နေ့တိုင်းလိုလို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသတွင်း သတင်းများကဆိုသည်။

နိုဝင်ဘာ ၉ ညပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိရွာတွင် စစ်တပ်က ပစ်သည့် လက်နက်ကြီးကြောင့် ၈ နှစ်အရွယ် ကလေးတစ်ဦး၊ ၈၁ နှစ်အရွယ် ဒေါ်မူထန့်၊ ၄၄ နှစ်အရွယ် ဒေါ်မူမားနှင့် ၅၆ နှစ်အရွယ် ဦးကိုင်တို့ ဒဏ်ရာရသည်ဟု ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် အောက်တိုဘာလကုန်အထိ စစ်တပ်လက်ချက်ဖြင့် ပြည်သူ ၃၇၉ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ထားသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button