သတင်း

ရခိုင်တွင် မိုင်းထိစစ်တပ်က ရွာမီးရှို့ပြီး ဒေသခံ ၇ ဦးကို သတ်ဖြတ်

ရခိုင်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၀) နံနက်က ရိက္ခာနှင့် လက်နက်တင်ကား ၂ စီး မိုင်းဆွဲခံရသည့် စစ်တပ်က အနီးရှိ ဆင်အင်းကြီးကျေးရွာအတွင်း ဝင်ရောက်မီးရှို့ပြီးနောက် ပစ်သတ်ခံထားရသည့် ဒေသခံ ၇ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရသည်။

ယမန်နေ့ နံနက် ၇ နာရီကျော်ခန့်က စစ်တွေ-ရန်ကုန်ကားလမ်းမကြီးပေါ် ဖြတ်သန်းလာသည့် ထိုကားများကို ပဒေသာရွာနှင့် ဆင်အင်းကြီးကျေးရွာအကြား AA က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် ညနေ ၅ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့မှ ၄ မိုင်ခန့်အကွာရှိ ဆင်အင်းကြီးကျေးရွာအတွင်း စစ်ကြောင်းတစ်ခု ရောက်လာပြီး မီးရှို့ခဲ့ရာ လူနေအိမ်တချို့ မီးလောင်ကျွမ်းခဲ့သလို ဒေသခံအများအပြား ထွက်ပြေးခဲ့ရကာ ယနေ့ နံနက် ရွာအတွင်း ဝင်ရောက်ကြည့်ရှုရာ ထိုသို့ ရုပ်အလောင်းများ တွေ့ရှိရခြင်း ဖြစ်သည်။

ရန်ကုန် – စစ်တွေ အာရှကားလမ်းမကြီးဘေးရှိ အိမ်ခြေ ၁၁၀ ကျော်ရှိသော ဆင်အင်းကြီးကျေးရွာအတွင်း သေနတ်ဒဏ်ရာများဖြင့် မြေကြီးပေါ် လဲကျသေဆုံးနေကြသည့် အဖွားအိုတစ်ဦးနှင့် အသက်ကြီးပိုင်းများ အပါအဝင် ဒေသခံ ၇ ဦးကို တွေ့ရသည် ဟု ဆင်အင်းကြီးရွာဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ထိုရွာမှ ဒေသခံများမှာ အမဲခင်၊ ဝက်နှုတ်သီး၊ အလယ်ကျွန်းကျေးရွာများဘက်သို့ ထွက်ပြေး ခိုလှုံနေသည်ဟု ဆင်အင်းကြီးရွာသားတစ်ဦးက ဆိုသည်။

“စစ်တပ်က မနေ့က ညနေပိုင်း ၇ နာရီအထိ ရွာကို မီးရှို့နေတာ တွေ့လိုက်ရတယ်။ သူတို့ရွာက ထွက်သွားတဲ့အချိန်ကိုလည်း အတိအကျ မရလိုက်ဘူး။ ကျွန်တော်တို့ကလည်း ရွာနားကို မကပ်ရဘူး။ အဝေးက ကြည့်နေလိုက်ရတယ်” ဟု ၎င်းရွာသားက ပြောသည်။

သတ်ဖြတ်ခံရသူ ၈ ဦးနှင့် ၁၀ ဦးအကြား ရှိနိုင်သည်ဟု ရွာခံများက ယူဆနေကြသော်လည်း စစ်တပ်ရန် ကြောက်ရွံ့သဖြင့် လက်ရှိတွင် မရှာဖွေနိုင်ကြသေးကြောင်း ဆိုကြသည်။

စစ်တွေဘက်မှနေ၍ ပုဏ္ဏားကျွန်းဘက် ဦးတည်လာသော စစ်တပ်ကားနှစ်စီး မိုင်းဆွဲခံရပြီးနောက် အနီးအနားရှိ စစ်တပ်စခန်းများက ထိုအနီးဝန်းကျင်က ရွာများဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို ရဟတ်ယာဉ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

“(ကားမိုင်းဆွဲခံရတာ) စစ်သား ၁၀ ယောက်လောက် ကျတယ်လို့ သိရတယ်။ ရိက္ခာတွေကတော့ ဆန်၊ ဆီ၊ ဆားတွေ ပါတယ်။ ကားထဲမှာ လက်နက်အင်အားတွေလည်း ပါတယ်။ လူအင်အား ဘယ်လောက်ပါတယ် ဆိုတာကိုတော့ အတိအကျ မပြောနိုင်ဘူး” ဟု ထိုနေရာအနီးနားမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံနောက်တစ်ဦးကလည်း “ရိက္ခာတွေ လက်နက်တွေတင်ပြီးတော့ စစ်တွေဘက်က လာတဲ့ စစ်ကားနှစ်စီးကို AA က မိုင်းဆွဲတိုက်ခိုက်တာပါ။ ရိက္ခာတွေ လမ်းမှာ ပြန့်ကျဲကျန်ခဲ့တယ်။ ကားနှစ်စီးမှာ တစ်စီးက ပျက်သွားတယ်။ ကျန်တစ်စီးကတော့ ပုဏ္ဏားကျွန်း ၅၅၀ တပ်ထဲကို ဝင်သွားတယ်” ဟု ဆိုသည်။

စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် ပုဏ္ဏားကျွန်းအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၅၀ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကာ ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုများအတွင်း ထိုပတ်ဝန်းကျင်အနီးနားရှိ အိုင်ဒင်ကျေးရွာမှ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသားတစ်ဦးတို့ အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၄ ဦး ရှိခဲ့ကြောင်း၊ တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်သဖြင့် စစ်တွေဆေးရုံ၌ ဆေးကုသနေကြောင်း သိရသည်။

“မိုင်းဆွဲခံရပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ရွာတွေအပေါ်က ဝဲပျံပြီးတော့ ဗုံးချတယ်။ ဒရုန်းတွေနဲ့ ပစ်တယ်။ ရွာကို မီးတိုက်တယ်။ ညနေ ၅ နာရီလောက်မှာ အိုင်ဒင်ရွာ မီးလောင်နေတာ တွေ့ရတယ်” ဟု ဒေသခံအခြားတစ်ဦးက ပြောသည်။

ယနေ့ နံနက်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် နံနက် ၉ နာရီခန့်က နွားကျောင်းပြီး ရွာပြန်လာသည့် အသက် ၆၃ နှစ်အရွယ် ဦကျားချေနှင့် သားဖြစ်သူ ၄၀ အရွယ် ဦးအေးစောသိန်းတို့ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီယာဉ်များ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီသည် ယမန်နေ့က စစ်တွေမြို့ တပ်ထိန်းဂိတ်နှင့် ‌ကျောက်တန်းစစ်ဆေးဂိတ်တို့တွင် ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ကြောင်း သိရသည်။

ထိုသို့ ပိတ်ဆို့ထားမှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဘက်သို့ ပြေးဆွဲနေသည့် လိုင်းကားများမှာ စစ်တွေမြို့တွင် ယနေ့ နံနက်အထိ သောင်တင်နေကြောင်း သိရသည်။ ပုဏ္ဏားကျွန်းမြို့တွင်လည်း ‌ရန်ကုန်မှ စစ်တွေသို့ လာသည့် ကုန်ကားများနှင့် အဝေးပြေးကားကြီးများ ယနေ့အထိ ပိတ်မိနေသည်။

ယမန်နေ့ နံနက် ၇ နာရီခွဲမှ စတင်ပြီး စစ်တွေမြို့အဝင်မုခ်ဝအနီးရှိ တပ်ထိန်းဂိတ်တွင် ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ထား၍ ရုံးတက်ရန် သွားကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများပါ လှည့်ပြန်ရသည်ကို တွေ့ရသည်ဟု မြို့ခံများက ဆိုကြသည်။

ရခိုင်ဒေသတွင်မက လက်နက်ကိုင်ပြန်ခုခံနေသော စစ်ကိုင်းတိုင်းအပါအဝင် ဒေသတချို့တွင်လည်း စစ်ကားများ၊ စစ်ကြောင်းများ မိုင်းဆွဲခံရပါက အနီးအနားရှိကျေးရွာများအတွင်း အလားတူ မီးရှို့ သတ်ဖြတ်မှုများကို စစ်တပ်က လုပ်ဆောင်နေသည်။

မောင်တောရှိ စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရ

ယင်းနေ့ ညနေ ၃ နာရီခန့်ကလည်း မောင်တောမြို့နယ်တွင် စစ်တပ် အထိုင်ချရန် ပြင်ဆင်နေသော ဗျူဟာကုန်းတစ်ခုကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကြိမ်ချောင်းအထက်ပိုင်း ၂ မိုင်ခွဲခန့်အကွာ ရန်အောင်ပြင်ကျေးရွာအနီး အပြန်လှန်တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။

မောင်တော – ဗန္ဓုလ သို့ ဆက်သွယ်ထားသည့် ကားလမ်းမကြီးပေါ်ရှိ ရန်အောင်ပြင်ရွာအနောက်ဘက် ကပ်လျက်ရှိသော တံတားအနီး တောင်ကုန်းပေါ်တွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် တစ်ပတ်ခန့်က အထိုင်ချထားသော ဗျူဟာကုန်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“ရွာအထွက် တံတားအနီးက နေရာယူထားတယ်။ ရွာကလူတွေကတော့ အားလုံးကြောက်နေကြရပြီ။ ဘယ်ကို ပြေးရမှန်းလည်း မသိဘူး၊ တောင်ကုန်းမှာ စစ်တပ်က ပြီးခဲ့တဲ့ အပတ်ကမှ ဗျူဟာကုန်းအဖြစ် အထိုင်ချနေတာ။ စစ်တပ်က ရန်အောင်ပြင်ရွာထဲက ဘုန်းတော်ကြီးကျောင်းမှာလည်း တပ်စွဲလို့ ရှိတယ်” ဟု ထိုအနီးဝန်းကျင်မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်များ ပေါက်ကွဲမှုကြောင့် ရန်အောင်ပြင်ရွာမှ နေအိမ် ၂ လုံးမီးလောင်ခဲ့ပြီး လတ်တလောတွင် ရွာခံအများစုမှာ ထွက်ပြေးနေရသဖြင့် အသေးစိတ်မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အိမ်ခြေ ၁၅၀ ခန့်ရှိ ရန်အောင်ပြင်‌ကျေးရွာမှာ မောင်‌တောမြို့ပေါ်နှင့် ၂၃ မိုင်ခန့်ဝေးပြီး စစ်ကောင်စီ တပ်ထိုင်သော ကြိမ်ချောင်းဗျူဟာနှင့် ၂ မိုင်ခွဲခန့်သာ ကွာဝေးသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေချိန် ကြိမ်ချောင်းဗျူဟာမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲကြောင့် ရန်အောင်ပြင်ကျေးရွာ အထက်ပိုင်းရှိ ဝက်ကျိန်း၊ မြဝတီ၊ ခုံတိုင်၊ သက်ကိုင်းညာ၊ ရေနောက်ငါးသား၊ တမန်းသား၊ မင်္ဂလာညွန့်၊ သစ်တုံးနား၊ မင်းခမောင်း စသည့် ဒေသခံများမှာ စိုးရိမ် ကြောက်လန့်နေကြသည်ဟု သိရသည်။

“တကယ်လို့ စစ်တပ်က လာရင် ရွာကို လုပ်မှာကို ကြောက်ရတယ်။ ငါတို့မှာ ပြေးစရာနေရာလည်း မရှိဘူး။ နေ့တိုင်းလိုလို အကြောက်တရားနဲ့ နေနေရတာ။ လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ကြားမှာ ဒေသခံပြည်သူတွေက ကြားညှပ်ခံနေရတယ်” ဟု မောင်တောမြောက်ပိုင်း ဒေသခံတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့သည် ရခိုင်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်းတို့တွင်သာမက ရခိုင်တောင်ပိုင်းတွင်ပါ တိုက်ပွဲများ ပြင်းထန်နေသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ တွင် တစ်ရက်တည်းမှာပင် ၅ နေရာ တိုက်ပွဲဖြစ်ခဲ့၍ ဒေသခံအများအပြား ထွက်ပြေးနေရပြီး စစ်တပ်ဘက်မှ စစ်ကြောင်းထိုးတိုက်ခိုက်နေသည်ဟု AA ဘက်က ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button