သတင်း

လူ ၉ ဦး ပျောက်နေသော မင်းတပ်မြို့ ပလုံတွီရွာတွင် မီးသင့် ရုပ်အလောင်းများတွေ့

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပလုံတွီရွာကို စစ်တပ် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် မီးရှို့ခံထားရသည့် လူ့ခန္ဓာကိုယ်အစိတ်အပိုင်း အရိုးများ တွေ့ရှိခဲ့ရကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) မင်းတပ်ထံမှ သိရသည်။ 

နိုဝင်ဘာ ၇ တွင် စစ်ကောင်စီတပ်သားများက တော်လှန်ရေးသမား အယောင်ဆောင်ကာ ရုတ်တရက်ရောက်လာပြီး တပ်စွဲကြောင်း၊ ယမန်နေ့ (နိုဝင်ဘာ ၁၀) တွင် ပြန်ထွက်သွားပြီးနောက် ဒေသခံ CDF  အဖွဲ့များက ဝင်ရောက်ကြည့်ရှုရာ ထိုသို့တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ရွာအတွင်း CDF မင်းတပ်က နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် ပြာပုံအတွင်း ဦးခေါင်းခွံ၊ အရိုးစု အစိတ်အပိုင်းများ ရှိနေသည်ဟု CDF မင်းတပ် ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွန်က ပြောသည်။

“မီးရှို့ပြီးမှ ထုချေထားတာ။ အရေအတွက် မသိရအောင် လုပ်တာပေါ့။ ရက်ရက်စက်စက် လုပ်တာပေါ့။ လူမဆန်စွာ သတ်ဖြတ်တယ်။ နစ်နာသူမိသားစုတွေ နာရေးတောင် လုပ်လို့မရအောင်၊ အရေအတွက်တွေ မသိအောင် ရက်ရက်စက်စက်လုပ်တယ်” ဟု ဆလိုင်းဟာအွန်က ပြောသည်။

အသက် ၂၀ မှ ၄၀ ကြားရှိ ရွာခံ ချင်းလူမျိုး ၁ ဦး ပစ်ခတ်ခံရ၊ ၂ ဦး ပျောက်ဆုံးနေသည်၊ ယောနယ်မှ လာရောက် စစ်ရှောင်နေသူ ၆ ဦးလည်း အဆက်အသွယ်ပြတ်နေသည်ဟု ဆိုသည်။

ထိုသူများ အားလုံး ပစ်ခတ်သတ်ဖြတ်ခံရပြီး မီးရှို့ခံရသည်ဟု CDF အဖွဲ့နှင့် ဒေသခံများက ယူဆနေကြသည်။

“အခုချိန်ထိလည်း ဘာမှ ဆက်သွယ်လို့ မရသေးဘူး။ ပတ်ပတ်လည်ရွာတွေမှာလည်း စုံစမ်းပြီးပြီဆိုတော့။ အားလုံးပေါင်း ၉ ယောက်ကတော့ သေချာတယ်” ဟု ဆလိုင်းဟာအွန်က ဆိုသည်။

မင်းတပ်မြို့နယ်တွင်း ပါဝင်သည့် ပလုံတွီရွာသည် မကွေးတိုင်း ထီးလင်းမြို့နှင့် ပိုမိုနီးကပ်ပြီး စစ်ကောင်စီရန်ကြောင့် ယောနယ်မှ စစ်ဘေးရှောင်များ လာရောက်ခိုလှုံနေရာ ကျေးရွာလည်းဖြစ်သည်။ 

ရွာကို စီးနင်းသူတို့က ယောနယ်အခြေစိုက် ယောကာကွယ်ရေးတပ် (YDF) ယူနီဖောင်းများ ဝတ်ဆင်ထားသည်ဟု ဆိုသည်။ 

“YDF ဝတ်စုံတွေ ဝတ်ပြီးလာတယ်။ ရွာထဲကို အရင်ဆုံး ၄၊ ၅ ယောက်ပဲ ဝင်လာတယ်။ သူတို့က ပုံမှားရိုက်တဲ့ ပုံစံမျိုး။ ဆေးကုပေးဖို့ ဝင်လာတာလို့ပြောတော့ ရွာသားတွေကလည်း ဒီအတိုင်းပဲ နေတဲ့အချိန်မှာ ကျန်တဲ့သူတွေက တက်လာပြီး ဝင်ရောက်စီးနင်းတာပေါ့” ဟု စစ်တပ်က ဝင်ရောက် စီးနင်းသည့်အခြေအနေကို ဆလိုင်းဟာအွန်က ပြောသည်။ 

မှတိတမ်းဓာတ်ပုံများအရ နေအိမ်များနှင့် ပြင်ပတချို့နေရာများတွင် သွေးစီးကြောင်းတချို့ကိုလည်း တွေ့ရသည်။ 

ထိုသို့ဝင်ရောက်စီးနင်းသည့်နေ့မှာပင် CDF မင်းတပ်က ဝင်ရောက်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း စစ်တပ်က အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် စစ်ဘေးရှောင် ၄၀ နီးပါးကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည့်အတွက် လက်လျှော့ခဲ့ရသည်ဟု ဆလိုင်းဟာအွန်က ဆိုသည်။ 

သို့သော် CDF မင်းတပ်၏ စနိုက်ပါသမားများက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထိုတပ်စွဲထားသည့်ကာလအတွင်း စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသူများအနက် အမျိုးသမီးနှင့် ကလေးငယ်များကို ပြန်လွှတ်ပေးခဲ့သော်လည်း နိုဝင်ဘာ ၈ တွင် ယောဒေသမှ လာရောက်စစ်ရှာင်နေသူ အမျိုးသား ၇ ဦးကို လက်ပြန်ကြိုးတုပ် ဖမ်းသွားကြောင်း CDF မင်းတပ်ဘက်က ပြောသည်။ 

စစ်ကြောင်း ပြန်ထွက်ချိန် ထို ၇ ဦးအနက်မှ တစ်ဦးသာ ထီးလင်းမြို့ပေါ် ပါလာကြောင်း သိရသည်။ 

ထိုပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။  

စစ်တပ် ၃ ရက်ကြာ တပ်စွဲသွားစဉ် ဖြစ်ပျက်ခဲ့သည်များနှင့် ပတ်သက်ပြီး Myanmar Now က အခြားသတင်းရင်းမြစ်များထံမှ သိရှိနိုင်ရန် ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိတွင် ပလုံတွီရွာခံများနှင့် စစ်ဘေးရှောင်များအား ဘေးလွတ်ရာသို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟု  CDF မင်းတပ်က ဆိုသည်။

“ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တယ်။ နာရေးပါ လုပ်လို့မရအောင် လုပ်သွားတယ်။ ကျွန်တော်တို့အနေနဲ့ များစွာ စိတ်မကောင်းဝမ်းနည်းဖြစ်ရတယ်။ ကျွန်တော်တို့ဆီကို ယုံကြည်စိတ်ချစွာလာရောက် စစ်ရှောင်နေတဲ့သူတွေကို ကာဗာ (အကာအကွယ်) မပေးနိုင်၊ မစောင့်ရှောက်ပေးနိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခံစားရတယ်” ဟု ဆလိုင်းဟာအွန်က ဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ (နိုဝင်ဘာ ၁၀) ရက် နံနက် ၄ နာရီဝန်းကျင်တွင် ပလုံတွီရွာမှ ပြန်လည် ထွက်ခွာသွားပြီးနောက် ထီးလင်းမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။ 

ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့၏ တပ်ရင်း၊ တပ်မများကို သိရှိနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ 

စစ်ကောင်စီသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ယမန်နှစ် ဧပြီလ က သတ်မှတ်ခဲ့သော်လည်း မြို့ပေါ်မှအပ ကျေးရွာများတွင် CDF မင်းတပ်က နယ်မြေစိုးမိုးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button