ဆောင်းပါး

စစ်ကောင်စီ၏ PR စနစ်၊ မဲပေးသူက ကိုယ်စားလှယ်ရွေးခွင့်မရှိ

လွှတ်တော်အသီးသီး၌ ၂၅ ရာခိုင်နှုန်း အသာစီးယူထားသည့်အပြင် နိုင်ငံရေးမှမထွက်လိုသော အာဏာသိမ်းစစ်တပ်က ၎င်းတို့စီစဉ်မည့် ရွေးကောက်ပွဲတွင် ပြည်သူကို စိတ်ကြိုက်ကိုယ်စားလှယ် ရွေးခွင့်မပေးရန် ကြံစည်ထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းထားသည့် စစ်ကောင်စီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ရွေးကောက်ပွဲ ဝင်ပြိုင်တိုင်း အပြတ်နိုင်သည့် မဲအများဆုံးသူ အနိုင်ရ (FPTP) စနစ်အစား အချိုးကျ ကိုယ်စားပြု(PR)ဖြင့် အစား ထိုးရန် စီမံနေရာတွင် ထိုအချက် ပါဝင်လာခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဩဂုတ်လအတွင်း ထုတ်ဝေသည့် မြန်မာနိုင်ငံတွင် ပြောင်းလဲ ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ် စာအုပ်တွင် “စာရင်းပိတ်စနစ်” (Closed List PR) ကျင့်သုံးမည်ဟု ဖော်ပြထားသည်။

ထိုစနစ်အရ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီများသည် ဦးစားပေးရွေးချယ်မည့် လူစာရင်းကို UEC သို့ ကြိုတင်ပေးပို့ထားရမည်ဖြစ်သည်။

မဲဆန္ဒနယ်တစ်ခုအတွက် မဲပမာဏ တွက်ချက်ပြီးနောက် ခွဲတမ်းရမည့်ဦးရေ ပေါ်ထွက်ချိန်တွင် ပါတီအလိုက် ကြိုပို့ထားသည့် စာရင်းပါ အစဉ်အတိုင်း ကိုယ်စားလှယ်အဖြစ် အလိုအလျောက် သတ်မှတ်ခံရမည်ဖြစ်သည်။

စစ်ကောင်စီ၏ အချိုးကျ ကိုယ်စားပြုစနစ်ပုံစံ။

“ပြည်သူများ၏ ပညာတတ်မြောက်မှု၊ ရွေးကောက်ပွဲ အတွေ့အကြုံနှင့် နိုင်ငံရေး ယဉ်ကျေးမှုရေချိန် မြင့်တက်လာချိန်တွင် Open List PR (ကိုယ်စားလှယ်ကိုပါ ရွေးနိုင်မည့် အချိုးကျ ကိုယ်စားပြုစနစ်) သို့မဟုတ် အခြား PR တစ်မျိုးမျိုး ပြောင်းလဲကျင့်သုံးရန်” စီမံမည်ဟု UEC စာအုပ်တွင် ပါဝင်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်များ အတွက် ၂၀၀၈ အခြေခံဥပဒေက သတ်မှတ်ထားသည့် ဦးရေ စုစုပေါင်းကို စစ်ကောင်စီက ပြင်ဆင်မည်မဟုတ်သော်လည်း မဲဆန္ဒနယ်များကိုမူ လိုသလို သတ်မှတ်ရန် စီမံထားသည်။

ထို့အပြင် မဲဆန္ဒရှင်တစ်ဦးသည် အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်တို့အတွက် စနစ်သစ် PR၊ ယခင် မဲပေးနေကျပုံစံ နိုင်သူအကုန်ယူ (FPTP) စနစ် နှစ်ခုစလုံး ရောပြွန်း၍ မဲပေးရမည်ဖြစ်သည်။

ယခင်ကျင်းပနေကျ ရွေးကောက်ပွဲစနစ်နှင့် စစ်ကောင်စီ၏ အချိုးကျကိုယ်စားပြုစနစ် နှိုင်းယှဉ်ချက်။

“အရောလုပ်တယ်ဆိုတော့ (မဲပေးမယ့်သူတွေက) ပိုခက်တာပေါ့။ မဲပေးတဲ့အခါ စနစ်နှစ်မျိုးနဲ့ ပေးရမှာလေ။ တစ်ခုက ပါတီကို မဲပေးပြီး နောက်တစ်ခုက လူပုဂ္ဂိုလ်ကို ပေးရမယ် အဲသလို ဖြစ်နေတာပေါ့” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောသည်။

ဝါရင့်တိုင်းရင်းသားပါတီ SNLD သည် ဝင်ပြိုင်သည့် ရွေးကောက်ပွဲတိုင်းတွင် အထူးသဖြင့် ရှမ်းပြည်နယ်၌ အောင်ပွဲခံလေ့ရှိသည့် ပါတီဖြစ်သည်။ 

လာမည့်နှစ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဆိုသော စစ်ကောင်စီ၏ ခြေလှမ်းကို စောင့်ကြည့်နေသော်လည်း ပါဝင်ယှဉ်ပြိုင်ရန် ရှိမရှိ ပါတီတွင်း ဆွေးနွေးနေခြင်းပင်မရှိဟု SNLD ဥက္ကဋ္ဌက ဆက်ပြောသည်။

သို့သော် စစ်ကောင်စီ၏ PR စနစ်ကြောင့် ၎င်း၏ ပါတီအတွက်မူ မည်သည့်သက်ရောက်မှုမျှ မရှိနိုင်ဟု SNLD ဥက္ကဋ္ဌက ဆိုသည်။

“ကျွန်တော်တို့အတွက် ထိခိုက်မှုလည်းမရှိဘူး။ အကျိုးစီးပွားလည်း မရှိဘူး။ (တိုင်းရင်းသား) အခွင့်အရေး ပိုရလာမှာတော့ မဟုတ်ဘူး။ မရတဲ့သူတွေ(မဲမနိုင်ဖူးသူတွေ) ရလာမယ် (ကိုယ်စားလှယ်ဖြစ်လာမယ်)ဆိုတာတော့ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ပယ်ဖျက်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲထားသည်ဟု လွှတ်တော်သုံးရပ်တွင် ၄၂ ဦး အနိုင်ရထားသည့် SNLD ဥက္ကဋ္ဌက ပြောသည်။

“လွှတ်တော်မရှိလို့ ကျွန်တော်တို့လူတွေ(၂၀၂၀ ရွေးကောက်ခံအမတ်တွေ)ကို လွှတ်တော်ကိုယ်စားလှယ်လို့ မပြောနိုင်ရင်တောင်မှ ကျွန်တော်တို့က သူတို့ကို လူထုကိုယ်စားလှယ်အဖြစ် သဘောထားထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရားမျှမျှတတနဲ့ ဝင်ပြိုင်ပြီး နိုင်ထားတဲ့ သူတွေပဲ” ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ လှုပ်ရှားမှုတစ်ခု။ ဓာတ်ပုံ−SNLD Facebook

၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်မရခဲ့သည့် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကမူ စစ်ကောင်စီ၏ ရွေးကောက်ပွဲစနစ်ပြောင်းလဲမှုမှာ ဥပဒေဖြင့် တိတိကျကျ မတွေ့မြင်ရသေး၍ ဝေဖန်ချက်ပေးရန် စောလွန်းနေသည်ဟု ဆိုသည်။

သို့သော် PR ပြောင်းမည်ဆိုလျှင် တပ်မတော်၏ နိုင်ငံရေးပါဝင်မှု အခန်းကဏ္ဍကို သုံးသပ်ရန်၊ UECကို သီးခြားလွတ်လပ်သည့် အဖွဲ့အဖြစ် ဖွဲ့ရန်၊ တိုင်းရင်းများ၏ ကိုယ်စားပြုခွင့်အတွက် ထည့်သွင်းစဉ်းစားရန် ပါတီအနေဖြင့် အကြံပြုထားသည်ဟု ၎င်းက ပြောသည်။

“အခုကတော့ သူက ဆုံးဖြတ်ပြီးသွားပြီ။ ဒီပုံစံကျင့်သုံးမယ်။ ဒီလိုလုပ်မယ်ဆိုပြီး လုပ်တဲ့အခါကျတော့ ကျွန်တော်တို့က ပြောရေးဆိုခွင့်တော့မရှိတော့ဘူးပေါ့။ ဒီအတိုင်း သတ်မှတ်ပြဌာန်းတဲ့ အပေါ် မှာ လက်ခံမလား၊ လက်မခံဘူးလားလို့ပဲ၊ ဆုံးဖြတ်ရမယ့် သဘောဖြစ်သွားတာပေါ့”။

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမည်ဆိုသော ရွေးကောက်ပွဲသို့ ဝင်ရန်ရှိမရှိကိုမူ ပါတီဘက်က ဆုံးဖြတ်ထားခြင်းမရှိသေးဟု ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဆက်ပြောသည်။

“(ရွေးကောက်ပွဲစနစ်ပြောင်းတဲ့) ရလဒ်က နိုင်ငံရဲ့ ပြဿနာတွေကို ဘယ်လောက်ဖြေရှင်းနိုင်စွမ်းရှိလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်”။

ဦးကိုကိုကြီး၏ ပါတီသည် မကြာမီက နေပြည်တော်တွင် ရုံးခန်းဖွင့်ခဲ့ရာ ရွေးကောက်ပွဲဝင်ပြိုင်လိမ့်မည်ဆိုသော သတင်းများထွက်ပေါ်နေသည်။

“ရွေးကောက်ပွဲဝင်မယ် မဝင်ဘူးဆိုတာလည်း ဆုံးဖြတ်ထားတာမရှိဘူး။ ဒီအခြေအနေ ဖြစ်ထွန်းမှုတွေအပေါ်မှာ ဆက်ပြီးလေ့လာနေတုန်းရှိပါသေးတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် ပြည်သူမဲပေးရွေးထားသည့် NLD အစိုးရကို ဖြုတ်ချ၊ NLD ထပ်နိုင်သည့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်၍ အာဏာသိမ်းခဲ့စဉ်က ကြိုတင်ကြေညာထားသည့်အတိုင်း ၂၀၂၃ တွင် ရွေးကောက်ပွဲလုပ်မည်ဆိုသော ခြေလှမ်းကို စစ်ကောင်စီ ဆက်လှမ်းပြနေသော်လည်း မည်သို့ ဖြစ်လာမည်ကို ယတိပြတ်မပြောနိုင်သေးဟု အမည်မဖော်လိုသည့် တိုင်းရင်းသားပါတီခေါင်းဆောင် တစ်ဦးကလည်း ဆိုသည်။

“အာဏာသိမ်းတယ်ဆိုတဲ့လူတွေ လုပ်ရမယ့်အလုပ်က မကြာခင် ရွေးကောက်ပွဲပြန်ကျင်းပပေးမယ် ဆိုတဲ့ ကတိကဝတ်ပဲလေ၊ ဘယ်အာဏာသိမ်းတဲ့သူမဆို အဲဒီလိုပဲ ပြောကြတာပဲ။ ရွေးချယ်ခံအစိုးရ တစ်ရပ်ရှိလာရင် (ပြည်သူနဲ့ နိုင်ငံတကာက) ထောက်ခံမလားဆိုတဲ့မျှော်လင့်ချက်ပေါ့”ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီ ရွေးချယ်ထားသည့် PR စနစ်မှာ မဲဆန္ဒရှင်တို့သည် ပါတီကိုသာကြည့်၍ မဲပေးနိုင်တော့မည်ဖြစ်ရာ NLDသာ ရွေးကောက်ပွဲဝင်မည်ဆိုလျှင် အကြီးအကျယ် အခက်တွေ့လိမ့်ဦးမည်ဟု ဦးစိုင်းညွန့်လွင်က သုံးသပ်သည်။

“ကိုယ်စားလှယ်လောင်းကို မဲဆန္ဒရှင်က မဲမပေးရဘူး။ အံ့ဩတယ် အဲသလိုမျိုးလုပ်တယ်ဆိုရင် NLD ကို မဲပေးတဲ့သူတွေက NLDကိုပဲ မျက်စိမှိတ်မဲပေးမှာပဲ။ လူနဲ့မဆိုင်တော့ဘူး။ ပါတီနဲ့ပဲ ဆိုင်တယ်ဆိုတော့”။

အစိုးရအဖွဲ့ဝင်ဟောင်း၊ အငြိမ်းစား တပ်မတော်အရာရှိကြီးတစ်ဦးကလည်း ဦးစိုင်းညွန့်လွင်ကဲ့သို့ပင် ရှုမြင်ထားသည်။

“NLD တို့၊ SNLDတို့၊ ALD(ဝါရင့်ပါတီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)တို့လို ပါတီတွေ ဝင်ပြိုင်မယ်ဆိုရင် အဲဒီ ဖော်မြူလာက ဂွကျမှာဆိုတော့ အဲဒီလိုမျိုးကျရင် (ရွေးကောက်ပွဲ)လုပ်ချင်မှ လုပ်တော့မှာပေါ့” ဟု ဩဂုတ်လအတွင်း Myanmar Now နှင့် စကားပြောခွင့်ရစဉ်က ထိုသူက ပြောခဲ့သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးရှေ့တွင် ရွေးကောက်ပွဲ အနိုင်ရ၍ အောင်ပွဲခံနေသူများကို ၂၀၂၀ နိုဝင်ဘာလအတွင်းတွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

၁၉၈၈ ပြည်သူ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ စတင်ပေါ်ထွန်းလာချိန်ကတည်းက စစ်တပ်သည် ထိုပါတီကို အစဉ်တစ်စိုက် နည်းမျိုးစုံဖြင့် နှိပ်ကွပ်လေ့ရှိသည်။

NLD အပြတ်နိုင်သည့် ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် အာဏာလွှဲမပေးပဲ ဒေါ်အောင်ဆန်းစုကြည် နှင့် ပါတီခေါင်းဆောင်၊ ပါတီဝင်၊ အားပေးထောက်ခံသူ အများအပြားကို ဖမ်းဆီး၊ ချုပ်နှောင်ကာ စစ်တပ်က နှစ်ပေါင်း ၂၀ ကျော်ကြာ တိုင်းပြည်ကို အာဏာသိမ်းခဲ့သည်။

ထို့နောက်တွင် ၂၀၀၈ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲ၍ လွှတ်တော်အသီးသီး၌ တပ်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းထည့်ကာ ရွေးကောက်ပွဲဖြင့် တိုင်းပြည်အုပ်ချုပ်သည့် စနစ်ကို ၂၀၁၀မှ စတင် ကျင့်သုံးသည်။

NLDက ၂၀၁၂တွင် ၇၅ ကျပ်သားဒီမိုကရေစီဟု နာမည်ကျော်သည့် စစ်တပ်၏ နိုင်ငံရေးစနစ်ကို လက်ခံပေးခဲ့ပြီးနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဝင်ပြိုင်ရာ အစိုးရဖွဲ့နိုင်သည်အထိ အပြတ်အသတ်အနိုင်ရခဲ့သည်။

နောက် ၅နှစ်အကြာ ၂၀၂၀ တွင် NLDက ရွေးကောက်ပွဲထပ်နိုင်ချိန်တွင်မူ စစ်တပ်က တကျော့ပြန် အာဏာသိမ်းခဲ့ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD တစ်ထောင်ကျော်ကို ဖမ်းထားသည်။ ထိုအထဲတွင် စစ်ကောင်စီ ဖမ်းထားစဉ် သေဆုံးသူ ၆၇ ဦးထိရှိသည်၊ NLD ပါတီဝင် ၃၀၀ နီးပါး၏ နေအိမ်များကို ချိတ်ပိတ်သိမ်းဆည်းထားသည်။

NLD ကို ဖျက်သိမ်းမည်ဟုပင် အာဏာသိမ်းပြီးပြီးချင်း စစ်ကောင်စီက ခန့်ထားသည့် စစ်ဥပဒေချုပ်၊ ဒုတိယတရားသူကြီးချုပ်၊ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး ဦးဆောင်သော UEC က ထုတ်ပြောဖူးသည်။ 

စစ်တက္ကသိုလ်အပတ်စဉ် ၁၆ ဆင်းဖြစ်သူ ဦးသိန်းစိုးသည် NLD ဝင်မပြိုင်ဘဲ စစ်တပ်ကျောထောက် နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနိုင်ရခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ဖူးသူဖြစ်သည်။ ထိုရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုများဖြင့် ကမ္ဘာကျော်သည်။

ဦးသိန်းစိုး၏ UECက ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက စစ်ခေါင်းဆောင်ကို အာဏာသိမ်းရန် တိုက်တွန်း ခဲ့သည့် မဲတစ်ကြိမ်မှ အနိုင်မရဖူးသော ပါတီအများစု လက်တွဲကာ စစ်ကောင်စီ အလိုကျ PRဖြင့် ရွေးကောက်ပွဲအသစ်ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

၂၀၁၈ မတ်လတွင် နေပြည်တော်တွင် NLD ခေါင်းဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် စစ်ခေါင်းဆောင်များ။ ဓာတ်ပုံ-သမ္မတရုံး

NLD ကမူ ၂၀၂၀ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်ချိန် ယခုနှစ် နိုဝင်ဘာ ၈ရက်တွင် စစ်ကောင်စီ၏ အတု အယောင် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်ပြုလုပ်ခံမည်မဟုတ်ဟု ကြေညာချက်ထုတ်ပြန်ထား သည်။

နိုင်ငံတကာအနေဖြင့် စစ်ကောင်စီက ဖမ်းထားသည့် NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး၍ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို အဖြေရှာ ရန် ထိုကြေညာချက်တွင် တပါတည်း တိုက်တွန်းထားသည်။

အာဏာသိမ်းမှု နှစ်နှစ်ပြည့်ခါနီးတွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ဒေသအလိုက် ခုခံနေကြရာ နိုင်ငံအနှံ့ တိုက်ပွဲများစွာဖြစ်နေချိန်တွင် ရွေးကောက်ပွဲကို မည်သို့ စီစဉ်မည်ကို မူ ရှင်းလင်းစွာမသိရသေးပေ။

နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာရေး စသဖြင့် ကဏ္ဍစုံတွင် စစ်ကောင်စီကို အကြပ်တွေ့ အောင် လုပ်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကမူ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို သတိကြီးစွာထား၍ နိုင်ငံရေးထွက်ပေါက်မရအောင် လုပ်ရမည်ဟု အောက်တိုဘာလဆန်းတွင်ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button