သတင်း

သထုံတွင် ပြည်သူတစ်ဦးကို ဖမ်းလာသည့် ဗိုလ်မှူးပါ ၃ ဦး တိုက်ခိုက်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ် ဝင်းစိန်ကျေးရွာမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာသည့် မော်တော်ယာဉ် ယနေ့ (နိုဝင်ဘာ ၁၀) နံနက် စောစောပိုင်းတွင် တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသူများထဲတွင် ရာထူးအကြီးဆုံးမှာ သထုံမြို့အခြေစိုက် အမှတ် ၉ လေ့ကျင့်ရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူဖြစ်သည်ဟု ဆိုသည်။

ဝင်းစိန်ကျေးရွာနေ အသက် ၆၀ ခန့်အရွယ် ဦးမြင့်သိန်းကို အရပ်ဘက်သုံး မော်တော်ယာဉ်အနက်ရောင်ဖြင့် ဖမ်းခေါ်လာသည်ကို သတင်းရသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ 

ကားရပ်တန့်စေရန် ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆက်သွယ်ရေးတာဝန်ခံ ကိုစောထူးက ပြောသည်။

“ကားရပ်သွားတဲ့အချိန်မှာ သူတို့ ကားပေါ်က ပြေးဆင်းတဲ့အချိန်မှာ ကျွန်တော်တို့ လက်နက်အသေးတွေနဲ့ ပစ်တယ်။ ပစ်တော့ သူတို့ဘက်က ၄ ယောက်လာတာကို ၃ ယောက်ကျတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရပြီး (တောထဲ) ထွက်ပြေးသွားတယ်” ဟု ၎င်းက ပြောသည်။ 

စစ်သားများ ဖမ်းခေါ်လာသည့် ဦးမြင့်သိန်းမှာ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ လွတ်မြောက်သွားကြောင်း၊ ကားထဲမှ လက်နက်ခဲယမ်း၊ ငွေကြေးနှင့် ဖုန်းများ သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

မောင်းပြန်သေနတ် နှစ်လက်၊ ပစ္စတိုတစ်လက်၊ ကျည်ဆန်များ၊ ဖုန်းငါးလုံးနှင့် ငွေကျပ် သိန်း ၂၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ 

“ပွဲချင်းပြီးသေတာ။ (ကျန်နှစ်ဦးရာထူးအဆင့်) ကို မသိရဘူး။ ဗိုလ်မှူးဆိုတဲ့သူကိုတောင် ကျွန်တော်တို့မသိခဲ့ရဘူး။ ဆေးရုံရောက်ပြီးမှ ဗိုလ်မှူးအဆင့်ဆိုတာ သိရတာ” ဟု ၎င်းက ပြောသည်။

ဗိုလ်မှူးချစ်ဝင်းသူသည် ဇွန်လက သထုံမြို့နယ် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် ဦးဆောင်ပါဝင်ခဲ့သည်၊ သထုံမြို့နယ်တွင် စစ်တပ်ဆန့်ကျင်သူများကို ဖမ်းဆီးရေး တာဝန်ခံလည်းဖြစ်သည်ဟု ဆိုသည်။ 

ထို့အပြင် ယမန်နှစ် ဇွန်လက သထုံမြို့နယ် ဝီယော်ရေတံခွန် သွားရောက်လည်ပတ်သည့် လူငယ်နှင့် အသက်မပြည့်သေးသူ ၁၇ ဦးကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးသည့် အဓိကတရားခံလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

စက်တင်ဘာ ၂၉ ရက်နေ့က စစ်ကောင်စီ၏ သထုံမြို့နယ်ပြည်သူ့စစ်အဖွဲ့ ဒုတိယခေါင်းဆောင် ဒေးဘရိန်းရွာတွင် ပစ်သတ်ခံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button