သတင်း

ဝရမ်းပြေး ထောင်ထွက် ဘူးလက်လှဆွေ နေပြည်တော် ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဖြစ်လာ

လွန်ခဲ့သည့်လ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ထိပ်သီးခေါင်းဆောင်အပြောင်းအလဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ထောက်ခံသူပါတီအမာခံများ ပါတီတွင်း အဓိကနေရာများကို ရရှိခဲ့ကြသည်။

ထိုအပြောင်းအလဲများကြားတွင် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားမော်ကား ပြောလေ့ရှိသည့် ဘူးလက်လှဆွေဟု ကျော်ကြားသူ တပ်အရာရှိဟောင်းနှင့် အမတ်ဟောင်း ဦးလှဆွေမှာ ကြံ့ခိုင်ရေးပါတီ၏ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖြစ်လာခဲ့ကြောင်း သိရှိရသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၉ တွင် အစိုးရအဖွဲ့ရုံးများကို အမေရိကန်က ဗုံးလာကြဲ၍ အကုန်သေလျှင် အေးရောဟု ပြောခဲ့သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ – က ဖြင့် အမှုဖွင့်ခံရရာ တစ်နှစ်ကျော်ကြာ ဝရမ်းပြေးခဲ့ပြီးမှ ဦးလှဆွေက ဖမ်းဆီးခံခဲ့သည်။

၂၀၂၁တွင် စစ်တပ်က အာဏာသိမ်းပြီး မကြာမီ ပြန်လွှတ်ပေးခဲ့ပြီးနောက်တွင် ဒုတိယဗိုလ်မှူးကြီးဟောင်း အသက် ၆၂ နှစ်အရွယ် ဦးလှဆွေက စစ်ကောင်စီကို ထောက်ခံကြောင်း ပြသခဲ့သလို စစ်ကောင်စီက ဦးကျော်မင်းယု ခေါ် ကိုဂျင်မီနှင့် နိုင်ငံရေးတက်ကြွသူ ၄ ဦးကို ကွပ်မျက်မှုကို ထောက်ခံကြောင်း ဆန္ဒပြပွဲကိုလည်း ဦးဆောင်ဟောပြောခဲ့သူဖြစ်သည်။ 

၎င်းသည် ယမန်နေ့ (နိုဝင်ဘာ ၉) ဒက္ခိဏသိရိမြို့နယ်၊ ကြံ့ခိုင်ရေးပါတီရုံးတွင် ပြုလုပ်သည့် တာဝန်လွှဲပြောင်းသည့် အခမ်းအနားတွင်လည်း စစ်ကောင်စီက မတရားပုဒ်မများဖြင့် ထောင်ချခံထားရသည့် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ ပုတ်ခတ်ခဲ့ပြန်သည်။

“အင်္ဂလိပ်လက်ထက်က သုံးခဲ့တဲ့ ပုဒ်မ ၁၂၄(က) ကို အင်္ဂလိပ်မယားလက်ထက်က ထပ်သုံးတယ်။ အဲဒီပုဒ်မနဲ့ ကျွန်တော် တရားစွဲခံရတယ်” ဟု ဦးလှဆွေက ပြောခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်ရုပ်သံအချို့တွင် တွေ့ရသည်။

“မင်းတို့(NLD)တွေသာ နိုင်ငံတော်ကို အကြည်ညိုပျက်စေအောင် လုပ်နေတာဆိုပြီး သူတို့ကို ပြန်ပြီးတော့ ထောင်ထဲ ထည့်လိုက်တယ်။ အဲဒီတော့ သူတို့နဲ့ ကျွန်တော်နဲ့ ထောင်ထဲကနေ အလဲအလှယ်လုပ်လိုက်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ခင်ပွန်းဖြစ်သူ ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်ကို အကြောင်းပြုလျက် စစ်အုပ်စုနှင့် အမျိုးသားရေးအမည်ခံ လှုပ်ရှားသူများက အင်္ဂလိပ်မယား၊ အစ္စလာမ်ဘာသာဝင်များ အကျိုးကို လုပ်ဆောင်သူဟု ဒေါ်အောင်ဆန်းစုကြည်ကို ယိုးစွပ်ကာ ဝါဒဖြန့်ချိလေ့ရှိသည်။

ယခင် နေပြည်တော် ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ကလည်း ဦးလှဆွေသည် NLD လက်ထက်၌ပင် စစ်တပ်အပေါ် ယုံကြည်အားထားမှုရှိသူဟု ပါတီဝင်များနှင့် မိတ်ဆက်ပေးသည့် ထိုအခမ်းအနားတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

“NLD ကာလမှာပင်လျှင် ရဲရဲတောက် တုံ့ပြန်ရင်ဆိုင်နိုင်စွမ်းရှိပါတယ်” ဟု ကြံ့ခိုင်ရေးအစိုးရလက်ထက် လယ်ယာ၊ ဆည်မြောင်း ဝန်ကြီးဟောင်းလည်းဖြစ်၊ ပြည်သူကို ထမင်းတစ်နပ်လျှော့စားရန် ပြောဖူး၍ တစ်နပ်စား မြင့်လှိုင်ဟု ကျော်ကြားသူလည်းဖြစ်သူက ထိုအခမ်းအနားတွင် ပြောခဲ့သည်။

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်၊ မြို့နယ် ၈ ခု၏ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်လာမှုအပေါ် ဦးလှဆွေကို ဆက်သွယ်မေးမြန်းရာ “Order (အမိန့်) မထွက်သေးပါဘူး။ သူတို့ လွှဲပြောင်း၊ လက်ခံပဲ လုပ်သေးတာ။ ကျွန်တော် ဒီလောက်ပဲ ပြောလို့ရမယ်” ဟု ၎င်းက Myanmar Now ကို ယနေ့တွင် ပြောကြားသည်။ 

ဘူးလက်လှဆွေကို နေပြည်တော် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးလိုက်ခြင်းသည် သမ္မတရူးရူးနေသည့် မင်းအောင်လှိုင်က လာမည့်ရွေးကောက်ပွဲအတွက် ‘လူမိုက်မွေး’ သည့် အစီအစဉ်သာဖြစ်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။ 

“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မိုက်မိုက်ရိုင်းရိုင်း ပုတ်ခတ်၊ တိုက်ခိုက် ပြောဆိုတဲ့နေရာမှာ ဦးဝီရသူ ပြီးလို့ရှိရင် (ဘူးလက်လှဆွေ) သူက နံပါတ်နှစ် နေရာလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘူးလက်လှဆွေကို သူ့ရဲ့ မိုက်ရိုင်းတဲ့ ပြောဆိုမှုတွေကို နေရာပေးဖော်ပြဖို့ ဒီလိုခန့်လိုက်တာလို့ ယူဆပါတယ်။ ဒါက ဘာသဘောဆောင်လည်းဆိုတော့ NLD နဲ့ တခြားသော ဒီမိုကရေစီအင်အားစုတွေကို မိုက်မိုက်ရိုင်းရိုင်း ပုတ်ခတ်ဖို့အတွက် လူမိုက်မွေးလိုက်တာ” ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလဆန်း ညီလာခံအပြီးတွင် ကြံခိုင်ရေးပါတီ ဥက္ကဋ္ဌမှာ ရဲချုပ်ဟောင်း ဦးခင်ရီ၊ လွှတ်တော်အမတ်ဟောင်း ဦးသောင်းအေးက အထွေထွေအတွင်းရေးမှူး ဖြစ်လာသည်။ ထိုသူများသည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဩဇာခံ လူရင်းများဖြစ်သည်။

ထို့အတူ ထိုညီလာခံမတိုင်မီကမှ တပ်က အနားယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်လာသည်။

ဦးလှဆွေကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို မိုက်မိုက်ရိုင်းရိုင်းပြောဆိုလေ့ရှိသည့် ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ယခင် နေပြည်တော် ကြံ့ခိုင်ရေးဥက္ကဋ္ဌ တစ်နပ်စားမြင့်လှိုင်က တောင်သူလယ်သမားရေးရာကော်မတီ၊ မင်းကင်းမောင်မြင့်ဟု လူသိများသူက အလုပ်သမားရေးရာကော်မတီ တာဝန်ခံများဖြစ်လာကြသည်။

ကြံ့ခိုင်ရေးပါတီသည် NLD သပိတ်မှောက်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲတွင်သာ အနိုင်ရဖူးပြီး NLD ပြိုင်သည့် ရွေးကောက်ပွဲတိုင်းတွင် ခွက်ခွက်လန်အောင် ရှုံးနိမ့်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button