သတင်း

ရခိုင်တွင် တစ်ရက်အတွင်း ၅ နေရာထက်မနည်း တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် နိုဝင်ဘာ ၈ ရက်နေ့က ၅ နေရာထက်မနည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် မင်းပြား၊ မောင်တောမြို့နယ်တို့အပြင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ခဲ့ပြီး အချို့နေရာများတွင် နံနက် ၉ နာရီမှ ညနေပိုင်းအထိ ကြာမြင့်သည်ဟု သိရသည်။

မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာ၏ အနောက်မြောက်ဖက်တွင် စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်၊ လက်နက်ခဲယမ်းများ တင်ဆောင်လာသော ဇက်သင်္ဘောတစ်စီးနှင့် လေကြောင်းမှ လုံခြုံရေးပါလာသော ရဟတ်ယာဉ်တစ်စီးကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ဇက်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးသည်ဟု AA က ဆိုသည်။

ထို့နောက် မွန်းတည့် ၁၂ နာရီခွဲခန့်အချိန်တွင် အမ်းမြို့နယ်၊ ကဇူးကိုင်းရွာ၏ အနောက်တောင်ဘက်၊ မွန်းလွဲ ၂ နာရီကျော်ခန့်က မောင်တောမြို့နယ်၊ ဝက်ကျိန်း(မြို)ရွာ၏ အရှေ့မြောက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ပကာဝရွာအနီး နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားသလို ယင်းနေ့ ညနေ ၄ နာရီခွဲ ခန့်တွင် အမ်းမြို့နယ်၊ ဟင်းရွက်ရွာ၏ အရှေ့တောင်ဘက်တွင် ခမရ ၃၀၈၊ ခမရ ၃၅၄ ပူးပေါင်းစစ်ကြောင်း နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်သည် မြေပုံမြို့နယ်၊ ကြိုးကြာပြင်ကျေးရွာ၏ မြောက်ဘက်ရှိ ယိုးချောင်းဗျူဟာကုန်းနှင့် အမ်းမြို့နယ်၊ စွိချောင်းကျေးရွာ၏ အနောက်မြောက်ဘက်ရှိ စွိချောင်းဗျူဟာကုန်းများမှ နေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု သိရသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ၁၀ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိကြောင်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့၊ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။

၂၀၁၉ ဇန်နဝါရီ ၃ ရက်နေ့က ရခိုင်ပြည်နယ်၊​ ကျောက်တော်မြို့တွင် တွေ့ရသော စစ်ရှောင်ဒေသခံများ။ (ဓာတ်ပုံ – EPA)

အမ်းမြို့နယ်တွင် တိုက်ပွဲများအနီး ကျေးရွာအသီးသီးမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။  

“တိုက်ပွဲဖြစ်တာက ကျွန်တော်တို့ ဟင်းရွက်ရွာအနီးမှာပဲ ဖြစ်လို့ ပစ်သံခတ်သံတွေကို အနီးကပ် ကြားနေရတယ်။ နေ့ ၃ နာရီလောက်ကနေ ညနေ ၆ နာရီအထိ လက်နက်ငယ်တွေရော၊ လက်နက်ကြီးရော ဆူညံနေတာပဲ။ တိုက်ပွဲဖြစ်တဲ့အချိန် တစ်ရွာလုံး ဘုန်းကြီးကျောင်းထဲ သွားပြီး စုနေရတယ်။ တိုက်ပွဲကတော့ ညနေပိုင်းမှာ ရပ်သွားတယ်” ဟု အမ်းမြို့နယ်၊ ဟင်းရွက်ကျေးရွာသားတစ်ဦးက ပြောသည်။

ဟင်းရွက်ကျေးရွာအနီးရှိ ရှောက်ခြုံကျေးရွာ၊ အုန်းတည်ချောင်းရွာနှင့် ဖရုံချောင်းရွာတို့မှ ဒေသခံများသည် မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့ဘက်သို့ ထွက်ပြေးခိုလှုံနေကြရကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး နိုဝင်ဘာ ၉ ယမန်နေ့တွင်လည်း ကဇူးကိုင်းဗျူဟာက လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် လက်နက်ကြီးများ၊ ဒရုန်းများ၊ ဂျက်တိုက်လေယာဉ်များဖြင့် နေ့ညမရွေး ရမ်းသန်းပစ်ခတ်နေသည့်အပြင် အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများလည်း ဆက်လက်လုပ်ဆောင်နေသည်ဟု AA က ဆိုသည်။​

မင်းပြားမြို့နယ်တိုက်ပွဲအတွင်း ဇက်ရေယာဉ်တိုက်ခိုက်ခံရအပြီး စစ်တပ်က အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။​

“စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့  ပြန်ပစ်တယ်။ လေယာဉ်နဲ့လည်း ပစ်တယ်။ မင်းပြား မယ်တော်တောင်ကလည်း လက်နက်ကြီးပစ်တယ်။ နေအိမ် ၁၅ လုံး လောက် ပျက်စီးသွားတယ်။ ကံကောင်းတယ်လို့ပဲ ပြောရမယ်၊ လူအသေအပျောက် ဒဏ်ရာရတာ မရှိခဲ့ဘူး” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ် ဩဂုတ်လအတွင်းမှ စတင်၍ ခပ်စိပ်စိပ်ဖြစ်လာသော တစ်ကျော့ပြန် စစ်ပွဲဧရိယာတွင် ပလက်ဝ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ အမ်းမြို့နယ်တို့ ပါဝင်သည်။ 

အမ်းမြို့နယ်အတွင်း တိုက်ပွဲမဖြစ်မီ စစ်ကောင်စီတပ်က အောက်တိုဘာလအတွင်း ထိုဒေသကို အင်အားဖြည့်တင်းခဲ့ပြီး ဒေသခံအများအပြားကို AA နှင့် ဆက်နွှယ်မှု သံသယဖြင့် ဆက်တိုက်ဖမ်းဆီးခဲ့သည်။ 

အောက်တိုဘာ ၁၄ တွင် စစ်ကောင်စီတပ်က အမ်းမြို့နယ်၊ ကဇူးကိုင်းအုပ်စု ULA ဒုတိုက်နယ်မှူး ဆိုသူကို စွေ့ချောင်းရွာတွင် ပစ်ခတ်ဖမ်းဆီးပြီး ကဇူးကိုင်းတံတားဂိတ်တွင် သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများ၏ အဆိုအရ သိရသည်။ 

စစ်ကောင်စီသည် အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုမှ ကျေးရွာ ၄၈ ရွာသို့ ရေကြောင်းသွားလာမှုကို အောက်တိုဘာ ၁၃ ရက်မှ စတင်၍  ပိတ်ပင်ထားသည်။

လတ်တလော ရခိုင်ဒေသတိုက်ပွဲများ၊ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button