သတင်း

ရခိုင်တွင် စက်လှေပိုင်ရှင်များအပါအဝင် ၁၈ ဦး ဖမ်းဆီးအမှုဖွင့်ခံရ

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသော စစ်ကောင်စီသည် ဒေသ၏ အဓိကရေလမ်းကြောင်းကို ပြေးဆွဲနေသည့် စက်လှေလုပ်ငန်းရှင်များအပါအဝင် ၁၈ ဦးခန့်ကို ဖမ်းဆီး၍ ရေကြောင်းဥပဒေ၊ မတရားအသင်းပုဒ်မများဖြင့် အမှုဖွင့်နေသည်။ 

ပြီးခဲ့သည့် စက်တင်ဘာမှ ယခုလဆန်းအထိ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များမှ စက်လှေ ၁၃ စီးကို သိမ်းဆည်းထားသည်။ 

ရခိုင်ပြည်နယ်တွင် AA နှင့် တိုက်ပွဲများစတင်လာသည့် ဩဂုတ်လဒုတိယပတ်မှစ၍ စစ်ကောင်စီသည် ကုန်းလမ်းအပြင် ရခိုင်မြောက်ပိုင်း သွားလာမှုအတွက် အဓိကအားကိုးရသော ခရီးသည်တင်ရေယာဉ်များ ပြေးဆွဲမှုကို ပိတ်လိုက်ပြီးနောက် စားသောက်ကုန်များ၊ ဆေးဝါးသယ်ယူသည့် အရပ်သားစက်လှေများကို ဆက်တိုက်ဖမ်းဆီးနေခြင်း ဖြစ်သည်။ 

စက်တင်ဘာအတွင်း ဆေးရုံအတွက် ဆေးများသယ်လာသည့် စက်လှေ ၁ စီးနှင့် စက်လှေသမား ၃ ဦး၊ အောက်တိုဘာတွင် စက်လှေ ၉ စီးနှင့် စက်လှေပိုင်ရှင် ၉ ဦး၊ နိုဝင်ဘာ ပထမအပတ်တွင် စက်လှေ ၃ စီးနှင့် စက်လှေပိုင်ရှင် အပါအဝင် ၆ ဦးကို ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ညနေက စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနီး မင်းချောင်းတံတားအောက်၌ ဆိုက်ကပ်ထားသည့် ခရီးသည်တင် စက်လှေ ၉ စီးကို စစ်သားနှင့် ရဲ ပူးပေါင်းအင်အား ၄၀ ခန့်က ဝင်ရောက်ရှာဖွေကာ စက်လှေပိုင်ရှင် ၉ ဦးကို စစ်တွေအမှတ် (၁) ရဲစခန်းတွင် ၁၀ ရက်ကြာ ချုပ်နှောင် စစ်ဆေးခဲ့ပြီးပြည်တွင်းရေကြောင်းသွားရေယာဉ်ဥပဒေ ပုဒ်မ ၄၃ ဖြင့် အမှုဖွင့်ထားသည်။

ထိုပုဒ်မသည် အာမခံရ၍ စက်လှေပိုင်ရှင် ၉ ဦးလုံး ပြင်ပမှ အမှုရင်ဆိုင်ရန် အာမခံနှင့် ပြန်လွတ်လာသည်။ သို့သော်လည်း စက်လှေပိုင်ရှင် ၂ ဦးသည် AA နှင့် ဆက်စပ်သည်ဟူသော သံသယနှင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် အမှုထပ်ဖွင့်ခံရကြောင်း၊ တစ်ဦး ပြန်လည် အဖမ်းခံရကြောင်း ဒေသခံများထံမှ သိရသည်။  

“သူတို့ကို စရဖက စစ်ဆေးတဲ့အခါ ULA ကို အခွန်ဆောင်ဖူးတယ်လို့ ထွက်ဆိုတဲ့အတွက် မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ထပ်ဖွင့်တာလို့ အကြောင်းပြတယ်။ တရားလိုက စစ်တွေအခြေစိုက် ခမရ ၂၃၂ တပ်ရင်းက ဗိုလ်ကြီးတစ်ဦးလို့တော့ သိရတယ်” ဟု အမည်မဖော်လိုသည့် အငူမော်ကျေးရွာသားတစ်ဦးက ပြောသည်။ 

“ဦးသိန်းထွန်းက နိုဝင်ဘာ ၂ ရက်နေ့က တရားရုံးကို လာတဲ့အခါ ဖမ်းဆီးခံရတာဖြစ်တယ်။ နောက်တစ်ယောက်ဖြစ်တဲ့ ဦးသန်းဝင်းကတော့ အဲဒီနေ့က တရားရုံးမလာဖြစ်လို့ အဖမ်းမခံရဘူး”  

နိုဝင်ဘာလ ၄ ရက်၊ ညနေ ၄ နာရီခန့်က စစ်တွေမှ ဘူးသီးတောင်သို့ ထွက်လာသည့် ကုန်နှင့် ခရီးသည်တင် စက်လှေတစ်စီးကို မင်းချောင်းတံတားအောက်တွင် တပ်စွဲထားသော ခြေလျင်တပ်ရင်း ခလရ ၂၃၄ တပ်ရင်းမှ စစ်သားများနှင့် ရဲ ပူးပေါင်းအင်အား ၂၀ ခန့်က သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့သည်။ 

စက်လှေတွင် လိုက်ပါလာသည့် ဘူးသီးတောင်မြို့နယ်မှ ရဟန်းတစ်ပါးနှင့် ခရီးသည် ၁၅ ဦးကို ပြန်လွှတ်ပေးလိုက်သော်လည်း စက်လှေမောင်းသူကို ခလရ ၂၃၄ တပ်ရင်းမှူးက တရားလိုပြုလုပ်ပြီး ပြည်တွင်းရေကြောင်းသွားရေယာဉ်ဥပဒေ ပုဒ်မ ၄၃ ဖြင့် အမှုဖွင့်ထားသည်။

ထို့နောက် နိုဝင်ဘာ ၅  ရက်၊ နံနက် ၃ နာရီခန့်က မြေပုံမြို့ သင်္ဘောဆိပ်ကမ်းအနီး စက်လှေတစ်စီးနှင့် လူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

မြို့တော်စစ်တွေနှင့် ရခိုင်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ အဓိက ဆက်သွယ်ရာ စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်း၌ ရေယာဉ်များအဝင်အထွက်ကို စစ်ကောင်စီက ပိတ်ထားသည်။

ထို့ကြောင့် စက်လှေများသည် စစ်တွေ- ဘူးသီးတောင် ရေလမ်းကြောင်းရှိ အမြင့်ကျွန်းကျေးရွာအနီး မင်းချောင်းတံတားအောက် ၌ ဆိုက်ကပ်ပြီး ခရီးသည်နှင့် ကုန်များကို အတင်အချပြုလုပ်ကြရာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးနေခြင်း ဖြစ်သည်။ 

စစ်ကောင်စီတပ်က ဖမ်းဆီးနေသော စက်လှေများသည် လိုင်စင်ရှိသော စက်လှေများဖြစ်ပြီး ခရီးသည် သယ်ယူခွင့်၊ ကုန်ပစ္စည်း တင်ပို့ခွင့်ရှိသည်ဟု သိရသည်။

ယင်းမတိုင်မီ နိုဝင်ဘာ ၃ နံနက်ကလည်း မင်းပြားမြို့နယ် ကြပ်စင်တံတား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က စက်လှေတစ်စီးကို ဟန့်တားပြီး စက်လှေတွင် လိုက်ပါလာသည့် ဦးမောင်စံလင်းနှင့် ဦးစိုးနိုင်တို့ကို ဖမ်းဆီးခဲ့သည်။ အဆိုပါ စက်လှေတွင် ကာလတန်ဖိုးပေါက်ဈေး ၂ သိန်း ၂ သောင်း ၅ ထောင်ဖိုး တရားမဝင်တင်ဆောင်လာသော သစ်များကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။ 

ရေကြောင်းသွားလာမှုပိတ်ပင်

သြဂုတ်လ ၁၃ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး နောက်တစ်နေ့တွင် စစ်တွေမှ ရသေ့တောင်မြို့နယ် အငူမော်သို့ ရေကြောင်း စက်လှေအသွားအလာကို ပိတ်လိုက်ပြီး တစ်ဆက်တည်း အငူမော် -မောင်တော ကားလမ်း ပိတ်လိုက်သည်။

ထို့နောက် စစ်တွေ -ရသေ့တောင်- ဘူးသီးတောင် ရေလမ်းကိုပါ တစ်ဆက်တည်း ပိတ်လိုက်သလို အောက်တိုဘာ ၂ မှ စတင်၍ မင်းပြား -မြေပုံကားလမ်းကို စစ်ကောင်စီက ပိတ်ဆို့လိုက်ပြီး ရေလမ်းကိုပါ ထိန်းချုပ်ရန် ကြိုးစားနေသည်။

အလားတူ စစ်တွေမြို့နှင့် ရေလမ်းကိုသာ အဓိကထား ဆက်သွယ်သွားလာနေရသည့် ပေါက်တောမြို့နယ်တွင် အောက်တိုဘာ ၁၈ မှ စတင်၍ စစ်ကောင်စီက ရက်အကန့်အသတ်မရှိ တားဆီး ပိတ်ပင်ထားသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၁၉ မှစ၍ တောင်ကုတ်မှလွဲ၍ ရေယာဉ်လိုင်းအားလုံးကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်ထားသည်။ 

စစ်ကောင်စီသည် ဒေသခံများ အများဆုံးအသုံးပြုသော ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းကို လက်ရှိတွင် စစ်တွေ – ကျောက်ဖြူ – ရမ်းဗြဲ – တောင်ကုတ် – မာန်အောင် လမ်းကြောင်းကိုသာ ပြေးဆွဲခွင့်ပြုထားသည်။

စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်သည် ရေကြောင်းသွားလာနေသည့် အရပ်သား ရေယာဉ်တချို့ကိုလည်း လိုက်လံ ဖမ်းဆီးခဲ့သည်။ 

စက်တင်ဘာအတွင်း မြေပုံမြို့နယ် ငပသုန်တိုက်နယ်ဆေးရုံအတွက် လိုအပ်သည့် ဆေးဝါးများကို စစ်တွေမြို့မှ စက်လှေဖြင့် လမ်းကြုံသယ်ဆောင်လာသည့် စက်လှေကို စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ပြီး စက်လှေပိုင်ရှင် ဦးသိန်းဘုချေ (၅၅ နှစ်)၊ စက်ဆရာ ဦးမောင်ခင်ဝင်း(၅၀ နှစ်) နှင့် စက်လှေမောင်းသူ ဦးအေးထွန်း (၄၅ နှစ်) တို့ကို ၁၀ရက်ကြာ စစ်ဆေးကာ အမှုဖွင့်ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ 

၎င်းတို့ သုံးဦးသည် စစ်တွေ အမှတ် (၂) ရဲစခန်းတွင် ဖွင့်ထားသော အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ-၁၉(ခ) အမှုကို ရင်ဆိုင်နေရသည်။

ငပသုန်တိုက်နယ်ဆရာဝန်ဖြစ်သော ဒေါက်တာဝင်းနိုင်စိုးကိုလည်း စက်တင်ဘာ ၂၇ က လာရောက်ဖမ်းဆီးပြီး တစ်ပတ်ကြာ စစ်ဆေးခဲ့သည်။

ထိုသို့ ဒေသအတွင်း သွားလာနေသည့် စက်လှေများနှင့် ငါးဖမ်းစက်လှေများကို စစ်တပ်က လိုက်ဖမ်းနေ၍  ငါးဖမ်းစက်လှေများ မထွက်နိုင်သဖြင့် စားဝတ်နေရေး ထိခိုက်နေကြောင်း ငါးဖမ်းသမားများက ပြောသည်။ 

“အခု မြစ်ထဲ ငါးဖမ်းမထွက်ရဘူး။ တစ်ချို့လည်း ဝမ်းရေးက ရှိနေတော့ အရဲစွန့်ပြီး နေ့ခင်းဘက် ခဏထွက်တယ်။ ညဘက် ငါးဖမ်း လုံးဝမထွက်ရတော့ ရက်ကြာလာတာနဲ့အမျှ မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေရပြီ။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေရတဲ့ ပြည်သူတွေကိုလည်း ငဲ့ညှာသင့်တယ်” ဟု စစ်တွေမြို့နယ်မှ ငါးဖမ်းသမားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ကုလားတန်မြစ်၊ မေယုမြစ်တွင် ဒေသတွင်း ဆက်သွယ်သွားလာရာ နေရာများ၌ စစ်ရေယာဉ်ဖြင့် စောင့်ဆိုင်းနေပြီး စက်လှေများကို ဆက်လက် ပစ်ခတ် ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ဒေသစစ်ကောင်စီသည် လူထုကို ဒုက္ခပေးနေသည်ဟု ဒေသတွင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

“ပြည်သူတွေကို သက်သက် ငတ်ပြတ်အောင်၊ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်တဲ့ အဖွဲ့အစည်းကို အစိုးရလို့ မခေါ်ထိုက်ဘူး။ အစိုးရဆိုတာ ပြည်သူကို တာဝန်ယူရမယ်။ ပြည်သူရဲ့ကောင်းကျိုး၊ ဆိုးကျိုး၊ ကျန်းမာရေး၊ လှုမှုရေး၊ စီးပွားရေးအစ နယ်ပယ်စုံကို ရှင်သန်နိုင်အောင် အစခပ်သိမ်းတာဝန်ခံရမယ်။ အခုက ရခိုင်အစိုးရလုပ်နေသူတွေကလည်း ပြည်သူတွေ ဒုက္ခရောက်နေတာကို မသိနိုင်၊ မမြင်နိုင်အောင် ဖြစ်နေကြတယ်” ဟု လွှတ်တော်အမတ်ဟောင်းတစ်ဦးက ဝေဖန်သည်။

ရခိုင်မြောက်ပိုင်းရှိ ရေလမ်းကို စစ်ကောင်စီတပ်က တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးနေသဖြင့် ကျေးလက်ဒေသတွင် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကဲ့သို့ အခြေခံပစ္စည်းများ ပြတ်လပ်နေကြောင်း သိရသည်။ 

ထို့ပြင် အရေးပေါ် ဆေးရုံဆေးခန်းသို့ မပို့ဆောင်နိုင်သဖြင့် မသေသင့်ဘဲ သေဆုံးမှုများလည်း ဆက်လက် ရှိနေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button