သတင်း

မြန်မာစစ်တပ်က ရုရှားလုပ် Su-30 တိုက်လေယာဉ်များ ရရှိထား 

မြန်မာစစ်တပ်သည် ရုရှားလုပ် Su-30s အမျိုးအစား နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်များ လက်ခံရရှိထားပြီး နေပြည်တော်၌ လေ့ကျင့်ပျံသန်းနေကြောင်း အထောက်အထားများ တွေ့ရှိရသည်ဟု နိုင်ငံတကာသတင်းဌာနများက ရေးသားသည်။

အာဏာသိမ်းစစ်တပ်က အရပ်သားများကို လေကြောင်းမှတိုက်ခိုက်ရာတွင် နောက်ဆုံး လက်ခံရရှိသည့် ရုရှားလုပ် စစ်လက်နက်ပစ္စည်းများ အသုံးပြုနေသည်ဟုလည်း စောင့်ကြည့်သူများက ဆိုသည်။ 

အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိ Su-30s အမျိုးအစား ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၆ စီး ဝယ်ယူရန် မြန်မာဘက်က သဘောတူခဲ့ကြောင်း ရုရှားစစ်တပ် တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။​

ရုရှားလုပ် နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်များ ရရှိတော့မည်ဖြစ်ကြောင်း စစ်ကောင်စီတာဝန်ရှိသူက ထုတ်ဖော်ပြောဆိုခဲ့သည့်နည်းတူ လွန်ခဲ့သည့် သီတင်းပတ်များအတွင်း နေပြည်တော်၌ တိုက်လေယာဉ်အသစ်များ စမ်းသပ်ပျံသန်းနေကြောင်း မြို့ခံများထံမှ သိရသည်။

ဂြိုဟ်တုဆိုင်ရာ အချက်အလက်၊ စောင့်ကြည့်မှတ်တမ်းများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များအရ နေပြည်တော်တွင် Sukhoi Su-30s တိုက်လေယာဉ် အနည်းဆုံးတစ်စင်း ရှိနေပြီဖြစ်ကြောင်း အတည်ပြုနိုင်သည်ဟု စစ်ကောင်စီ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည့် Myanmar Witness အဖွဲ့က ဆိုသည်။

ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Su-30s တိုက်လေယာဉ်များအနက် ပထမအသုတ် လက်ခံရရှိမည်ဖြစ်ကြောင်း စက်တင်ဘာလတွင်း သတင်းများထွက်ပေါ်ခဲ့ပြီး လက်ရှိတွင် မည်မျှရောက်နေပြီဟု မသိရပေ။

နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်တိုက်ဖိအားပေးကာ ဒဏ်ခတ်အရေးယူခြင်းများ ရှိနေသော်လည်း ရုရှားနိုင်ငံကမူ အာဏာသိမ်း မြန်မာစစ်တပ်ကို ထောက်ခံအားပေးနေသည့်အပြင် စစ်လက်နက်ပစ္စည်းများလည်း ဆက်ရောင်းချနေသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းမှ စစ်ဆင်ရေးတစ်ခုတွင် ရုရှားလုပ် Kamov KA-29TB အမျိုးအစား ရဟတ်ယာဉ်တစ်စင်း အသုံးပြုခဲ့သည့် အထောက်အထားများ၊ ဓာတ်ပုံများ ရှိသည်ဟု စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် Janes က ဆိုသည်။​

စစ်ကောင်စီက လက်ရှိအသုံးပြုနေသည့် တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်အများစုသည်လည်း ရုရှားနိုင်ငံထုတ်များဖြစ်ပြီး KA-29TB အမျိုးအစား စစ်ဘက်သုံး အကြီးစားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်မှာ မကြာမီက ဝယ်ယူထားသည်ဟု ယူဆရသည်။ 

အဆိုပါ ရဟတ်ယာဉ်အမျိုးအစားမှာ ယခုနှစ်ဆန်းပိုင်းတွင် မြန်မာစစ်တပ်က ဝယ်ယူရန် သဘောတူထားသည့် ရဟတ်ယာဉ်ငါးစီးအနက် တစ်ခုဖြစ်နိုင်သည်ဟုလည်း Janes အဖွဲ့က ဆိုသည်။​

လက်နက်ကိုင် ခုခံတော်လှန်မှုများကြောင့် မြေပြစ်စစ်ကြောင်းများ အထိနာလာချိန်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအားကိုးလာပြီး စစ်ကိုင်းတိုင်းမှ ကျေးရွာများကို ဝင်ရောက်စီးနင်းရာတွင် ရဟတ်ယာဉ်များကို တွင်ကျယ်စွာ အသုံးပြုနေသည်။

စစ်ကောင်စီအနေဖြင့် အရပ်သားများကို လေကြောင်းမှတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အဆက်မပြတ် ထုတ်ဖော်ပြောဆိုထားသည်။​

ပြီးခဲ့သည့်လအတွင်း ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အကြို ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားများ အပါအဝင် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့သည်။​ 

ညအချိန် ဂျက်တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးရသူများတွင် ကချင်အနုပညာရှင်များ ပါဝင်သည်ဆိုသော ပြောဆိုချက်များနှင့် ပတ်သက်၍ ကောလာဟလသာဖြစ်သည်ဟု စစ်ကောင်စီက တုံ့ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button