ဆောင်းပါး

ဘုန်းကြီးများ စီစဉ်သော စစ်သင်တန်းနှင့် ပျူစောထီးအဖွဲ့များ

စစ်ကိုင်းတိုင်းအလယ်ပိုင်း ကန့်ဘလူမြို့၊ ငါတို့ရွာကို ဒေသတွင်း ပြည်သူ့စစ်အဖွဲ့များ လိုက်လံဖွဲ့စည်းနေသည့် ဦးဝါသဝနှင့် နောက်လိုက်များ အောက်တိုဘာ ၂၄ တွင် ရောက်လာသည်။   

မြို့အရှေ့ဘက် ၂ မိုင်အကွာရှိ ထိုရွာ၏ ဘုန်းကြီးကျောင်းတွင် ဒေသခံတို့ကို စုဝေးစေကာ ရွာအပြင်ဘက် ထွက်မပြေးကြရန် ခြိမ်းခြောက်လိုက်သည်၊ ၎င်းတို့ထဲမှ တစ်ဦးက မောင်းပြန်သေနတ်ကို မိုးပေါ်ထောင်ပြီး ကျည်ကတ်မှ ကျည်ဆန်ကုန်သည်အထိ ပစ်ခတ်လိုက်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။  

“ဘုန်းကြီးကျောင်းရောက်တော့ ဘောက်ကုန် သေနတ်ဖောက်တာပဲ၊ အပြင်မထွက်ဖို့ မိုက်နဲ့ အော်တာပဲ၊ ပြေးရင် ပစ်မှာ၊ အေးအေးဆေးဆေးနေဖို့ဆိုပြီး အော်တာ” ဟု ထိုရွာမှ ထွက်ပြေးလာသော အထက်ပါ အမျိုးသားက ပြောသည်။   

ထိုသို့ အင်အားပြ ခြိမ်းခြောက်အပြီး ၅ ရက် အကြာတွင် ထိုရွာမှ အမျိုးသားများကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးလေသည်။  

ဤသို့ဖြင့် စစ်ကိုင်းတိုင်းတွင် ခြိမ်းခြောက်ခြင်း၊ ဘာသာရေးအကြောင်းပြစည်းရုံးခြင်း နည်းလမ်းများဖြင့် စစ်သင်တန်းများ တက်စေပြီး ပြည်သူ့စစ်အဖွဲ့များ ဆက်တိုက် ဖွဲ့စည်းမှုကို လက်နက်ကိုင် သင်္ကန်းဝတ်တစ်ဦးက ဦးစီးနေပြီး လိုအပ်သော နည်းပညာနှင့် လက်နက်တပ်ဆင်ခြင်းကို စစ်ကောင်စီက တာဝန်ယူနေသည်။

တရားပြခြင်း၊ ခြိမ်းခြောက်ခြင်း

ဦးဝါသဝက ကျေးရွာအစည်းအဝေးခေါ်ယူကာ ဒေသခံ ၅၀ ကို မဲနှိုက်ရွေးချယ်ပြီး ပြန်သွားကြောင်း၊ နောက်တစ်နေ့တွင် သူ့တပည့်များက တစ်အိမ်တစ်ယောက် မဖြစ်မနေတက်ရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“မဲမပေါက်တဲ့သူတွေကတော့ ပျော်ကြတာပေါ့ဗျာ။ နောက်ရက်ကျတော့ မဖြစ်မနေတက်ရမယ်ဆိုတော့ ကြောက်ကြောက်နဲ့ အကုန်တက်ရတာ” ဟု ၎င်းက ပြောသည်။

အိမ်ခြေ ၂၅၀ ရှိသည့် ငါတို့ကျေးရွာတွင် သင်တန်းတက်ရသူ ၁၅၀ ရှိသည်ဟု ဆိုသည်။

ရက်သတ္တနှစ်ပတ်ကြာမြင့်မည့် ထိုသင်တန်းကို ကျေးရွာဘုန်းကြီးကျောင်းတွင် ပြုလုပ်နေပြီး စစ်တပ်မှ ၅ ဦးခန့်နှင့် ဒေသခံတို့က ပျူစောထီးဟုခေါ်သော ပြည်သူ့စစ်များက ကြီးကြပ်နေသည်။ 

သက်ကြီးရွယ်အိုများကိုပါ သင်တန်းသို့ ခေါ်ယူကာ ကြည့်ရှုခိုင်းကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့ထံမှ သိရသည်။

ဦးဝါသဝ ခေါ်ယူသော အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိသော၊ သင်တန်းသို့ ရောက်မလာသော အမျိုးသားများကိုလည်း ပျူစောထီးတို့က ဖမ်းဆီးရန် ကြိုးစားခဲ့ကြောင်း လုံခြုံသည့်နေရာသို့ ရောက်နေသည့် အထက်ပါ အမျိုးသားက ဆိုသည်။

“သူတို့က ခေါ်တော့ ကျွန်တော်က မလိုက်ဘူးလေ။ အဲတော့ ကျွန်တော့်အိမ် လာလာဝိုင်းနေတာ၊ ကျွန်တော်ကတော့ ပြည်သူတွေဒုက္ခရောက်မှာ၊ မလုပ်ချင်ဘူးဆိုပြီး မိသားစုလိုက် ထွက်ပြေးလာတာ” ဟု ၎င်းက ပြောသည်။

အထက်ပါ ပျူစောထီးအဖွဲ့တွင် တောက္ကရှက်ရွာဘုန်းကြီး၊ ကန့်ဘလူမြို့ဦးကျောင်းဘုန်းကြီး၊ ထောက်ကြံ့ရွာဘုန်းကြီးတို့လည်း ပါဝင်သည်။

ပြည်သူ့စစ်အဖွဲ့များ ပေါ်ပေါက်ရေး လုပ်ဆောင်နေသော မှော်တောရွာဘုန်းကြီး ဦးဝါသဝ၏ ခါးတွင် ကျည်ကတ်တချို့ ရှိနေကြောင်း အစည်းအဝေးတက်သူများကို ကိုးကား၍ ထိုသူက ဆက်ပြောသည်။

“တောက္ကရှက်ဘုန်းကြီးကတော့ သီလပေးတာ။ မှော်တော်ဘုန်းကြီးကတော့ ခါးမှာ ကျည်ကပ်တွေ ထိုးထားပြီး အဓိက ဟောပြောတာတွေ လုပ်တယ်၊ နားမထောင်ရင် လက်နက်ကြီးနဲ့ ပစ်မယ်တွေ ပြောတာ” ဟု သူက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ စစ်သင်တန်းတစ်ခု။ ဓာတ်ပုံ – အညာသားလေး

မဘသ ဘုန်းကြီး

မှော်တောရွာဘုန်းကြီးကျောင်း ကျောင်းထိုင်ဘုန်းကြီး ဦးဝါသဝသည် စစ်တပ်ကို ထောက်ခံသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဖြစ်သည်။ 

အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၅၀၀ ကျော်၊ ဗုဒ္ဓဘာသာဝင် အိမ် ၅၀ ရှိသော ထိုရွာတွင် ကျောင်းထိုင်ရာမှ “၅၅၀” ဆရာတော်ဟုလည်း အမည်တွင်လာကြောင်း သူက Myanmar Now ကို ပြောပြဖူးသည်။  

ဒေသတွင်း ရွာများကို လှည့်လည်ရာတွင် သူက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆန့်ကျင်ရေးတရား ဟောလေ့ရှိသည်။   

PDF ရပ်တည်နိုင်ခြင်း မရှိစေရန် လမ်းကြောင်းများ ပိတ်ဆို့ခြင်းအပြင် သဖန်းဆိပ်ဆည်၊ ကင်းတပ်ဆည်နှင့် မူးမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေကျင်စက်များ၊ ရေနံမှော်များကိုလည်း ဖျက်ဆီးရှင်းလင်းသင့်သည်ဟုလည်း စစ်တပ်အားပေးမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ဦးဝါသဝက ပြောဖူးသည်။ ​

ဤသို့ဖြင့် ဒေသတွင်း ကျေးရွာများမှာ ရွာမီးရှို့ဖျက်ဆီးခြင်း မခံရစေရန် သူတိုက်တွန်းသည့်အတိုင်း ပြည်သူ့စစ်သင်တန်းတက်ကာ ရွာအများအပြားတွင် ပျူစောထီးအဖွဲ့များ ပေါ်လာသည်။ 

PDF ထောက်ခံသော ရွာများကို မြန်မာပြည်မြေပုံမှ ဖယ်ရှားရမည်ဟု ပြောဆိုခဲ့ခြင်းမှာ ပြည်သူများကို ကောင်းစေချင်သော စေတနာကြောင့်ဖြစ်သည်ဟု အကြောင်းပြသည်။ 

“ဒေါသမေတ္တာပါ။ ဒါယကာ၊ ဒါယိကာမတွေကို ကောင်းစေချင်တာ၊ လိမ်လိမ်မာမာနဲ့ နေစေချင်တာ။ PDF တွေလည်း ကိုယ့်တိုင်းရင်းသားတွေပဲ” ဟု Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဦးဝါသဝက တုံ့ပြန်သည်။ 

ကျေးလက်ဒေသ မဘသခေါင်းဆောင်များအနက် အထင်ရှားဆုံးဖြစ်လာပြီး အခြားရွာများသို့ သွားလျှင် စစ်ယူနီဖောင်းဝတ် လက်နက်ကိုင် ပျူစောထီးများ ခြံရံပြီး ယာဉ်တန်းနှင့် သွားလာတတ်သည်။ 

နိုဝင်ဘာ ၁ ရက်နေ့ သူ၏ အသက် ၄၀ ပြည့် အထိမ်းအမှတ် မွေးနေ့ကိတ်မုန့်ပေါ် မိုင်းပြီးဆရာတော်ဟု ရေးသားထားပုံကို သူ၏ နောက်လိုက်တစ်ဦးက အွန်လိုင်းလူမှုကွန်ရက်တွင် တင်ထားသည်။ မွေးနေ့မတိုင်မီ တစ်လအလိုက သူ၏ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသော်လည်း ထိခိုက်သေဆုံးခြင်းမရှိသဖြင့် ထိုသို့ ရေးသားခြင်းဖြစ်သည်ဟု သိရသည်။ 

တန့်ဆည်မြို့နယ်ဇာတိ ဦးဝါသဝသည် ရွာအသီးသီးရှိ ပြည်သူ့စစ်သင်တန်းဆင်းပွဲများသို့ သွားရောက်လေ့ရှိပုံကို သူ၏ နောက်လိုက်များက အွန်လိုင်းလူမှုကွန်ရက်တွင် ဖြန့်ဝေလေ့ရှိသည်။ ပျူစောထီးအဖွဲ့များ၏ ခေါင်းဆောင် ဘုန်းကြီးသည် အရောင်တောက်ပြောင်သော လိမ္မော်ရောင်သင်္ကန်း ဝတ်ဆင်လေ့ရှိသည်၊ စိတ်ပုတီးကို ကိုင်ထားတတ်ပြီး တစ်ခါတစ်ရံ လည်ပင်းတွင် ဆွဲထားတတ်ပြီး သူ့စကားနားမထောင်သူများကို ရိုက်နှက်ဆုံးမနေသည့် ရုပ်သံမှတ်တမ်းများလည်း အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

‘စစ်ကိုင်းတိုင်းရှိ ကျေးရွာတစ်ခုတွင် တွေ့ရသည့် ဦးဝါသဝနှင့် ပျူစောထီးအဖွဲ့ဝင်များ

သင်တန်းမှ ထွက်ပြေးခြင်း

သူ၏ ပြည်သူ့စစ်သင်တန်းများသို့ ဖုန်းယူဆောင်ခွင့် မပြု၊ သင်တန်းပြီးလျှင် စစ်တပ်က တပ်ဆင်ပေးသည့် လက်နက်အများစုမှာ တစ်တောင့်ထိုးသေနတ်ဖြစ်ပြီး မောင်းပြန်သေနတ်လည်း ပါဝင်သည်။ စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အားကောင်းသော၊ မဘသအဖွဲ့ စည်းရုံးထားနိုင်သော ရွာဆိုလျှင် လက်နက်အရေအတွက် အများအပြား တပ်ဆင်ပေးထားသည်ဟု သိရသည်။ 

လတ်တလော သူစီစဉ်ထားသော သင်တန်းမှာ ကန့်ဘလူ ငါတို့ရွာတွင် ဆက်လက် ပြုလုပ်နေဆဲဖြစ်သည်။ ထိုရွာသည် စစ်ကောင်စီတပ် နယ်မြေစိုးမိုးထားသော ကန့်ဘလမြို့နှင့် ၂ မိုင်သာ ကွာဝေးခြင်း၊ အနီးတွင် အမှတ် ၆၀၀၆ တင့်ကားတပ် တည်ရှိခြင်း၊ ရွာရှိ အင်အား သုံးပုံတစ်ပုံခန့်မှာ ကြံ့ခိုင်ရေးပါတီထောက်ခံသူများဖြစ်ခြင်းတို့မှာ ထိုရွာတွင် သင်တန်းစီစဉ်နိုင်သည့် အကြောင်းရင်းများ ဖြစ်သည်။ 

နိုဝင်ဘာ ၁ ရက်နေ့က ငါတို့ရွာစစ်သင်တန်းမှ ထွက်ပြေးသူ နှစ်ဦးအနက် တစ်ဦး အသတ်ခံလိုက်ရသည်။   

သေဆုံးသူ အသက် ၃၆ နှစ်အရွယ် ကိုအောင်ချမ်းသာထွန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ငါတို့ကျေးရွာ စည်းရုံးရေးမှူးဖြစ်ကြောင်း သူ၏ ဆွေမျိုးသားချင်းတစ်ဦးက ပြောသည်။    

အဖမ်းခံလိုက်ရသူ၏ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်တချို့ထံမှ နိုဝင်ဘာ ၃ ရက်နေ့တွင် သိရသည်။    

ကင်းစောင့်သူ မရှိဟု ယူဆပြီး သင်တန်းပြင်ပသို့ ထွက်ခွာကြချိန်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ထိုရွာနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“အပြင်ကင်း မရှိလောက်ဘူးထင်ပြီး ထွက်တဲ့အချိန်မှာ ပစ်ခံလိုက်ရတာ၊ တစ်ယောက်ကတော့ သေပြီ၊ နောက်တစ်ယောက်ကလည်း သေမယ့်အပိုင်းက များပါတယ်။ မိတော့ နှိပ်စက်ခံနေရတာ” ဟု ထိုအမျိုးသမီးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း တွေ့ရသည့် ပျူစောထီးအဖွဲ့။ ဓာတ်ပုံ – အညာသားလေး

အိမ်ကြက်ချင်း အိုးမဲသုတ်

ဆန္ဒပြသူတို့ကို ပစ်သတ်ခြင်းကြောင့် ဒေသအများအပြားတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ အင်အားအကောင်းဆုံးသော ခုခံမှုကို စစ်ကိုင်းတိုင်းတွင် တွေ့နိုင်သည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ စစ်သင်တန်း၊ နည်းပညာ၊ လက်နက်အကူအညီ ရရှိထားသူများထဲတွင် စစ်ကိုင်းတိုင်းထဲမှ ကာကွယ်ရေးအဖွဲ့များ ပါဝင်သည်။ 

လူထုထောက်ခံမှုရှိသော၊ နယ်မြေကျွမ်းကျင်သော၊ ပြောက်ကျားစနစ် ကျင့်သုံးသော PDF အဖွဲ့များကို စစ်ကောင်စီတပ်က လေကြောင်းအကူအညီမပါဘဲ ရင်ဆိုင်နိုင်ခြင်း မရှိတော့ပေ။ 

ဤသို့သောအခြေအနေတွင် စစ်ကောင်စီက ၎င်းတို့ စစ်သည်အင်အား မလုံလောက်သဖြင့် ပြည်သူ့စစ်အဖွဲ့များ ပေါ်ပေါက်လာရေးအတွက် စီစဉ်နေခြင်းဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသော စစ်အရာရှိများက သုံးသပ်သည်။ 

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီက စစ်ကိုင်း၊ မကွေးဒေသကို စိုးမိုးနိုင်သည့် အနေအထားမရှိတော့ကြောင်း စစ်မှုထမ်းသက် ၁၇ နှစ်ရှိသည့် CDM ဗိုလ်ကြီးအေးချမ်းက ပြောသည်။

“စစ်ကိုင်းတိုင်းက တချို့မြို့နယ်တွေမှာဆို ကျွန်တော်တို့သိရသလောက်ဆို သူတို့အင်အား သုံးလေးငါးဆယ်အပြင် မပိုဘူး။ ဒါ ပျူစောထီးတွေနဲ့ တချို့ဟာတွေနဲ့ ပေါင်းမှ ရှိတာ။ ရဲစခန်းနဲ့ မြို့ပေါ်လောက်ပဲ လုံခြုံရေးယူထားနိုင်တာလောက်ပဲ ဖြစ်နေပြီ” ဟု ဗိုလ်ကြီးအေးချမ်းက ပြောသည်။

ပျူစောထီးအဖွဲ့များထဲတွင် အမာခံဟု ဆိုသူများမှာ ယခင်ကတည်းက ၎င်းတို့၏ ဒေသတွင် ပြည်သူများကို အနိုင်ကျင့်နေသူများ ဖြစ်နေတတ်သည်ဟု သူက ဆိုသည်။ 

ပျူစောထီးအဖွဲ့ များပြားလာနေသော်လည်း အနာဂတ်တွင် တော်လှန်ရေးသမားများဘက်က အပေါ်စီးရမည်ဟု သူက ယူဆသည်။

“တချို့နေရာတွေ ပြန်ငြိမ်သွားတာရှိတယ်။ ပျူရွာတွေကို ကျွန်တော်တို့က လုံးလုံးပိတ်ထားတော့ ဒီကောင်တွေ အခြေအနေဆိုးနေတဲ့နေရာတွေရှိတယ်။ ကျွန်တော်တို့က အားတွေလည်း ကောင်းပါတယ်။ နောက်ပိုင်း မသာစရာ မရှိပါဘူး” ဟု ဗိုလ်ကြီးအေးချမ်းက ပြောသည်။

အထက်ပါအရာရှိကဲ့သို့ပင် CDM  ဗိုလ်ကြီးဇင်ယော်ကလည်း ပျူစောထီးအဖွဲ့များ ဆက်တိုက် ဖွဲ့စည်းနေခြင်းမှာ “အိမ်ကြက်ချင်း အိုးမဲသုတ်ပြီးတော့ ခွတ်ခိုင်းတဲ့ဗျူဟာ” ဖြစ်သည်ဟု သုံးသပ်သည်။

မြန်မာပြည်တောင်ပိုင်း ကရင်အမျိုးသားအစည်းရုံး (KNU) ၏ လက်နက်ကိုင်တပ်ထဲမှ ဗုဒ္ဓဘာသာဝင်များကို ခွဲထွက်စေသည့် နည်းလမ်းဟောင်းဖြစ်သောကြောင့် တော်လှန်ရေးသမားများ သတိထားရမည်ဟု ဗိုလ်ကြီးဇင်ယော်က သတိပေးသည်။

“သူတို့ အမြဲတမ်းသုံးခဲ့ပါတယ်။ ခုလုပ်နေတဲ့ ဗျူဟာဟာ အရမ်းကြောက်ဖို့လည်း ကောင်းသလို အရမ်းရွှံရှာဖို့လည်း ကောင်းပါတယ်” ဟု သူက မှတ်ချက်ပြုလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button