သတင်း

ရခိုင်တွင် ရက်ပိုင်းအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၆ ဦး အဖမ်းခံရ

နိုဝင်ဘာလဆန်းအတွင်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ၆ ဦးကို ဖမ်းထားပြီး မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရကြောင်း ဒေသခံများနှင့် မိသားစုဝင်များက ပြောသည်။

နိုဝင်ဘာ ၁  မွန်းလွဲပိုင်းက  ဆိုင်ကယ်အတူတကွစီးလာသော လူငယ်နှစ်ဦး မောင်တောမြို့နယ်တွင် အဖမ်းခံရသည်။ ထိုသူတို့မှာ မင်းခမောင်းကျေးရွာမှ ၂၅ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ကိုဆန်းဌေး၊  မင်္ဂလာညွန့်စံပြကျေးရွာမှ ၂၅ နှစ်အရွယ် ကိုခင်ဇော်တို့ ဖြစ်သည်။ 

နိုဝင်ဘာ ၂ တွင် ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်မှ  ၅၆ နှစ်အရွယ်  အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်း၊ စေတီတောင်ရပ်ကွက်မှ  ၅၆ နှစ်အရွယ် ရာအိမ်မှူး  ဦးဝင်းမောင်၊   ၃၇ နှစ်အရွယ် မောင်မောင်ထွန်းနှင့် စေတီယျရပ်ကွက်မှ ဦးထွန်းနေဝင်းတို့ ဖမ်းဆီးခံရသည်။
တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်နယ်တွင်  စစ်တပ်က ထိုသူများကို   ရက္ခိုင့်တပ်တော် (AA) ဆက်စပ်သံသယဖြင့် ဖမ်းဆီးခြင်းဖြစ်မည်ဟု ဒေသခံများက ယူဆနေ ကြသည်။

မောင်တောမြို့နယ်တွင် ဖမ်းဆီးခံလိုက်ရသော လူငယ် ၂ ဦးနှင့်ပတ်သက်၍ ယနေ့ထိ အဆက်အသွယ် မရဖြစ်နေ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ကိုဆန်းဌေး၏ ဦးလေးတော်စပ်သူ တစ်ဦးက Myanmar Now ကို ပြောသည်။

“ကျွန်တော့်တူက စစ်တွေမှာကျောင်းတက်ပြီးတော့ အောက်တိုဘာ ၂၇ ရက်နေ့က ပြန်လာတယ်။ ဘူးသီးတောင် မှာ တစ်ညအိပ်ခဲ့ပြီးတော့ မောင်တောကို ၂၈ ရက်နေ့ ရောက်တယ်။ နိုဝင်ဘာ ၁ ရက်နေ့ ရွာပြန်လာတဲ့အခါ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာပါ” ဟု ဆိုသည်။

အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကွဲမှုဌာနချုပ်ရှေ့ရှိ ကျီးကန်းပြင်ဂိတ်သည် ဗန္ဓုလရွာမှ တောင်ပြိုသို့ ဆက်သွယ်ထားသည့်လမ်းတွင် တည်ရှိကာ ဒေသခံအများစုသည် ထိုဂိတ်ကို မဖြစ်မနေ  ဖြတ်သန်းသွားလာရသည်။ တူဖြစ်သူ ဖမ်းဆီးခံရကြောင်းကို ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ထိုနေရာအနီးရှိ ဒေသခံအမျိုးသမီးတစ်ဦးပြောပြ၍ သိခဲ့ရသည်ဟု အထက်ပါအမျိုးသားက ပြောသည်။ထိုလူငယ် ၂ ဦးအနက် တစ်ဦး၏ ဖုန်းထဲတွင် AA  နှင့်ဆက်စပ်သည်များတွေ့၍ ဖမ်းဆီးထားခြင်းဖြစ်သည်ဟု နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက မိသားစုဝင်များကို အသိပေးထားသည်ဟု သိရကြောင်း ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

“ကျွန်တော်တို့ကြားရတာက သူတို့နှစ်ယောက်ရဲ့ဖုန်းတွေကို စစ်ဆေးတဲ့အခါ ဖုန်းထဲမှာ တပ်တော်နဲ့ ဆက်နွယ်တဲ့ အချက်အလက် တွေ့လို့ ဖမ်းတယ်လို့ ပြောကြတယ်။ မင်းခမောင်းနယ်ခြားစောင့် ရဲကင်းစခန်းက ဗိုလ်လေး မင်းမင်းခိုင်က မိသားစုဝင်တွေကို တိုက်ရိုက်ပြောတယ်လို့ သိရတယ်”ဟု ထိုသူက ဆိုသည်။

မောင်တောင်မြို့နယ် ကျီးကန်းပြင်အရပ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ကွပ်ကဲရေးမှူးရုံးကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

မင်္ဂလာညွန့် စံပြကျေးရွာသား ကိုခင်ဇော်ဆိုသည့် လူငယ်မှာလည်း မောင်တောမြို့နယ်တောင်ပိုင်း ရွှေရင်အေးရွာ တွင် နေထိုင်သော မိသားစုဝင်များထံ အလည်ရောက်ရှိလာပြီး အပြန်တွင် ထိုသို့ အဖမ်းခံရခြင်းဖြစ်သည်ဟု ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးကလည်း ပြောသည်။

“အဲဒီကိုအလည် လာတယ် ထင်တယ်။ မောင်ဆန်းဌေးကလည်း ရွာပြန်တော့ တနယ်တည်းနေကြတဲ့ သူငယ်ချင်းတွေ ဆိုတော့ အဖော်ရတယ် ဆိုပြီး ဆိုင်ကယ်တစ်စီးနဲ့ နှစ်ယောက်အတူပြန်ကြတာဖြစ်မယ်။ အခုမိသားစုနဲ့လည်း အဆက် အသွယ်မရ ဖြစ်နေတယ်လို့ သိရတယ်” 

အလားတူ ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအပါအဝင် အရပ်သား ၂ ဦး တို့ကို နိုဝင်ဘာ ၂ တစ်နေ့တည်းမှာပင် အရပ်ဝတ်စစ်ကောင်စီတပ်သားတို့က ညဘက်တွင် ဖမ်းဆီး သွားသည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ 

ဧည့်စာရင်းစစ်မည်ဟု ဆိုကာ လူနေရပ်ကွက်များအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ထိုသူများကို ကျောက်ဖြူ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၄ တပ်ရင်းထဲသို့ ခေါ်ဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။

“အိမ်ကနေလာဖမ်းသွားကြတာ။ ည ၇ နာရီ၊ ၉ နာရီ အဲဒီဝန်းကျင်တွေမှာ လာဖမ်းသွားတာ။ အရပ်ဝတ်တွေနဲ့ အင်အား ၁၀ ကျော်လောက်စီ ပါတယ်။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုတော့ မသိဘူး။ အခုသူတို့က ခမရ ၃၄ တပ်ရင်းထဲမှာ ရှိနေတယ်”

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ နှင့် ၂၆ တို့တွင်လည်း ကျောက်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး အသက် ၅၀ ကျော်အရွယ် ဦးထွန်းထွန်းဝင်း၊ ၃၉ နှစ်အရွယ် ဦးခင်မောင်၊ ၄၅ နှစ် အရွယ်များဖြစ်သော  ဦးညီညီတင်နှင့် ဦးထွန်းထွန်းနိုင်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၆ ညနေတွင် စာရေးနှစ်ဦးဖြစ်သော ဦးခင်မောင်နှင့် ဦးညီညီတင်တို့ကိုသာ ပြန်လွှတ်ပေး ခဲ့သည်ဟု ဒေသခံ များထံမှသိရသည်။

AA နှင့်တိုက်ပွဲများပြင်းထန်နေသော စစ်ကောင်စီသည် နေရာအနှံ့အပြားမှ ဒေသခံများကို ဆက်တိုက် ဖမ်းဆီး မေးမြန်းခြင်း၊ အမှုဖွင့်ခြင်းများကို ရခိုင်အပါအဝင် တစ်နိုင်ငံလုံးအနှံ့ လုပ်ဆောင်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

  •  

Show More

Related Articles

Back to top button