ဆောင်းပါးရုပ်ပုံလွှာ

အညာမှာ ခေါင်းချသွားသည့် ရန်ကုန်သား PDF လူငယ်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ ရွာတစ်ရွာတွင် လက်နက်ကိုင်လူငယ်များ အမှောင်ထု အားကိုးဖြင့် တရွေ့ရွေ့လှုပ်ရှားနေကြသည်။ စစ်ကောင်စီ၏ နယ်မြေရဲစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ရန် တိတ်တဆိတ် နေရာယူနေကြခြင်းဖြစ်သည်။

နယ်မြေရဲစခန်းရှိရာ ရွှေပန်းကုန်းရွာမှာ အရာတော်နှင့် ဝက်လက်မြို့ကို ဆက်သွယ်ရာလမ်းမပေါ်တွင်ရှိပြီး အိမ်ခြေ ၅၀၀ ကျော်ရှိကာ အထက်တန်းကျောင်း၊ ဆေးရုံဆေးခန်းများဖြင့် တိုက်နယ်အဆင့်ရွာကြီးတစ်ရွာဖြစ်သည်။ 

စစ်ကိုင်းတိုင်းအလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းနေသော မူးမြစ်အရှေ့ဘက်ကမ်းရှိ ထိုရွာကြီးမှာ စိုက်ပျိုးရေးလုပ်ငန်း၊ ခြံလုပ်ငန်းများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်သော ဒေသဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းရာဒေသများတွင် စစ်ကိုင်းတိုင်းမှာ ထိပ်ဆုံးမှဖြစ်သည်။ စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေပြီး ဒေသကာကွယ်ရေးအဖွဲ့များကလည်း ရရာလက်နက်ဖြင့် ခုခံတော်လှန်လျက်ရှိသည်။

ရဲတပ်ဖွဲ့အင်အား ၃၀ ခန့်ရှိ ရွှေပန်းကုန်းရွာရဲစခန်းကို ဝင်တိုက်ရန် ဒေသကာကွယ်ရေးအဖွဲ့များ ရောက်နေသည်မှာ အောက်တို ဘာ ၁၇ ရက်နေ့က ဖြစ်သည်။ နံနက် ၄ နာရီသာသာကတည်းက ရောက်နေကြခြင်းဖြစ်သည်။​

ဆောင်းရာသီဝင်စ အောက်တိုဘာလ နံနက်ခင်းမို့ ပတ်ဝန်းကျင်က အေးစိမ့်စိမ့်ပင်။ ရွှေပန်းကုန်းရဲစခန်းကို ဝင်တိုက်ရာတွင် ပါဝင်မည့် ကိုကျော်ကြီးတစ်ယောက် ချွေးပြန်နေသည်။ အသက် ၃၁ နှစ်အရွယ် တော်လှန်ရေးရဲဘော်မှာ 96 Soldiers အမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှဖြစ်သည်။​

ကိုကျော်ကြီး နေရာယူထားသည်မှာ ရဲစခန်းဧရိယာအတွင်းရှိ ဘန်ကာနှင့် ပေ ၃၀ ခန့် အကွာအဝေးတွင်ဖြစ်သည်။ ပခုံးထမ်းလောင်ချာ (RPG) ကို အသင့်ကိုင်ထားသည်။ တိုက်ပွဲကို သူက စဖွင့်ရမည် ဖြစ်သည်။ ကာပစ်ပေးမည့် တပ်ဖွဲ့ဝင်လူငယ်နှစ်ဦးလည်း ဘေးတွင် အသင့်ရှိနေသည်။ တစ်ဦးမှာ အသက် ၂၁ အရွယ်သာရှိသေးသည့် နေထက်ဆိုသူ လူငယ်လေးဖြစ်သည်။

တိုက်ပွဲစတင်ရန် အမိန့်ရသည်နှင့်တစ်ပြိုင်နက် ကိုကျော်ကြီးက ရဲစခန်းကို လောင်ချာဖြင့် ပစ်သည်။ အုန်းဆိုသော အသံနှင့်အတူ နားနှစ်ဖက်လုံး အူထူသွားသည်။

မိုးစင်စင် မလင်းသေးသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ ရဲစခန်းဘက်က စက်သေနတ်ဖြင့် မနားတမ်း ပြန်လည် ပစ်ခတ်တော့သည်။ သေနတ်သံများနှင့်အတူ ကျည်ဆန်များက ဘေးဘယ်ညာ ဝဲနေသည်။

“နေထက်ထိသွားပြီ’ ဟု တစ်ယောက်ယောက် လှမ်းအော်ပြောလိုက်သည်ကို ကိုကျော်ကြီး မပီမသ ကြားလိုက်ရသည်။​ လောင်ချာပစ်ပြီးနောက် နောက်ဘက်ကို ချက်ချင်းနေရာရွှေ့ခဲ့ရသူဖြစ်ရာ အခြေအနေ မသဲမကွဲဖြစ်သွားသည်။

ကျည်ထိသွားသည့် ရဲဘော်နေထက်ကို ကယ်ထုတ်ရန် ပြင်ရတော့သည်။ သူလဲကျနေသော နေရာမှာ ရဲစခန်းရှေ့တည့်တည့်ဖြစ်နေသည်။ ကာပစ်ပေးပြီး ဆေးအဖွဲ့ဖြင့် မရအရ ဆွဲထုတ်ကြရသည်။​ တပ်ဖွဲ့ဝင်လူငယ်မှာ အခြေအနေမဟန်မှန်း ကိုကျော်ကြီးရိပ်စားမိလိုက်သည်။

“မင်းထိသွားတာလား မေးတော့ ကျွန်တော်ထိသွားပြီဆိုပြီး ခဏမတ်တပ်ရပ်ကြီး တောင့်နေသေးတယ်။ နောက် ဗုန်းခနဲလဲသွားတယ်” ဟု ထိုနေ့ကအဖြစ်ကို ကိုကျော်ကြီးက ပြန်ပြောပြသည်။​

ရဲဘော်နေထက်ကို ကယ်ထုတ်ပြီးနောက် ရဲစခန်းကို လောင်ချာဖြင့် ထပ်ပစ်ရန် ပြင်နေရင်း ကိုကျော်ကြီး စိတ်တွေလေးလံနေသည်။​ အနီးကပ်ရဲဘော်တစ်ဦး ကျည်ထိသွားသဖြင့် စိုးရိမ်စိတ်ဖြင့် နောက်ဆံတင်းနေသည်။

ရွှေပန်းကုန်းရဲစခန်းတိုက်ပွဲတွင် ကျည်သင့်ကျဆုံးခဲ့သော ကိုနေထက်၏ ရုပ်အလောင်းအနီးမှ 96 Soldiers အဖွဲ့ဝင် ရဲဘော်များ။

“လည်ပင်းထဲမှာ ဆို့နင့်နေတာပဲဗျာ။ ကျွန်တော့်မှာ မျက်ရည်မကျနိုင်ဘူး၊ တိုက်ပွဲကြားဖြစ်နေတော့။ တကယ်တမ်းဆို ကျွန်တော့်ကို မှန်ရမှာဗျာ” 

ရဲစခန်းကို တော်လှန်ရေးအဖွဲ့များ ဝင်တိုက်ပြီး တစ်နာရီခန့်အကြာတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်နှင့် လေယာဉ်များ ရောက်လာသည်။ မြေပြင်တွင် အားသာနေသော်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးအဖွဲ့များ နောက်ပြန်ဆုတ်ရသည်။ 

ရွှေပန်းကုန်ရဲစခန်းကို ဝင်တိုက်ကြသည်မှာ ဒေါင်းနီ၊ မြင်းဖြူရှင်၊ တောသားကြီးအမည်ရ ဒေသအခြေစိုက်အဖွဲ့များနှင့် ကိုကျော်ကြီးနှင့် ကိုနေထက်တို့ပါဝင်သော 96 Soldiers အဖွဲ့၏ အညာတပ်ခွဲဖြစ်သည်။ ထိုနေ့ကတိုက်ပွဲတွင် ရဲစခန်းဘက်မှ စက်သေနတ်ဖြင့် ပြန်ပစ်စဉ် ကိုနေထက်နှင့် အခြားတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

တိုက်ပွဲအပြီး စခန်းပြန်ရောက်ချိန်တွင် ဝါးခြမ်းစင်ထက်မှ အသက်မဲ့နေသော ကိုနေထက်ကို မြင်လိုက်ရချိန် ကိုကျော်ကြီးတစ်ယောက် လက်ထဲမှလောင်ချာ ပြုတ်ကျသည်အထိ သတိလက်လွတ် ဖြစ်သွားသည်။ လွန်ခဲ့သော နာရီပိုင်းက ဘေးမှနေ၍ သူ့ကို ကာပစ်ပေးနေသူဖြစ်သည်။

အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။ စကားပြောကြွပ်ဆတ်သဖြင့် အမြဲသဖြင့်ဆူဆဲနေရသူ အသက် ၂၀ စွန်းစွန်းကောင်လေး လူ့လောကကြီးထဲက အပြီးအပိုင်ထွက်သွားပြီဖြစ်သည်။ အာဏာရှင်တော်လှန်ရေး ခရီးတစ်လျှောက်လုံး အတူတကွရှိခဲ့သူဖြစ်ကာ ၎င်းတို့နှစ်ဦးကြား သံယောဇဉ်က ညီအစ်ကိုအရင်းတမျှပင်။

ရန်ကုန်သား ကိုနေထက်မှာ စစ်အာဏာရှင်ကို တော်လှန်ရန် မိဘနေအိမ်ကို ကျောခိုင်းခဲ့သူဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးအတွက် နယ်စပ်ဒေသမှတစ်ဆင့် အညာကို ကိုကျော်ကြီးနှင့်အတူ ခြေဆန့်လာသူလည်းဖြစ်သည်။ သူတို့နှစ်ဦးလုံး စစ်ကောင်စီလက်အောက်မှ လွတ်မြောက်လာသည်မှာ မကြာလှသေးပေ။

စစ်ကောင်စီ၏ လက်ရဖမ်းဆီးခံရခြင်း

ရဲဘော်ကိုနေထက်နှင့် ကိုကျော်ကြီးတို့ သိကျွမ်းသည်မှာ တစ်နှစ်ဝန်းကျင်သာ ရှိဦးမည်ဖြစ်သည်။​ စစ်တပ်က တိုင်းပြည်အာဏာသိမ်းလိုက်ချိန် ပေါ်ပေါက်ခဲ့သော ရန်ကုန်မြို့မှ လူထုဆန္ဒပြပွဲများတွင် ၎င်းတို့နှစ်ဦးလုံး ပါဝင်ဖူးကြသည်။

နောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် တောထဲ ရောက်သွားကြသည်။ စစ်သင်တန်းတက်ရောက်ချိန်တွင် ကိုကျော်ကြီးနှင့် ကိုနေထက်တို့ စတင်တွေ့ဆုံကြခြင်းဖြစ်သည်။​ နှစ်ဦးလုံးမှာ 96 Soldiers အဖွဲ့ဝင်များဖြစ်လာကြသည်။ အဖွဲ့ဝင် ၉၆ ဦးဖြင့် စတင်တည်ထောင်ခဲ့သဖြင့် ၎င်းတို့အဖွဲ့ကို ထိုအမည်ပေးထားခြင်းဖြစ်သည်။ ဦးဆောင်သူမှာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ခေါင်းဆောင်ဟောင်း ကိုဇေယျာလွင် ဖြစ်သည်။

အညာမြေရောက် အသက် ၂၁ နှစ်အရွယ် PDF လူငယ် ကိုနေထက်

ထိုအဖွဲ့၏ တပ်ခွဲတစ်ခုအနေဖြင့် အညာဒေသသို့ သွားရောက်ကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် အစီအစဉ်ဖြစ်ပေါ်လာသောအခါ ကိုကျော်ကြီးနှင့် ကိုနေထက်တို့လည်း ပါဝင်ဖြစ်ကြသည်။ ခုခံတော်လှန်မှု ပြင်းထန်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စသည့် ဒေသများတွင် စစ်ကောင်စီက အပြင်းထန်ဆုံး အကြမ်းဖက်ဖြိုခွင်းလျက်ရှိသည်။​

လွန်ခဲ့သော ဇွန်လကုန်ပိုင်းက ဖြစ်သည်။ 96 Soldiers အဖွဲ့မှ ကိုကျော်ကြီး၊ ကိုနေထက်နှင့် တပ်ဖွဲ့ဝင် မိန်းကလေးတစ်ဦးတို့ အညာဒေသတွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ကရင်ပြည်နယ် မှ ထွက်ခွာလာခဲ့သည်။ ရင်းနှီးကျွမ်းဝင်မှု မရှိသော ဒေသတွင် လက်နက်ကိုင်တော်လှန်ရေးလုပ်မည့် ခရီးဖြစ်သည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် ကိုကျော်ကြီးတို့အဖွဲ့ အဖမ်းခံလိုက်ရသည်။ ပခုက္ကူမြို့တောင်ဘက်ရှိ မြစ်ခြေဆိုသော မြို့ငယ်လေး၌ ခရီးတစ်ထောက်နားစဉ် အဖမ်းခံရခြင်းပင်။ သူတို့ရောက်နေသည်မှာ နယ်မြေရဲစခန်းဝန်းကျင်ဖြစ်နေသည်ကို ဒေသခံမဟုတ်သော သူတို့ မသိခဲ့ကြပေ။

မြစ်ခြေ၊ ကျွန်းချောင်း စသည့်နေရာများမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးလက်နက်ကိုင်အဖွဲ့များ ကျက်စားရာလည်းဖြစ်သည်။ မျက်နှာစိမ်းဖြစ်သော ကိုကျော်ကြီးနှင့် ကိုနေထက်တို့ သုံးဦးမှာ မြစ်ခြေရဲစခန်းမှ လှည့်ကင်းနှင့် တိုးကာ လက်ရဖမ်းဆီးခံရသည်။ 

မြစ်ခြေရဲစခန်းတွင် သူတို့သုံးဦးကို ရိုက်နှက်စစ်ဆေးသည်။ ဖုန်းထဲမှ ဓာတ်ပုံအချို့အရ PDF အဖွဲ့ဝင်များဖြစ်ကြောင်း သိသွားသည်။ တစ်ညတာ ရိုက်နှက်စစ်ဆေးခံရပြီးနောက် ပခုက္ကူရဲစခန်းက လာရောက်ခေါ်ဆောင်သွားသည်။ နယ်မြေခံ ပျူစောထီးအဖွဲ့က လွှဲပေးရန် တောင်းဆိုသေးသည်။

“ပျူစောထီးတွေ လာတောင်းတော့ စခန်းမှူးက မထည့်ပေးဘူး။ ထည့်ပေးရင် ကျွန်တော်တို့သေပြီ” ဟု ကိုကျော်ကြီးက ဆိုသည်။

ပခုက္ကူရဲစခန်းတွင် တစ်ယောက်ချင်းခွဲကာ တစ်နေ့နှင့် တစ်ည ထပ်ပြီးရိုက်နှက် စစ်ဆေးခံရသည်။ PDF မှန်း သိသွားကြပြီးဖြစ်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တန်းတရားစွဲသည်။ ထို့နောက် ပခုက္ကူထောင်တန်းပို့သည်။

ထောင်မရောက်ခင် အချင်းချင်းစကားပြောခွင့် မရပေ။ မျက်နှာရိပ်မျက်နှာကဲဖြင့်သာ စကားပြောရ သည်။ ကိုနေထက်မျက်နှာမှာ ဖူးရောင်နေသည်။ မိန်းကလေးငယ်မှာ အစာအိမ်နာသည့် ဝေဒနာ ခံစားနေရသည်။ သူတို့ထက် အသက်ခြောက်နှစ်ကြီးသော ကိုကျော်ကြီးလည်း “ဘာမှမဖြစ်ဘူး၊ အေးဆေးပေါ့” ဟုသာ နှစ်သိမ့်ပေးနိုင်သည်။​

ပခုက္ကူထောင်မှ ထွက်ပြေးလွတ်မြောက်ခြင်း

ပခုက္ကူထောင်ရောက်ချိန်တွင် ကိုနေထက်နှင့် ကိုကျော်ကြီးတို့ အခန်းချင်းကပ်နေရသည်။​ အကြမ်းဖက်ပုဒ်မဖြင့်ပင် တရားစွဲခံထားရသည့် အသက် ၂၀ ကျော်အရွယ် ကိုဝေဖြိုးဆိုသည့် လူငယ်တစ်ဦးနှင့် ထောင်ထဲတွင် ဆုံတွေ့ရသည်။​

စစ်ကောင်စီအလိုကျ စီရင်ခံရမည့် နိုင်ငံရေးအကျဉ်းသားမဖြစ်လို။ ထောင်ပြင်ပတွင် စစ်ကောင်စီတပ်ကို ရရာလက်နက်ဖြင့် တော်လှန်တိုက်ခိုက်လိုသည်။​ သို့ဖြင့် ထောင်ဖောက်ပြေးရန် ကြံစည်ကြသည်။ ထောင်ပြင်ရောက်ချိန်တွင် နယ်မြေခံ ဒေသကာကွယ်ရေးအဖွဲ့များက လာကယ်မည်၊ ထိုမှတစ်ဆင့် ၎င်းတို့တပ်ဖွဲ့ရှိရာ စခန်းကို ပြေးမည်ဟု စိတ်ကူးထားသည်။​

ထောင်ဖောက်ပြေးမည့်သူများမှာ ကိုကျော်ကြီး၊​ ကိုနေထက်၊ ကိုဝေဖြိုးတို့အပြင် ကိုမျိုးလင်း အောင်နှင့် ထောင်သုံးနှစ် ချခံထားရသည့် ကိုစောလင်းထွန်းဆိုသူတို့ဖြစ်သည်။ ကိုစောလင်းထွန်းမှလွဲ၍ ကျန်လေးဦးမှာ အကြမ်းဖက်ပုဒ်မဖြင့် အမှုရင်ဆိုင်နေရသူများ ဖြစ်ကြသည်။​

ဖိုးတဖွဲဖွဲရွာနေသော စက်တင်ဘာ ၁၁ ရက်နေ့ဖြစ်သည်။ ကိုကျော်ကြီးနှင့် ကိုနေထက် အပါအဝင် ငါးဦးသား ထောင်အိပ်ဆောင်ကို ဖောက်ထွက်ကာ ထောင်အုတ်ရိုးနားရောက်လာချိန်တွင် မိုးမလင်းသေးပေ။​ ကိုကျော်ကြီးက ဒူးထောက်ပေးပြီးနောက် ကိုနေထက်နှင့် အခြားလူငယ်များကို အုတ်တံတိုင်းပေါ် တက်ခိုင်းသည်။ ဟန်ချက်မညီဘဲ ပြုတ်ကျလာသည်။

ထို့နောက် ကိုနေထက်က နံရံကို ကျားကန်ပေးကာ ကျန်သူများကို အရင်တက်စေချိန်တွင် အဆင်ပြေသွားသည်။ ကျန်လေးဦးစလုံး ထောင်နံရံပေါ် ရောက်သွားသည်။​ ထောင်ပြင်ပသို့ သုံးဦးရောက်သွားပြီး ကိုနေထက်ကို ဆွဲတင်ရန် ထောင်နံရံပေါ်တွင် ကိုကျော်ကြီးတစ်ယောက်သာ ကျန်ရစ်သည်။

နံရံပေါ်ရှိ သံဆူးကြိုးကို ရှောင်ရှားရင်း ကိုနေထက်ကို ဆွဲတင်ရာတွင် အခက်ကြုံတော့သည်။​ 

“ကျွန်တော့်ကျောကုန်းက သံဆူးကြိုးနဲ့ ထိပြီးတော့ သူ့ကို လှမ်းဆွဲချိန် သုံးခါပြုတ်ကျတယ်” ဟု ကိုကျော်ကြီးက ပြန်ပြောပြသည်။

အချိန်တစ်ခု ကြာလာသည်အထိ ပြုတ်ကျနေဆဲဖြစ်ရာ ကိုနေထက်က သူ့ကို ထားခဲ့ရန် ပြောသည်။ ကိုကျော်ကြီး လက်မခံဘဲ နောက်တစ်မျိုးကြံသည်။

ထောင်နံရံထောင့်ဘက်ကို ရွှေ့ကာ လက်နှင့် မဆွဲတင်တော့ဘဲ ပုဆိုးကွင်းချပေးသည်။ ကိုနေထက်၏ ခြေထောက်ကို ပုဆိုးကွင်းထဲ ထည့်စေကာ ဆွဲတင်လိုက်ချိန်တွင် ထောင်နံရံပေါ် ရောက်လာသည်။ မြင့်မားသော ထောင်နံရံပေါ်မှ ခုန်ချလိုက်သည်။

ငါးဦးစလုံး ထောင်နံရံပြင်ပရောက်သွားသည်။ တောထဲအထိ ဆက်ပြေးကြသည်။​ ပခုက္ကူထောင် ရောက်ပြီး နှစ်လနှင့် ၁၃ ရက်အကြာတွင် ထောင်ဖောက်ပြေးနိုင်ခဲ့ခြင်းဖြစ်သည်။​

ထောင်ဖောက်ပြေးနိုင်ခဲ့သော်လည်း ကိုနေထက်တစ်ယောက် မပျော်ရွှင်မိပေ။ ထောင်ထဲတွင် ချစ်သူ မိန်းကလေးကျန်ရစ်သည်။ စစ်သင်တန်းတက်ရင်း ဆုံတွေ့ကာ မေတ္တာမျှခဲ့ကြသည်။ အညာကို ခရီးအတူထွက်လာပြီး အတူအဖမ်းခံရသည်။ သူလွတ်မြောက်လာသော်လည်း သူ့ချစ်သူ ကျန်ရစ်သည်။​

စစ်အာဏာရှင်လက်အောက် နိုင်ငံရေးအကျဉ်းသားများဘဝမှာ အချုပ်အချယ်မျိုးစုံနှင့်ဖြစ်သည်။ လူမဆန်သောရက်စက်မှုများလည်း ရှိသည်။​ ထောင်ထဲကျန်ရစ်ခဲ့သော ချစ်သူအတွက် ကိုနေထက် ရတက်မအေးနိုင်ပေ။​

“မသေအောင်နေ ငါတို့ပြန်ဆုံကြမယ်” ဟူ၍သာ နှစ်ဦးသား ကတိပြုနိုင်ခဲ့သည်။

သူပုန်စိတ်နှင့် လူငယ်

အာဏာမသိမ်းမီက သက်မွေးမှုပညာရပ်သင်ကျောင်းရောက် ကိုနေထက်

‘ရန်ကုန်ဇာတိ ကိုနေထက်၏အမည်ရင်းမှာ ကောင်းညွန့်လူဖြစ်သည်။ မွေးချင်းသုံးဦးအနက် အလတ်ဖြစ်ကာ ဖခင်က ယာဉ်မောင်းအလုပ်ဖြင့် အသက်မွေးသူဖြစ်သည်။ ဒဂုံတက္ကသိုလ်တွင် အဝေးသင် ဒုတိယနှစ်တက်နေရင်း သက်မွေးမှုပညာရပ်တစ်ခုဖြစ်သော Housekeeping သင်တန်း တက်ရောက်နေသူဖြစ်သည်။ 

စစ်အာဏာသိမ်းမှုကြောင့် အနာဂတ်ပျောက်သွားသည့် မြန်မာနိုင်ငံမှ ထောင်ပေါင်းများစွာသော လူငယ်များတွင် ကိုနေထက်လည်း အပါအဝင်ပင်။ ဆန္ဒပြပွဲများတွင် ပါဝင်ပြီးနောက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် တောထဲ ရောက်သွားသည်။

“သူက ညီမတို့ကို အရမ်းတိုးတက်စေချင်တာ၊ ငါ တောထဲမှာ နေမယ်၊ နင်တို့ နိုင်ငံခြားထွက်ဆိုတာမျိုး အမြဲပြောတာ။ ငါက ပြန်လာလို့မရတော့ဘူး၊ ပြန်လာရင်တောင် အသက်ရှင်လျက် ပြန်မလာဘူးတဲ့” ဟု ကိုနေထက်၏ ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ မိန်းကလေးတစ်ဦးက ပြောသည်။

PDF တစ်ဦးဖြစ်ချင်လွန်းသည့် ကိုနေထက်တစ်ယောက် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေ ရောက်ကာ စစ်သင်တန်းတက်သည်။ ခေါင်းမာပြီး ဘုကျကျ စကားပြောတတ်သော်လည်း အနစ်နာခံချင်စိတ်ရှိသည်ဟု 96-Soldiers အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်သည့် ကိုဉာဏ်ကြီးက ဆိုသည်။

“တစ်ခုခုဆို တိုက်မယ်ခိုက်မယ်ဆို သူပဲလုပ်ချင်တာ။ ကျွန်တော်ဆို မိုင်းကြောက်တယ်၊ သင်တော့ သင်ထားတယ်။ မလုပ်ရဲဘူး။ မိုင်းဆင်ရင် သူကိုယ်တိုင် အစအဆုံးလုပ်တယ်” 

အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်တောင့်တင်းသည့် ကိုနေထက်ကို ကွန်မန်ဒိုဟု သူငယ်ချင်းများက နာမည်ပြောင်ပေးထားသည်။ မိဘများနှင့် ပုံမှန်ဖုန်းပြောတတ်သည်။ အရက်၊ ဆေးလိပ် လုံးဝမသောက်ပေ။ ခေါင်းမာတတ်သည့် အကျင့်လည်းရှိသည်။

“ရှေ့တန်းသွားရင်းဖြစ်ဖြစ် ကျွန်တော်နဲ့တူတူ ရှိရင်ဖြစ်ဖြစ် မင်းသိပ်မရဲနဲ့၊ ဘာပဲလုပ်လုပ် ခေါင်းမမာနဲ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲနဲ့၊ ဒုက္ခဖြစ်နိုင်တယ်ဆိုတာ ဒီကောင့်ကို စေတနာနဲ့ အမြဲမှာတယ်” ဟု ကိုဉာဏ်ကြီးက ပြောသည်။

“ထောင်ဖောက်ပြီး ထွက်လာတယ်။ အမှန်ဆို အဆင်ပြေတဲ့နေရာ သွားလို့ရတယ်။ ဒီကောင်မသွားဘူး။ ကျွန်တော်တို့ဆီ ပြန်လာတယ်၊ တိုက်ပွဲဝင်တယ်”

ကျည်ထိသွားသည့် အနာဂတ်တစ်ခု

အညာမြေတစ်နေရာတွင် ပြုလုပ်သည့် 96 Soldiers အဖွဲ့ဝင် ကိုနေထက်၏ စျာပန။​

တော်လှန်စိတ်ပြင်းထန်သူ ကိုနေထက် ပခုက္ကူထောင်မှ လွတ်မြောက်ပြီးနောက် 96 Soldiers အဖွဲ့ မှ ရဲဘော်များနှင့်အတူ အညာဒေသတွင် တိုက်ပွဲဝင်သည်။ ဝက်လက်နယ်က ရွှေပန်းကုန်းရဲစခန်းကို ဝင်တိုက်စဉ် ရင်ဘတ်ကို ကျည်ထိမှန်ကာ ကျဆုံးခဲ့သည်။​

ထောင်ဖောက်ပြေးလာပြီး တစ်လနှင့် တစ်ပတ်အကြာတွင် ကိုနေထက် ကျဆုံးသွားခြင်းဖြစ်သည်။​ ကိုနေထက်အလောင်းကို သုံးရက်ထားပြီး ဆွမ်းကပ်သည်။ နိုင်ငံရေးအခမ်းအနားဖြင့် ဂူသွင်းသင်္ဂြိုဟ်သည်။ အညာမြေက ကိုနေထက်အသုဘတွင် ဒေသခံအများအပြား လိုက်ပါပို့ဆောင်ကြသည်။

ကန္တာရပင်များအလယ်က သုသာန်သွားရာလမ်းတစ်လျှောက် သူငယ်ချင်းရဲဘော်အချို့ ကိုနေထက်၏ အလောင်းကို ထမ်းလာသည်။ နောက်တွင် ဒေသခံလူထု လိုက်ပါလာကြသည်။ သေနတ်လွယ်ထားသည့် PDF ရဲဘော်များ၏ မျက်နှာတွင် ကြေကွဲမှု အရိပ်အယောင်များ စွန်းထင်းနေသော်လည်း တည်တည်ငြိမ်ငြိမ်ပင်။​ အာဏာရှင်တော်လှန်ရေး သံမဏိစိတ်ဓာတ်က ဖုံးလွှမ်းနေဟန်ရှိသည်။​

လူငယ်တစ်ဦးဖြစ်သော်လည်း ကိုနေထက်တစ်ယောက် သေဘေးကို ကြောက်ရွံ့တုန်လှုပ်ခဲ့ဟန် မရှိပေ။ သူသေလျှင် ဆွမ်းမကပ်ရန်ပင် သူငယ်ချင်းများကို မှာကြားခဲ့ဖူးသည်။

ကိုနေထက်၏ မိဘများလည်း ထိုအရေးကို ကြိုတင်တွက်ဆထားပြီးဖြစ်သည်။​ စစ်အာဏာရှင်ကို တော်လှန်သော အသက် ၂၀ အရွယ် သားဖြစ်သူကြောင့် နေအိမ်ချိပ်ပိတ်ခံရပြီးဖြစ်သည်။ တစ်နေ့နေ့တွင် သူ့သား၏ နာရေးသတင်းရောက်လာနိုင်သည်။

“ထောင်ကထွက်လာပြီး တိုက်ပွဲတွေ အများကြီး တိုက်သင့်သေးတယ်။ နည်းနည်းပဲ တိုက်ရသေးတယ်။ ကျသွားတော့ စိတ်မကောင်းဘူး။ တိုက်ပွဲမှာ ကျတာဖြစ်လို့ ဦးတို့ကျေနပ်တယ်” ဟု ကိုနေထက်၏ဖခင်က ပြောသည်။

အသက်ငယ်ငယ် အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် ဥပဓိရုပ်ကောင်းသူ ရန်ကုန်သားလူငယ်လေးတစ်ယောက် အညာမြေတစ်နေရာတွင် အပြီးအပိုင်ခေါင်းချသွားပြီဖြစ်သည်။

ထောင်ဖောက်ပြေးလာပြီးနောက် ကိုနေထက်တွင် ပြင်းပြသောဆန္ဒတစ်ခု ရှိနေသည်ဟု 96 Soldiers အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်ထံမှ သိရသည်။

“ထောင်ထဲမှာ ကျန်ခဲ့တဲ့ သူ့ကောင်မလေးနဲ့ ရဲဘော်တွေကို သွားပြန်ကယ်ချင်တာ” ဟု ကိုဇေယျာလွင်က ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button