သတင်း

မောင်တောတွင် ရိက္ခာပို့စစ်ကြောင်း မိုင်းဆွဲခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့ (နိုဝင်ဘာ ၂) နံနက် ၈ နာရီခွဲခန့်က စစ်ကောင်စီ တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသလို နယ်ခြားစောင့်ရဲတပ်ရင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

အမှတ်(၅) နယ်ခြားစောင့်တပ် အမှတ်  ၅ တပ်ရင်းမှ ထွက်ခွာလာသော စစ်ကြောင်းတစ်ခုသည် လှဖိုးခေါင် ပြန်လည် လက်ခံရေးစခန်းဘက်သို့ ကားတစ်စီးဖြင့်အလာ မောင်တောမြို့မြောက်ဘက် ၆ မိုင်ခန့်အကွာ ကျွဲထားပြင်ကျေးရွာအနီး မိုင်းဆွဲခံရခြင်း ဖြစ်သည်။ 

“စစ်ကြောင်းက ကားနဲ့ လှဖိုးခေါင်ဘက်ကိုသွားတာမှာ မိုင်း ၃ လုံးအဆွဲခံရတာ။ AA က မိုင်းတွဲတိုက်ခိုက် တာလို့ ပြောကြတယ်။ သေဆုံး ဒဏ်ရာရတာ ရှိမရှိကိုတော့ မသိရဘူး။ မိုင်းပေါက်သံကိုလည်း ကြားလိုက်ရတယ်” ဟု အမည် မဖော်လိုသည့် ဒေသခံတစ်ဦး ပြောသည်။

တစ်ဖက်နိုင်ငံဘက်သို့ ထွက်ပြေးသွားရသော ရိုဟင်ဂျာများကို ပြန်လည်လက်ခံရန် NLD  အစိုးရ လက်ထက်က တည်ဆောက်ခဲ့သော လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းသည် မောင်တောမြို့ မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိပြီး ကျီးကန်းပြင်ဌာနချုပ်၏ အနောက်ဘက် ၂ မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။

မောင်တောမြို့ခံတစ်ဦးကလည်း မြောက်ပိုင်းဘက်မှ မိုင်းပေါက်ကွဲသံများကို ယနေ့ နံနက်က ကြားလိုက်ရကြောင်း ပြောသည်။

“ မိုင်းပေါက်သံလို အသံကျယ်ကြီး နှစ်ချက်ကြားလိုက်ရတယ်။ ငါတို့က ဌာနချုပ် (နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်- ကျီးကန်းပြင်) ကလို့ ထင်ခဲ့တာ။ နောက်ဆက်တွဲကိုတော့ မသိရသေးဘူး” ဟု ထိုမြို့ခံက ဆိုသည်။

မောင်တောမြို့နယ်တွင် ရိက္ခာပို့လာသည့် စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု AA  ပြောခွင့်ရ ဦးခိုင်သုခက ရခိုင်အခြေစိုက် Western News သတင်းဌာနသို့ ဖြေကြားထားသည်။

မောင်တောမြို့အဝင် မြို့သူကြီး ရိုဟင်ဂျာကျေးရွာ‌ပျက်အနီးရှိ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ရင်းအား မြင်တွေ့ရစဥ် (ဓာတ်ပုံ – Myanmar Now)

အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်တွင်လည်း မောင်တောမြို့အဝင် မြို့သူကြီး ရိုဟင်ဂျာရွာပျက်၌ တည်ဆောက်ထားသော အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ရင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ထိုပေါက်ကွဲမှုတွင် နယ်ခြားစောင့် ရဲ ၁၀ ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု သိရကြောင်း မောင်တောမြို့ခံ နောက်တစ်ဦးက ပြောသည်။

“ မိုင်းကို သူတို့က သုံးလို့ ရသေးလား မရတော့ဘူးလားဆိုပြီး ကြည့်ကြတယ် ထင်တယ်။ အဲဒီမှာ ထပေါက်ကွဲတဲ့ပုံ ရတယ်။ အကြမ်းအားဖြင့် သိရတာက မောင်တောပြည်သူ့ဆေးရုံကြီးကို ၄ ယောက် ရောက်တယ်။ ဘူးသီးတောင် စစ်ဆေးရုံကို အနည်းဆုံး ၆ ယောက်မဟုတ်ရင် ၇ ယောက်လောက် အရေးပေါ်  ပို့ဆောင်လိုက်တယ်လို့ သိရတယ်” ဟု ၎င်းမြို့ခံက ပြောသည်။ရိက္ခာလာပို့သော စစ်ကြောင်း မိုင်းဆွဲခံရသောနေရာနှင့် ပေါက်ကွဲမှုဖြစ်သော အဆိုပါ ရဲတပ်ရင်းသည် ၆ မိုင်ခွဲခန့် ကွာဝေးသည်။
ယခုနှစ် ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်က  မောင်တောမြို့နယ် ဇင်ပိုင်ညာရွာနှင့် စကားပင်ရင်းရွာအကြားတွင် တစ်ကြိမ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြားတွင် တစ်ကြိမ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း ထုတ်ပြန်ထားသော ရုပ်သံအရ ၁၀ ဦးခန့် သေဆုံးနိုင်ပြီး ၁၄ ဦး လက်ရဖမ်းမိ ကြောင်း AA ဘက်က ယင်းညမှာပင် ထုတ်ပြန်သည်။ယမန်နေ့ (နိုဝင်ဘာ ၁) ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့ပေါ်နှင့် မိုင် ၂၀ ခန့်အကွာ တောင်ကုတ်- သံတွဲ ကားလမ်းမကြီးပေါ်ရှိ သက်ကေပြင်ကျေးရွာနှင့် ရွာပကာကျေးရွာကြား ကားလမ်းမ ပေါ်တွင် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရသည်။
အောက်တိုဘာ နောက်ဆုံးအပတ်အတွင်း ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် AA နှင့် စစ်တပ် တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်မှ ၂၄ ဦး သေဆုံးပြီး ၂၆ ဦးထက်မနည်း ဒဏ်ရာ ရရှိသွားကြောင်း AA က ယမန်နေ့ (နိုဝင်ဘာ ၁) က ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button