မြို့တော်စည်ပင်သည် ဝန်ဆောင်မှုပေးရမည့် ဌာနဖြစ်ပြီး စီးပွားရေးလုပ်ရန်နေရာမဟုတ် ဟု လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲခဲ့သော်လည်း တိုင်းဒေသကြီးလွှတ်တော်က ပယ်ချလိုက်သည်။
“ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း” နှင့်ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်တွင် ယနေ့(ဇွန်လ ၂၇) ဆွေးနွေးစဉ် အဆိုပါအချက်ကို လွှတ်တော်ကိုယ်စားလှယ်များက ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ဥပဒေကြမ်းတွင် “စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ” ခေါင်းစဉ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အပန်းဖြေလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ဖွဲ့စည်းရန် ပါရှိပြီး ယင်းကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
“သူတို့ပြဌာန်းထားတဲ့အတိုင်းဆိုရင် စည်ပင်က စီးပွားရေးလုပ်ငန်းမှန်သမျှကို လုပ်လို့ရသလို ဖြစ်နေတယ်။ ဒါက မဖြစ်သင့်ဘူး ” ဟုသင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။


စည်ပင်က စီပွားရေးလုပ်ရန်အတွက် ဥပဒေကြမ်းတွင် ရေးသားထားမှုကို လွှတ်တော်ကိုယ်စားလှယ်များက တညီတညွတ်ထဲ ဖြုတ်ချနိုင်ခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
“တကယ်က စည်ပင်သာယာရေးကော်မတီဆိုတာ မြို့တော်သာယာရေးလုပ်ငန်းတွေကိုပဲ လုပ်ရမှာလေ။ စီးပွားရေးလုပ်ငန်းထက် တင်ဒါခေါ်တာလိုမျိုး စီမံရေးကိုပဲ အဓိကထား လုပ်စေချင်လို့ပါ ” ဟု ၎င်းက ပြောသည်။


လွှတ်တော်က အတည်ပြုခဲ့သည့် ရန်ကုန်စည်ပင်ဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရှိရမည်ဖြစ်ပြီး အသက် ၂၅ နှစ် ပြည့်ပြီးသူတိုင်း ဝင်ရောက် ရွေးချယ်ခံပိုင်ခွင့် ရှိရမည် ဖြစ်သည်။
ယခင် ၂၀၁၃ စည်ပင်ဥပဒေဟောင်းတွင် တစ်အိမ်ထောင်လျှင် တစ်မဲသာ ပေးခွင့်ရှိသည်။
ထို့ပြင် ကော်မတီဝင် ၁၁ ဦးတွင် ပြည်သူက ရွေးချယ်တင်မြှောက်သူ ၆ ဦး ရှိရမည်ဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ဦးသည် ဒုတိယမြို့တော်ဝန် ဖြစ်လာမည်ဖြစ်သည်။
ပြည်သူရွေးကောက်ထားသူများကို အစိုးရက တိုက်ရိုက်ဖြုတ်ချခွင့် မရှိတော့ဘဲ၊ ခရိုင်စည်ပင်များကိုလည်း ဖျက်သိမ်းရန် သဘောတူခဲ့ကြသည်။
အဆိုပါဥပဒေကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်ထံ လွှတ်တော်က ဆက်လက် ပေးပို့မည်ဖြစ်ပြီး လာမည့် ၇ ရက်အကြာတွင် စတင် အသက်ဝင်မည်ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












