သတင်း

KIA တေးဂီတပွဲကို ဗုံးကြဲခဲ့သူများမှာ ယက္ခနာမည်ဝှက်ရှိသည့် တိုက်လေယာဉ်မှူးများဖြစ်

တနင်္ဂနွေနေ့ ညက လူပေါင်း ၆၀ နီးပါးသေဆုံးစေခဲ့ပြီး ရာနှင့်ချီဒဏ်ရာရစေခဲ့သော ဖားကန့်ခရိုင် အနန့်ပါ၌ စစ်ကောင်စီတပ်၏ ဝေဟင်မှ ဗုံးကြဲမှုတွင် ပါဝင်သူများမှာ ယက္ခအမည်ဝှက်သုံးစွဲသော အမှတ် ၆၂ တိုက်ခိုက်ရေးလေတပ်အုပ်စုမှ ဖြစ်ကြောင်း သိရှိရသည်။ 

ထိုတိုက်ခိုက်ရေး လေတပ်အုပ်စုတွင် ဒုတိယဗိုလ်မှုးကြီးနှစ်ဦး၊ ဗိုလ်မှုး ၆ ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်အဆင့် ၂၉ ဦးပါဝင်သည်။ ထိုလေတပ်အုပ်စုကို ဦးဆောင်သည့် ဒုဗိုလ်မှုးကြီးနှစ်ဦးမှာ ကိုယ်ပိုင်အမှတ် (လေ ၂၆၁၆) ဇော်မြင့်ထွန်းနှင့် ကိုယ်ပိုင်အမှတ် (လေ ၄၂၉၁) ကျော်မိုးအေး  တို့ဖြစ်ကြောင်း Myanmar Now ကရရှိထားသော တပ်တွင်းလျှို့ဝှက်မှတ်တမ်းတွင် တွေ့ရှိရသည်။ 

မန္တလေးမြို့ တံတားဦးလေဆိပ်တွင် အခြေပြုသည့် ထို ၆၂ တိုက်ခိုက်ရေး လေတပ်အုပ်စု သည် ရုရှားလုပ် Yak-130 တိုက်လေယာဉ်များကို အဓိကမောင်းနှင်ရသည်။ ထိုတိုက်ခိုက်ရေးအုပ်တွင်ပါရှိသူများကို “ယက္ခ” ဟူသော နာမည်ဝှက်ဖြင့် တပ်တွင်အချင်းချင်းဆက်သွယ်ရန် ညွှန်ကြားထားကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် တပ်လျှို့ဝှက်မှတ်တမ်းတွင် တွေ့ရှိရသည်။ 

ဒုဗိုလ်မှုးကြီး ဇော်မြင့်ထွန်းအား ယက္ခ (၆၀၁) ဟုလည်းကောင်း၊  ဒုဗိုလ်မှုးကြီး ကျော်မိုးအေးအား ယက္ခ ၆၂၉ ဟုလည်းကောင်း နာမည်ဝှက်ပေးထားကာ ထိုတိုက်ခိုက်ရေးအုပ်၏ တစ်ဦးတည်းသောဗိုလ်ကြီးအဆင့်ရှိသူ  တင်ကိုကိုအား ယက္ခ (tkk) ဟု နာမည်ဝှက်ပေးထားသည်။ 

ဖားကန့်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော တိုက်လေယဥ်များမှာ တံတားဦးလေဆိပ်မှ ပျံတက်သွားသည့် လေယာဉ်များဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ် (KIA)၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေး (PDF)နှင့် လေတပ်မှ CDM အရာရှိ သတင်းရင်းမြစ်များကဆိုသည်။ 

 

မကွေးလေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ မန္တလေးမြို့တောင်ဘက် တံတားဦးမြို့နယ် တံတားဦးလေတပ်ဆွယ်သည် ရုရှနိုင်ငံထုတ် YAK-130 အမျိုးအစား တိုက်လေယဉ်များ၏ အဓိကအခြေစိုက်စခန်းဖြစ်ကြောင်း သိရှိရသည်။

PDF ထိပ်တန်း သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ တံတားဦးမှ တိုက်လေယာဉ်များ ဖားကန့်ရှိ KIA စခန်းတစ်ခုသို့ တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းလွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက KIA က လျှို့ဝှက်သတင်းရင်းမြစ်ရရှိခဲ့ကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ အများပြည်သူပါဝင်ပြီး ပျော်ပွဲရွှင်ပွဲပြုလုပ်သည့် အခမ်းအနားတစ်ခုကို ဗုံးကြဲမည်မထင်၍ အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။ 

တိုက်ခိုက်မှုဖြစ်သည့် အောက်တိုဘာ ၂၃ ရက်ညအချိန် တံတားဦးမှ တိုက်လေယဥ်များ ပျံတက်ပြီးမကြာမီ နယ်မြေခံ PDF များက KIA သို့သတင်းပို့ရန်ကြိုးစားခဲ့သော်လည်း ထိုအချိန်တွင် ဆက်သွယ်ရေး ဖုံးလိုင်းအားလုံးပြတ်တောက်နေပြီဖြစ်ကြောင်း ထို PDF သတင်းရင်းမြစ်ကဆိုသည်။ 

KIA တပ်မဟာ (၉) ထိန်းချုပ်သည့် ကချင်ပြည်နယ် ဖားကန့်ခရိုင် အနန့်ပါတွင် KIA/KIO ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၂၂ နှင့် ၂၃ တွင် တေးဂီတပွဲကျင်းပချိန်တွင်  စစ်ကောင်စီက တိုက်လေယာဉ်သုံးစင်း သုံးစွဲပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

တိုက်ခိုက်မှုတွင် ပါဝင်သည့် တိုက်လေယဥ်များသည် တံတားဦးလေဆိပ်မှ ထွက်ခွာခဲ့ခြင်းနှင့် အမှတ် ၆၂ တိုက်လေယဥ်အုပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myanmar Now အနေဖြင့် နားလည်ထားသော်လည်း အသေးစိတ်အချက်အလက်များကို ဆက်လက်စုဆောင်းဆဲဖြစ်သည်။ 

Myanmar Now ကရရှိထားသော တပ်တွင်းလျှို့ဝှက်မှတ်တမ်း။

ဖားကန့်တိုက်ခိုက်မှုကို အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ ဒုဗိုလ်မှုးကြီးတစ်ဦးဦးက ဦးဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု စစ်တပ်အာဏာသိမ်းမှုကို ဖီဆန်ရန် တပ်မှစွန့်ခွာခဲ့သူ လေတပ် ဗိုလ်ကြီးဇေသူအောင်က Myanmar Now ကိုပြောဆိုသည်။ 

“တံတားဦးလေတပ်ဆွယ်မှာက ၆၂ရယ်၊ ၆၄ရယ် နှစ်အုပ်ပဲ ရှိတာ။ ၆၂က Yak-130 တိုက်လေယာဉ်အုပ်၊ ၆၄ က A-5 ဗုံးကြဲလေယာဉ်အုပ်ပေါ့။ ဖားကန့်ကို သွားကြဲတာ ဒုတိယဗိုလ်မှူးကြီး ဇော်မြင့်ထွန်း ဦးဆောင်တယ်လို့ ယူဆလို့ရတယ်။ သူရယ် နောက်တစ်ယောက်က ဒုတိယဗိုလ်မှူးကြီးကျော်မိုးအေး သူလည်း (ဖားကန့်ဖြစ်စဉ်မှာ)ပါနိုင်တယ်။ သေချာတာတစ်ခုကတော့ အုပ်မှူးဖြစ်တဲ့ ဇော်မြင့်ထွန်း ဆီမှာတော့ တာဝန်အပြည့် ရှိတာပေါ့” ဟု ၎င်းကဆိုသည်။ 

ဗိုလ်ကြီးဇေသူအောင်သည် နေပြည်တော်အခြေစိုက် အမှတ် ၄၅ ကင်းထောက်လေယာဉ်အုပ်စုတွင် အုပ်လေသူရဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်ကို မိသားစုနှင့်အတူ စွန့်ခွာခဲ့သူဖြစ်သည်။

အောက်တိုဘာ ၂၃ ညပိုင်းက အနန်ပါဒေသတွင် ဂီတ ဖျော်ဖြေပွဲကျင်းပနေစဉ် ပွဲခင်းအလယ် ဗုံးတစ်လုံး၊ စတိတ်စင်အနီးနှင့် စားဖိုဆောင် တို့အပေါ်  ဗုံးသုံးလုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး အသက်ဘေးမှလွတ်မြောက်ခဲ့သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

ရာနှင့်ချီသည့် ပြည်သူများရှိရာ ပွဲခင်းအလယ် တည့်တည့်ကိုကျသည့် စစ်ကောင်စီ၏ ဗုံးတစ်လုံးမှာ အထက်ပါအမျိုးသား၏ ရှေ့တည့်တည့် ခပ်လှမ်းလှမ်းတွင် ကျရောက်ခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ၎င်းမှာ ၆ ပေခန့် လွင့်စင်သွားခဲ့ရသည်ဟု ဆိုသည်။ 

လူရာနှင့်ချီရှိသည့် နေရာတွင် ဗုံးပေါက်ကွဲပြီးနောက် ဝါးတစ်ပြန်ပမာဏလောက်ရှိသည့် မီးတောက်ကြီးထိုးတက်လာသည် ကို မြင်တွေ့လိုက်ရသည်ဟု ထိုသူက ဆက်လက်ပြောပြ သည်။ 

“ဗုံးက လူရာဂဏန်းလောက်ရှိတဲ့နေရာကို ကျတာ။ ပွဲခင်းထဲကိုတော့ ဗုံးတစ်လုံးပဲ​ကျတာ။ ကျွန်တော်ရှေ့မှာ ကျတာ။ ကျွန်တော် (ပြေးတော့) နောက်မှာ မီးလင်းနေတာပဲ တွေ့တာ။ …မီးက တော်တော်တော့လင်းတယ်။ တစ်ခါတည်း မီးလောင်တာ။ မီးဗုံးရော ပါတယ်ထင်တယ်။ ဗုံးကျပြီး အဆောက်အအုံတွေရော မီးလောင်ကုန်တာ”ဟု ၎င်းက ပြန်ပြော ပြောသည်။ 

ဗုံးကြဲခံရသည့် ဖြစ်စဉ်တွင် အမှတ် ၉ တပ်မဟာမှ ထိပ်ပိုင်းအရာရှိ ၄ဦး အပါအဝင် ၆၂ဦး ကျော် သေဆုံးသည်ဟု KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက Myanmar Now ကို ယနေ့ အတည်ပြု ထားသည်။ အသေးစိတ် အခြေအနေများကိုမူ မသိရသေးပေ။

အောက်တိုဘာ ၂၃ ညပိုင်းမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများအနက် စုစုပေါင်း ၃၇ ဦးကိုသာ အမည်နှင့်တကွာအတည်ပြုထားသေးသော်လည်း ၁၃ ဦးခန့်ကိုမူ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးကြောင်း၊ ဒဏ်ရာရသူ ရာဂဏန်းအထိရှိ ကြောင်း၊ အနုပညာရှင်၊ အရပ်သားနှင့် စီးပွားရေးလုပ်ငန်းရှင်များပါဝင်ကြောင်း ကူညီ ကယ်ဆယ်ရေးလုပ်နေသူ အချို့ထံမှသိရသည်။

ဒဏ်ရာရသူများကို ဖားကန့်၊ မြစ်ကြီးနားမြို့တို့သို့ ပို့ဆောင်၍ ဆေးကုသနိုင်ရန် ကြိုးပမ်းနေသော်လည်း အနန့်ပါနှင့် မလှမ်းမကမ်း ဖားကန့်မြို့ မြောက်ဘက် ၁၀ မိုင်အကွာ ကန်ဆီးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ထားသည့်အတွက် သေဆုံးသူဦးရေ မြင့်မားနိုင်သည်ဟု ထိုသူတို့က ခန့်မှန်းသည်။

အနန့်ပါ ဗုံးကြဲခံရပြီး နှစ်ရက်ကြာသည်အထိ ဖုန်းနှင့် အင်တာနက် သုံးစွဲ၍မရသည့် ထိုဒေသ တွင်း အခြေအနေတို့ကို အသေးစိတ် အတည်မပြုနိုင်သေးပေ။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၂၅)တွင် သတင်းထုတ်ပြန်ခဲ့ပြီး အရပ်သားများကို တိုက်ခိုက်ခြင်းမဟုတ် စစ်ရေးပစ်မှတ်သာ ဖြစ်သည်ဟု ဆိုထားသည်။

KIA ဗိုလ်ချုပ်ဂွမ်မော်ကမူ အနန့်ပါသည် ခရီးသွားများ ခေတ္တနားခိုရာ စခန်းဖြစ်သည်ဟု သူ၏ Facebook မှတစ်ဆင့် တုံ့ပြန်ထားသည်။

“အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ”ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း နိုင်ငံအနှံ့ စစ်မျက်နှာများစွာရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် ခြေလျင်တပ်များ အသုံးပြုရာတွင် အလွယ်တကူ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ လုံလောက်သည့် စစ်အင်အား မဖြည့်တင်းနိုင်ခြင်းတို့ကို ကြုံတွေ့နေရသည်။

ထို့ကြောင့် မြေပြင်စစ်ကြောင်းများကို ရဟတ်ယာဉ်များဖြင့် အပြောင်း အရွှေ့ပြုလုပ်ကာ ရွာစဉ်လှည့်၍ စီးနင်းသည့်အပြင် ဒေသခံ PDF တို့ ခိုအောင်းသည်ဟု ယူဆရသည့် နေရာများကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

 

 

Show More

Related Articles

Back to top button