သတင်း

ယင်းမာပင်တွင် မီးရှို့ခံထားရသည့် ရုပ်အလောင်း ၁၀ လောင်းတွေ့

စစ်တပ်က ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းခဲ့သော စစ်ကိုင်းတိုင်းတောင်ပိုင်း ယင်းမာပင်မြို့နယ်တွင် မီးရှို့းခံထားရသည့် ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၉ ဦးနှင့် ဒေသခံတစ်ဦးဖြစ်သည်ဟု သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၁) နံနက်ပိုင်းတွင် စစ်တပ်က ဝင်ရောက်ခဲ့သော ယင်းမာပင်မြို့ နယ် ရွှေလှန်ရွာမှ ရုပ်အလောင်းများတွေ့ရှိရခြင်းဖြစ်သည်။

အောင်ဆန်းမျိုးဆက်အဖွဲ့၏ မုံရွာခရိုင်တပ်ရင်း၁၃ မှ အဖွဲ့ဝင်များ ခေတ္တတည်းခိုနေထိုင်ရာ နေအိမ်ကို စစ်တပ်က အင်အား ၁၀၀ နီးပါးဖြင့် ရုတ်တရက်ဝင်ရောက်စီးနင်းကာ ထိုသို့ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုအဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။ 

ကျဆုံးခဲ့ရသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များမှာ မုံရွာခရိုင်တပ်ရင်း ၁၃ မှ အဖွဲ့ဝင် ၈ ဦးနှင့် ခေတ္တတည်းခိုနေသည့် ပခုက္ကူခရိုင် တပ်ရင်း ၂ မှတစ်ဦး စုစုပေါင်း  ၉ ဦးဖြစ်ကြောင်း ထို အဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ အသက် ၂၀ မှ ၂၅ ဝန်းကျင်အရွယ် ကာကွယ်ရေးအဖွဲ့ဝင် များဖြစ်ကာ ၎င်းတို့နှင့်အတူ မီးရှို့ခံထားရသည့် ဒေသခံ မည်သူမည်ဝါဖြစ်သည်ကိုမူ ဆက် လက်စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။​

စီးနင်းခံရစဉ် ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး ဒဏ်ရာရပြီး အခြား ၂ ဦးပျောက်ဆုံးနေသည့် အတွက် ဆက်လက်စုံစမ်းနေသည်ဟုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက် အောက်ခံ မုံရွာခရိုင် တပ်ရင်း ၁၃ ကဆိုသည်။

ဝင်ရောက်စီးနင်းခံရသည့်အိမ်၌ပင် မီးရှို့ထားသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့ခြင်းဖြစ်ကာ အချို့မှာ တစ်စိတ်တစ်ပိုင်းသာ လောင်ကျွမ်းထားသည်ဟု ဒေသခံများထံမှသိရသည်။ 

“အသတ်ခံရတာ ၁၀ ယောက်။ အဲ့ဒီအိပ်တဲ့အိမ်မှာပဲ အိမ်ထဲထည့်ပြီး အစုလိုက် အပြုံလိုက်မီး ရှို့သွားတာ။ တချို့အလောင်းတွေကျ အကုန်မလောင်ဘူး” ဟု ဒေသအခြေစိုက် စစ်ကောင်စီ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော ဠုန်နက်ဆိုသောအဖွဲ့မှ တာဝန်ခံဖြစ်သူက ပြောသည်။ 

ယင်းမာပင်မြို့နယ်ရှိ ရွာကြီးတစ်ရွာဖြစ်သော ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီတပ်က ရဟတ် ယာဉ်များဖြင့် စတင်ပစ်ခတ်ပြီး အခြားရဟတ်ယာဉ်များဖြင့် စစ်သားများချထားကာ ဝင် ရောက်စီးနင်းခဲ့သည်။ 

ရင်ပေါင်တိုင်ရွာမှတဆင့် ယခုလ ၂၀ ရက်နေ့တွင် ရွှေလှန်ရွာကို ဆက်လက်စစ်ကြောင်းထိုး ကာ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။​

ရွှေလှန်ရွာ အနောက်ဘက်မှ ဝင်လာပြီး မထင်မှတ်ထားသည့် အချိန်တွင် အလစ်အငိုက် စီးနင်းတိုက်ခိုက်ခံရခြင်းကြောင့် အကျဆုံးများခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေး အဖွဲ့များထံမှသိရသည်။ 

“ယမားချောင်းဘက်ကနေ ပတ်တက်လာတာ။ ကင်းစောင့်နေတာ တချို့ရှိပေမယ့် တချို့ လည်း အိပ်ပျော်နေကြတယ်။ အဲ့ဒီအချိန်မှာဖြစ်သွားတာ။ မနက်အစောကြီးဆိုတော့ မပြေးနိုင်တဲ့ ဒေသခံတစ်ချို့လည်း ပိတ်မိတယ်” ဟု ဒေသ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်တပ်က နံနက် ၅ နာရီအချိန်တွင် ရုတ်တရက် ဝင်ရောက်စီးနင်းလာခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုစစ်ကြောင်းသည် ရွှေလှန်ရွာအတွင်းရှိ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ငွေသားနှင့် ပစ္စည်းတန်ဖိုး သိန်း ၆၀၀ နီးပါးဆုံးရှုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၃ က ထုတ်ပြန်သည်။ 

ရွှေလှန်ရွာကို စီးနင်းခဲ့သည့် စစ်ကြောင်းကို ယမန်နေ့ ညနေပိုင်းတွင် ရဟတ်ယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။

“စစ်သားတွေကို လေယာဉ်နဲ့လာသယ်သွားတာ။ ဖိုက်တာ (တိုက်ခိုက်ရေးရဟတ်ယာဉ်) တစ်စီးကာပြီးဝဲပေးတယ်။ ထောက်ပို့ နှစ်စီးနဲ့ လာခေါ်သွားတာ” ဟု ကိုဂဠုန်တပ်ဖွဲ့ တာဝန်ခံ က ပြောသည်။

ထိုစစ်ကြောင်းသည် ရင်ပေါင်တိုင်ရွာအနီး လေယာဉ်ဖြင့် အင်အားချခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်သက်ကြီးရွယ်အိုတစ်ဦးကို အနီးကပ်သတ် ဖြတ်ကာ နားကပ်နှင့်ပိုက်ဆံများကို ယူဆောင်သွားခဲ့သည်။ 

ထို့ပြင့် ရင်ပေါင်တိုင်ရွာမှ ထွက်လာစဉ် မိုင်းဆွဲတိုက်ခိုက်သည့် ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးရမိပြီးနောက် ညှင်းပန်းနှိပ်စက်ကာ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြတ်တောက်ကာ  ဦးခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။ 

လွန်ခဲ့သည့်နှစ်လက ရင်ပေါင်တိုင်ရွာကို လေကြောင်းမှပစ်ခတ်ပြီး ရွာတွင် သုံးရက်ကြာ တပ်စွဲထားစဉ် ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၉ ဦး သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button