သတင်း

ဘားအံထောင်ရှိ ရိုဟင်ဂျာများ အတိဒုက္ခရောက်နေ

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ အခြားနိုင်ငံများသို့ ကုန်းလမ်းရေလမ်းဖြင့် လျှို့ဝှက်ထွက်ခွာစဉ် လမ်းခရီးတွင် ဖမ်းဆီးခံရပြီး၊ ယခုအခါ ကရင်ပြည်နယ် ဘားအံမြို့ရှိ တောင်ကလေးအကျဉ်းထောင်တွင် ရိုဟင်ဂျာ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၅၀ ဦးခန့် အကျဉ်းကျခံနေရသည်။

၎င်းတို့မှာ ယခုအခါ အကျဉ်းထောင်အတွင်းတွင် အစာအဟာရချို့တဲ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်းတို့ကြောင့် ဒုက္ခများစွာ ကြုံတွေ့နေရသည်ဟု အဆိုပါ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။

၂၀၁၂ ခုမှစ၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရပြီး အာဏာပိုင်တို့ ဖန်တီးပေးထားသော ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာ လူမှုရေး၊ ပညာရေး၊ စီးပွားရေးအခွင့်အလမ်းများ ပိတ်ဆို့ခံထားရကာ မည်သည့်နေရာကိုမှ ခရီးသွားခွင့်မရသည့် ရိုဟင်ဂျာတို့သည် ဒုက္ခသည်စခန်းများမှတစ်ဆင့် ထိုင်း၊ မလေးရှားနိုင်ငံများသို့ သွားရန် ကြိုးပမ်းစဉ် မကြာခဏ ဖမ်းဆီးခံနေရသည်။ 

တောင်ကလေးထောင်တွင်ရှိသော ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မှ မိုင် ၅၀၀ ဝန်းကျင်ဝေးသည့် ကရင်ပြည်နယ်အတွင်း ခရီးသွားလာစဉ် ဖမ်းဆီးခံရကာ မိသားစုနှင့် အဆက်အသွယ် မရ၊ ထောင်ဝင်စာပို့သူမရှိသည့် ဒဏ်ကို ခါးစီးခံနေရသည်ဟု သိရသည်။

အခြားအကျဉ်းသားများထက် နေထိုင်စားသောက်ရေး၊ ကျန်းမာရေး အခက်တွေ့နေကြသည့် ရိုဟင်ဂျာတို့ကို ထောင်အာဏာပိုင်များကလည်း လျစ်လျူရှုထားကြသည်ဟု ဘားအံထောင်တွင် တစ်နှစ်နီးပါး အကျဉ်းကျခံရပြီး မကြာသေးမီကမှ ပြန်လွတ်လာသူ နှစ်ဦးက ပြောသည်။

ဘာသာရေးအရ အစားအသောက် ဆင်ခြင်ရသည့် ရိုဟင်ဂျာများမှာ ဘားအံထောင်တွင်း တစ်ပတ်လျှင် အနည်းဆုံးသုံးရက် ထမင်းကို ရေနှင့်သာ ဖျော်စားနေရကြောင်း၊ တွေ့ရာ အရွက်များကို ခူးပြီး ပြုတ်သောက်နေကြောင်း၊ အဝတ်အစားအပိုရှားပါး၊ ဆပ်ပြာပို့မည့်သူ မရှိသဖြင့် ခန္ဓာကိုယ်အနှံ့ ဝဲ(ယားနာ) ပေါက်နေသော်လည်း ထောင်အာဏာပိုင်တို့က ဆေးကုသမှု မပေးကြောင်း သိရသည်။

၁၉၆၂ စစ်အာဏာရှင်ခေတ်မှစ၍ ရိုဟင်ဂျာတို့ကို မြန်မာအာဏာပိုင်များက အထောက်အထားမဲ့ဟု သတ်မှတ်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်မှတစ်ဆင့် ခရီးသွားလာခွင့်ကို ပိတ်ပင်ထားခဲ့ကာ ခရီးသွားလာသည်ကို တွေ့ရှိပါက လူဝင်မှုကြီးကြပ်ရေး (လဝက) ဥပဒေဖြင့် ဖမ်းဆီးအရေးယူလေ့ရှိသည်။ 

ဘားအံမြို့နှင့် ၅ မိုင်ကျော် ကွာဝေးသည့် တောင်ကလေးထောင်တွင် အကျဉ်းချခံထားရသည့် ရိုဟင်ဂျာများသည်လည်း အလားတူ လဝကမှုဖြင့် ထောင်ကျနေသည်ဟု ယူဆရသော်လည်း ၎င်းတို့ ဖမ်းဆီးခံရသည့် ဖြစ်စဉ်အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

“သူတို့ကို ကြည့်လိုက်ရင် စိတ်လည်း မချမ်းသာဘူး။ ထောင်ထဲမှာရှိတဲ့ ဘာအရွက်တွေလည်း မသိဘူး။ တစ်ခါမှ မမြင်ဖူးတဲ့ အဲဒီအရွက်တွေကို ရေနွေးတွေနဲ့ ပြုတ်ပြီးတော့ ထမင်းနဲ့ မွှေစားရတာ” ဟု ဘားအံထောင်တွင် ၉ လကျော် နေထိုင်ခဲ့ရသည့် အသက် ၃၀ အရွယ် အကျဉ်းသားဟောင်းက ပြောသည်။

“သူတို့စားနေရတာ ကြည့်ပြီး ကျွန်တော် စိတ်မကောင်း တအားဖြစ်တယ်။ ၅၀၊ ၁၀၀ တန် ငါးပိထောင်းဘူးလေးတွေ ကျွန်တော်ရလာလို့ ပေးလိုက်ရင် တချို့ဆို မျက်ရည်တောင်ကျတယ်။ ထောင်မှာက ဟင်းဆိုရင်လည်း ဆားပေါ့တော့ သူတို့ အဓိက လိုချင်တာက ဆားနဲ့ ငရုတ်သီးပေါ့။ ဒါပေမဲ့လည်း မရတာများတယ်” ဟု ထိုသူက ဆက်ပြောသည်။

ဘားအံထောင်ရှိ ရိုဟင်ဂျာများထဲတွင် အမျိုးသား ၁၀၀ကျော် ပါဝင်ကာ အသက် ၁၈ မှ ၃၀ ကြား လူငယ်များဖြစ်ကြသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ပြောသည်။ အိပ်ဆောင် ၅ ခုရှိသည့် ဘားအံထောင်အတွင်း ရိုဟင်ဂျာအမျိုးသားများမှာ အမှတ် ၂ နှင့် ၅ တွင် နေထိုင်ရပြီး အမျိုးသမီး ၅၀ ဝန်းကျင်ကို မေမြို့ဆောင်ဟု ခေါ်သည့် အမျိုးသမီးဆောင်တွင် ထားသည်ဟု သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးအကျဉ်းထောင်။ ဓာတ်ပုံ-KIC

ထိုရိုဟင်ဂျာများမှာ ထောင် ၆ လမှ ၂ နှစ်အထိ ချမှတ်ခံထားရပြီး ပြန်လွတ်သူများရှိကြောင်း၊ ထပ်မံ ဖမ်းမိသည့် ရိုဟင်ဂျာများ ဆက်တိုက်ဆိုသလိုပင် ဘားအံထောင်သို့ ရောက်နေကြောင်း၊ ယခုလဆန်းတွင်ပင် ထရပ်ကားနှစ်စီးဖြင့် ထပ်ရောက်လာကြောင်း အကျဉ်းသားဟောင်း နှစ်ဦးက ဆိုသည်။

ဘားအံထောင်အတွင်း စားရေးသောက်ရေးအခြေအနေမှာ လွန်စွာဆိုးရွားနေပြီး မနက်စာမှာ ထမင်းဖြူနှင့် ရေနွေး၊ နေ့လယ်စာမှာ ထမင်းနှင့် ပဲဟင်းသာ ပုံမှန်ရကြောင်း၊ ညနေစာကိုမူ တစ်ပတ်လျှင် လေးရက် ကြက် သို့မဟုတ် ငါးကျွေးသော်လည်း ကျန်ရက်များတွင်မူ ကန်စွန်းရွက် အရည်ကျဲဟင်းသာဖြစ်ကြောင်း သိရသည်။

“အသားဟင်းကလည်း ဟင်းရယ်လို့ မဟုတ်ဘူး။ အသားကို ပြုတ်ထားတာ။ ဆားမပါဘူး။ ပြုတ်ထားပြီး ပုံးထဲ ထည့်ပြီးတော့ ပြုတ်တဲ့အရည်တစ်ခွက်နဲ့ အသားတစ်တုံးနဲ့ပဲ အဲဒီလိုပေးတယ်။ အသားဟင်းမပါတဲ့ရက်ဆိုရင် သူတို့ (ရိုဟင်ဂျာတွေ) မှာ စားစရာ မရှိဘူးလေ” ဟု အသက် ၃၀ အရွယ် အကျဉ်းသားဟောင်းက ပြောသည်။

ကရင်ပြည်နယ်တွင် နေထိုင်ပြီး ဘားအံထောင်မှ ယခုလဆန်းတွင် လွတ်မြောက်လာသည့် နောက်ထပ် အမျိုးသားတစ်ဦးကလည်း အကျဉ်းထောင်အတွင်း ရိုဟင်ဂျာတို့ ကြုံတွေ့နေရသည့် အခြေအနေမှာ စိတ်မချမ်းမြေ့ဖွယ်ရာပင် ဖြစ်ကြောင်း ပြောသည်။

“တချို့ဆိုရင် ဝဲတွေပေါက်ပြီးတော့ လမ်းတောင် ထော့နဲ့ထော့နဲ့ လျှောက်နေရတယ်။ ဝဲတွေက အခြောက်မဟုတ်ဘူး။ ဝဲအစိုတွေဆိုတော့ လက်ကြားတွေ၊ ခြေကြားတွေမှာ မြင်ရက်စရာ မရှိဘူး။ ဆေးတွေဘာတွေဆိုလည်း အိမ်ကပို့ပေးမဲ့သူ မရှိတော့ ဒုက္ခတော်တော်ရောက်ကြတယ်” ဟု ၎င်းက ပြောသည်။

ဘားအံထောင်တွင် တစ်နှစ်အတွင်း ထောင်ပိုင် လေးဦး ပြောင်းသွားပြီး ယခုနောက်ဆုံး တာဝန်ကျနေသည့် ထောင်ပိုင်မှာ ရခိုင်ဘက်မှ ပြောင်းလာသည့် အသက် ၄၀ အရွယ် အမျိုးသားဖြစ်ကြောင်း၊ ယင်းမတိုင်မီ တာဝန်ကျခဲ့သည့် ထောင်ပိုင်များမှာ ဦးဇော်မင်းအောင်၊ ဦးလှရွှေတို့ ဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ် နှစ်ဦးထံမှ သိရသည်။

အထက်ပါကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်နှင့် သီးခြားအတည်မပြုနိုင်သေးပေ။

မြန်မာတွင် ရိုဟင်ဂျာများမှာ အပြင်းအထန်ဖိနှိပ်မှုခံရသည့် အခြေအနေဖြင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီး ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်၏ စစ်ဆင်ရေးကြောင့် သိန်းနှင့် ချီ၍ ရခိုင်နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။

ထိုဖြစ်စဉ်ကို လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် ကမ္ဘာက သတ်မှတ်ပြောဆိုနေသလို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICJ) တွင် တရားစွဲထားသဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင်များ အမှုရင်ဆိုင်နေရသည်။

စစ်ခေါင်းဆောင်များက ရခိုင်ပြည်နယ်အတွင်း လူမျိုးသုဉ်းသတ်ဖြတ်သည်၊ ရိုဟင်ဂျာများကို ဖိနှိပ်သည်ဆိုသော စွပ်စွဲချက်များကို အစဉ်တစိုက် ငြင်းဆိုလေ့ရှိသည်။ သို့သော် အခမ်းအနားနှင့် အစည်းအဝေးတစ်ချို့တွင်မူ ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးနှင့် ပတ်သက်၍ စစ်တပ်တာဝန်ရှိသူတို့က နှစ်ထောင်းအားရ ပြောလေ့ရှိသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီး တစ်လအကြာတွင် ပြုလုပ်သည့် တပ်မတော်နေ့အခမ်းအနားတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရခိုင်ပြည်နယ်အတွင်းတွင် အခြေပြုလှုပ်ရှားနေတဲ့ ကုလားဆိုး သောင်းကျန်းသူများကို တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့သည်ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button