သတင်း

ညောင်ဦးတွင် NLD အမာခံ ၆ ဦး ဆက်တိုက်ဖမ်းဆီးသတ်ဖြတ်ခံရ

မန္တလေးတိုင်း ညောင်ဦးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် ဆက်စပ်နေသူ ၆ ဦး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂ ည ၁၂ နာရီခန့်တွင် စဉ့်ကူမြို့ တောင်လပ်ရပ်ကွက်မှ ဦးဝင်းအောင်မိုး အသက် ၅၀ ဝန်းကျင်၊ ကိုငြိမ်းချမ်းမင်း အသက် ၃၀ ၊ မသော်မီမီဝင်း ၂၃ နှစ်တို့ကို အရပ်ဝတ်များက ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်သွားသည်ဟု သိရကြောင်း ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Bagan Orge Force တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“၁၂ ခွဲလောက်က ကားသုံးစီးနဲ့ လာဖမ်းပြီး မနက် အလောင်းလာချသွားတာပါ။ အင်အား အရမ်းမများဘူးဗျ။ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ပါ” ဟု ၎င်းက ပြောသည်။

ရွာမမြောက်ပိုင်း စဉ့်ကူဆေးရုံးအကျော် ဘိုခင်တည်းခိုခန်းအနီး ချောင်းအတွင်း၌ ၎င်းတို့သုံးဦးကို သတ်ဖြတ်ခဲ့ခြင်းဟုလည်း ဆိုသည်။

အလားတူ ထိုနေ့ညတွင် ညောင်ဦးမြို့ ငါ့သရောက်မြို့နယ်ခွဲ ဆည်ရွာမှ ညောင်ဦးခရိုင် NLD ပါတီဝင်ဖြစ်သူ ဦးကျော်ဝင်း အသက် ၆၅ နှစ်ကို အရပ်ဝတ်အဖွဲ့များက ဖမ်းဆီးသွားပြီး လက်ထိတ်ခတ်လျက် သေဆုံးနေသည့် သူ၏ အလောင်းကို ကျေးရွာအနီး လမ်းဘေးတွင် ပစ်သွားကြောင်း ၎င်းက ဆက်ပြောသည်။  

ထို့အပြင် အောက်တိုဘာ ၃ ည ၇ နာရီတွင် ဦးမြင့်ဇော်လင်း ခေါ် ကိုဇော်ကြီး၊ အာနန္ဒာဘုရားဂေါပကအဖွဲ့ဝင် ဦးမြင့်ကျော် ၅၀ တို့လည်း အလားတူ ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း အမည်မဖော်လိုသည့် ညောင်ဦးမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

၄၈ နှစ် အရွယ် ဦးမြင့်ဇော်လင်းသည် ပုဂံညောင်ဦးဒေသထွက်ကုန်တစ်ခုဖြစ်သည့် ဇီးကွက်ပုန်းရည်ကြီး ထုတ်လုပ်ရောင်းချသူတစ်ဦးဖြစ်ကြောင်း၊ ညောင်ဦးမြို့ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်၏ ညီတော်စပ်ကြောင်း ၎င်းက ဆိုသည်။

အသက် ၅၀ အရွယ် ဦးမြင့်ကျော်သည် ပုဂံမြို့ဟောင်း တောင်ဘီရွာမှ ဖြစ်ကြောင်း၊ ပျူစောထီးနှင့် သွေးသောက်ဟု ယူဆရသည့်အဖွဲ့က ဆိုင်ကယ်သုံးစီးဖြင့် ဖမ်းသွားပြီးနောက် ဓားဒဏ်ရာများရှိနေသည့် သူ၏ အလောင်းကို နောက်တစ်ရက်တွင်  မြို့ရှောင်လမ်းပေါ် ပစ်ထားခဲ့ကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

ညောင်းဦးမြို့နယ်တွင် ထို ၆ ဦးမှာ ဓားဒဏ်ရာအများအပြားဖြင့် သေဆုံးခြင်းဖြစ်ရာ ပျုစောထီးနှင့် သွေးသောက်အဖွဲ့များ၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ယူဆသည်။

အဆိုပါ သတ်ဖြတ်မှုများသည် ညောင်ဦးမြို့နယ် စဉ့်ကူမြို့တွင် စက်တင်ဘာ ၂၉ က ကြံခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးအောင်မင်းထိုက်ကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက လုပ်ကြံခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည် ဩဂုတ်လ ၅ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်နေ NLD ထောက်ခံသူတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့သေးသည်။  

အလားတူ ရန်ကုန်တိုင်း တွံတေးမြို့နယ် ဇီးဖြူကုန်းရွာမှ အမျိုးသမီးတစ်ဦး စစ်ကောင်စီ၏ ဖမ်းဆီးမှုခံခဲ့ရပြီး ဩဂုတ် ၂၉ ရက်တွင် သေဆုံးသွားသည်။

NLD ၏ မေလ ၁၀ ရက် ထုတ်ပြန်ချက်အရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပါအဝင် ယင်းတို့၏ ပါတီဝင်များ လွှတ်တော်ကိုယ်စားလှယ်များ ၇၀၁ ဦး ဖမ်းဆီးခံထားရသည်ဟု ဆိုသည်။ ထိုအထဲတွင် စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း သေဆုံးသူ ၁၈ ဦး ရှိသည်ဟုလည်း ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button