သတင်း

ကုမ္ပဏီများ၏ အချက်အလက်ကန့်သတ်မှုကြောင့် ရင်းနှီးမြှုပ်နှံလိုသူတို့ ခက်ခဲနိုင်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ အင်တာနက်စာမျက်နှာတွင် ကုမ္ပဏီများ၏ အသေးစိတ်အချက်အလက် ဝယ်ယူဖတ်ရှုခွင့်ကို စစ်ကောင်စီက ပိတ်ပင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံရေးအတွက် စူးစမ်း အကဲဖြတ်ရာတွင် ခက်ခဲသွားကြောင်း စီပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ကမ္ဘာ့နိုင်ငံများတွင်  ကုမ္ပဏီအမည်သိရုံဖြင့် အသေးစိတ်အချက်အလက် သိရှိနိုင်ရန် စီစဉ်ထားသော်လည်း မြန်မာနိုင်ငံတွင်မူ ဆန့်ကျင်ဘက် ဖြစ်လာသည်ဟု  အမည်မဖော်လိုသူ ကားလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“နိုင်ငံတွေက ဖွင့်ပေးထားရတဲ့ဟာပဲလေ။ ကုမ္ပဏီအချင်းချင်းရော၊ အစိုးရရော၊ တခြားနိုင်ငံခြား ကုမ္ပဏီရောက ကုမ္ပဏီတစ်ခုကို ဘာပဲဖြစ်ဖြစ် အလွယ်တကူ စစ်ဆေးလို့ရတာပေါ့၊ အကြမ်းဖျင်းပေါ့။ စစ်ဆေးပြီးတော့ လက်တွဲဆောင်ရွက်ဖို့တို့ စာချုပ်ချုပ်ဖို့လိုတာပေါ့၊ ဒါကြောင့်မို့ ဒါကိုဖွင့်ပေး ထားတာလေ၊ အဲ့ဒါတော့ ခက်သွားမှာပေါ့” ဟု ဟုပြောသည်။ 

အာဏာသိမ်းပြီးနောက် DICA ၏ အချက်အလက်များကို ကိုးကား၍ စစ်ကောင်စီနှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများ၊ တယ်လီကွန်းကဲ့သို့ ကုမ္ပဏီကြီးများကိုရောင်းချရာတွင် ဝယ်ယူသည့်ကုမ္ပဏီမကြောင်း စုံစမ်း ဖော်ထုတ် ရေးသားလာ၍ ထိုအချက်ကို ဖုံးကွယ်ရန် ပိတ်ပင်ခြင်းဖြစ်ကြောင်းလည်း ကုမ္ပဏီပိုင်ရှင်များက ယူဆကြသည်။

ကုမ္ပဏီခိုင်မာမှု၊ အမှန်တကယ်လုပ်ငန်းလည်ပတ်မှုကို  စစ်ဆေးအကဲဖြတ်ရန် ခက်ခဲသွားသလို စီးပွားရေးလုပ်ကိုင်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိနိုင်တော့ကြောင်း ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီပိုင်ရှင်တစ်ဦးက ဆိုသည်။ 

“ရင်းနှီးမြှုပ်နှံမှုတစ်ခု လုပ်တော့မယ်ဆိုရင် ဒီကုမ္ပဏီကို အကဲဖြတ်ရတာပေါ့ ယုံကြည်ရတယ် မယုံကြည်ရဘူး။ ဒါပေမယ့် အခုကတော့ DICA တစ်ခုတည်းက အချက်အလက်တွေ ရနေတာတော့မဟုတ်ဘူး။ ကုမ္ပဏီတကယ်ရှိ၊မရှိကိုတော့ DICA ကနေ စစ်တာပေါ့” ဟု အမည်မဖော်လိုသည့် ထိုလုပ်ငန်းရှင်က ပြောသည်။

နိုင်ငံခြားကုမ္ပဏီများက   ပြည်တွင်းကုမ္ပဏီများနှင့် ပူပေါင်းရန်ဆုံးဖြတ်ချက်ချရာတွင် ဘဏ္ဍာရေးနှင့် အခွန်ပေးဆောင်မှု အခြေအနေများအထိ စစ်ဆေးလေ့ရှိကြောင်း၊ လက်ရှိတွင် စီးပွားရေးကျဆင်းနေသည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မလာသဖြင့် အချက်အလက်ဝယ်ယူဖတ်ရှုမှု နည်းနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ယခင်ကတည်းက အခမဲ့ဖတ်ရှုခွင့်ရသော ကုမ္ပဏီလိပ်စာ၊ ဒါရိုက်တာအမည်နှင့် မှတ်ပုံတင်ရက်စွဲ စသည့် အချက်အလက်များကိုမူ DICA ဝက်ဘ်ဆိုက်တွင် ကြည့်ရှုခွင့်ရနေသေးသည်။ သို့သော်လည်း ယခု ပိတ်ပင်မှုကြောင့်  စီးပွားရေးလုပ်ငန်းရှင် အချင်းချင်းသော်လည်းကောင်း၊ သတင်းဌာနများက သော်လည်းကောင်း  ကုမ္ပဏီများ၏ အခြားအသေးစိတ် အချက်အလက်ကို သိနိုင်တော့မည် မဟုတ်တော့ပေ။

စစ်အုပ်စုက DICA မှတ်တမ်းများကို ထိန်းချုပ်လိုက်ခြင်းမှာ ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့် အပေးအယူတည့်သည့် စီးပွားရေး လုပ်ငန်းရှင်များကို အကာအကွယ်ပေးရန်ဖြစ်ကြောင်း စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က မှတ်ချက်ပြုသည်။

“လျှို့လျှို့ဝှက်ဝှက် စီးပွားရေးလုပ်လို့ရအောင်ပေါ့။ ငွေကြေးခဝါချတာ အပါအဝင် သူတို့ရဲ့ ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို မထိခိုက်စေချင်လို့လည်းဖြစ်မယ်” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

အာဏာသိမ်းပြီးနောက် နယ်ပယ်အသီးသီးတွင် ပွင်းလင်းမြင်သာမှု ပျောက်ဆုံးသွားရာမှ DICA ဝဘ်ဆိုက်တွင် ရင်းနှီးမြှုပ်နှံသူတို့ သိလိုသည့်  အချက်အလက်များကို တင်းကျပ် ပိတ်ပင်လာခြင်းလည်း ပါဝင်သည်။ 

အသစ်ခွင့်ပြုသည့်   ကုမ္ပဏီအမည်၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းအမျိုးအစား၊ တည်နေရာနှင့် ခွင့်ပြုသည့်ရက်စွဲတို့ကို အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလကုန်အထိသာ ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ 

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ၂၀၁၇ ခုနှစ်တွင် အီလက်ထရောနစ်ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCo) ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ မှတ်ပုံတင်ထားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် သက်ဆိုင်သော အချက်အလက်များကို မည်သူမဆို ၂၄ နာရီ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်အချက်အလက်များကို အခကြေးငွေဖြင့် ဝယ်ယူကြည့်ရှုနိုင်သည်ဟု သတ်မှတ်ထားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button