သတင်း

စစ်တွေ၊ သံတွဲရှိ “တပ်ပိုင်မြေ” ပေါ်မှ နေအိမ်များ ဖြိုဖျက်ခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် သံတွဲမြို့နယ်ရှိ နေအိမ်အများအပြားကို တပ်ပိုင်မြေအတွင်း ကျရောက်သည်ဆိုကာ စစ်ကောင်စီတပ်က စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဖြိုဖျက်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

သံတွဲမြို့အနောက်ဘက် ၂၇ မိုင်အကွာတွင်ရှိသည့် ဂျိုင်သာရွာရှိနေအိမ်များကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းမှစပြီး ဖြိုဖျက်သူများထဲတွင် ကြည်းတပ်၊ ရေတပ်၊ ရဲတို့ ပါဝင်သည်ဟု ဆိုသည်။

ရေလုပ်ငန်း လုပ်ကိုင်သော၊ အိမ်ခြေ ၇၀ ကျော်နှင့် လူဦးရေ ၃၅၀ ကျော် နေထိုင်သော ဂျိုင်သာရွာရှိ နေအိမ်များသည် တပ်ပိုင်မြေအတွင်း ရှိနေသည်ဆိုခြင်းကြောင့် သစ်ကောက်ရွာသို့ အိမ်ခြေ ၄၀ ခန့် ပြောင်းရွှေ့ခဲ့ကြရသည်၊ ပြောင်းရွှေ့ရန် ကျန်နေသေးသည့် အိမ်ခြေ ၃၀ ခန့်ကို စစ်ကောင်စီတပ်က မြေတူးစက်များဖြင့် ကော်ကာ ဖြိုဖျက်ခဲ့ကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ပြောင်းရွှေ့သွားသူများကို အစိမ်းမတောင်နှင့် သစ်ကောက်ရွာအနီးတွင် ပေ ၃၀- ၆၀ မြေကွက် တစ်ကွက်နှင့် အိမ်ဆောက်ရန် ဝါးထရံ ၃ ချပ်၊ ဆန် ၃ ပြည်နှင့် စားအုံးဆီ ၅၀ ကျပ်သား ပေးခဲ့သည်ဟု သိရသည်။ အစားထိုးနေရာချပေးသောနေရာသည် ပင်လယ်နှင့် ဝေးကွာသဖြင့် ရေလုပ်ငန်းကို လုပ်ကိုင်ရန်နှင့် သားသမီးပညာရေး၊ ကျန်းမာရေးကအစ အဆင်မပြေကြောင်း ရွာသားတစ်ဦးက ပြောဆိုသည်။

“ဒီရွာက သူတို့ပြောသလို ရေတပ်မြေထဲမှာ မရှိပါဘူး။ ရွာကို ဖယ်ပေးဖို့ ပြောတာကတော့ ကြာပါပြီ။ တချို့လည်း သူတို့ ပြောင်းနေဖို့ နေရာကို ရွှေ့သွားတာရှိပါတယ်။ ကျွန်တော်တို့က သူတို့ နေခိုင်းနေရာကို သွားနေဖို့က အဆင်မပြေဘူး။ ရေလုပ်ငန်းလုပ်တဲ့လူတွေက ကမ်းခြေနဲ့ နီးနီးမှာ နေမှ အဆင်ပြေတာပါ။ အခုတော့ အားလုံး ဖြိုဖျက်လိုက်ပါပြီ” ဟု ဂျိုင်သာကျေးရွာသားတစ်ဦးက ပြောသည်။ 

ဂျိုင်သာရွာသည် ၁၉၇၄ ခုနှစ်ခန့်ကတည်းက ရေလုပ်ငန်းဖြင့် အသက်မွေးသူများ ကျေးရွာတည် နေထိုင်လာခဲ့သည့် ကျေးရွာဖြစ်သည်။ ၁၉၉၆ ခုနှစ်က အိမ်ခြေ ၃၀ ခန့်ရှိနေသည့်အချိန်တွင် ရေတပ်ပိုင်အဖြစ် သတ်မှတ်မှုရှိခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားများထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဩဂုတ်ကတည်းက ကျေးရွာကို ပြောင်းရွှေ့ပေးရန် ဖိအားပေးမှုရှိခဲ့ပြီး ကျေးရွာသားများက ညှိနှိုင်းပေးရန် တောင်းဆိုချက်ကြောင့် ရွာပြောင်းရွှေ့ခွင့်ကို ရွှေ့ဆိုင်းထားခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်း ၃ ကြိမ်ထက်မနည်း စစ်ကောင်စီမှ ဖယ်ရှားရန် အမိန့်ထုတ်ခဲ့ပြီးနောက်တွင် ကျန်ရှိနေအိမ်အားလုံးကို အင်အားသုံးဖြိုဖျက်ပစ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ 

အလားတူ စစ်တွေမြို့ မင်းဂံရပ်ကွက်၊ အကွက်အမှတ် ၁၀ မှ နေအိမ် ၁၀ လုံးကိုလည်း တပ်ပိုင်မြေနှင့် မလွတ်ဟုဆိုကာ စက်တင်ဘာ ၂၅ ရက်နေ့မှ  စက်တင်ဘာ ၂၉ ရက်အတွင်း ဖြိုဖျက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါမြေနေရာများမှာ ရပ်ကွက်တိုးချဲ့စဉ်က ကာလတန်ဖိုးအတိုင်း ဝယ်ယူထားကြခြင်းဖြစ်ပြီး ၁၀နှစ်ခန့် နေထိုင်လာခဲ့ပြီးနောက် အတင်းအဓမ္မ ဖြိုဖျက်ခိုင်းလာခြင်းဖြစ်သည်ဟု နေအိမ်ဖြိုဖျက်ခံရသူများက ပြောသည်။ 

“မဖျက်ရင် အင်အားသုံးပြီး ဖျက်မယ်ဆိုပြီး စစ်သားတွေက လာပြောတယ်။ ဒီမြေကို ကျွန်တော်တို့က ချွေးနှဲစာနဲ့  ဝယ်ထားရတာ။ အခုတော့ နစ်နာကြေးတစ်ပြားမှ မရဘဲ ဖြိုလိုက်ရပါပြီ“ ဟု နေအိမ်ဖျက်ခံရသူတစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်တွင် ဒေသခံပြည်သူတွေများ၏ မြေအများအပြားသည် ဟိုတယ်ဇုန်အတွက် သိမ်းဆည်းခံခဲ့ကြသကဲ့သို့ စစ်တပ်၏ တပ်ရင်း တိုးချဲ့ရန် သိမ်းဆည်းသွားခြင်းကိုလည်း ယခင် ဆယ်စုနှစ်များက ခံခဲ့ကြရသည်။ ယင်းသို့သိမ်းဆည်းမြေများကို ဒေသခံများထံသို့ ပြန်ပေးရေးအတွက် ၂၀၁၅ ခုနှစ် အတွင်း ဆန္ဒပြတောင်းဆိုမှု ပေါ်ပေါက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button