ရဲနှိပ်စက်သဖြင့် လူသေရသည်ဆိုသောအမှု ဖြေရှင်းချက်ပေးရန် ပြည်ထဲရေးကို ကော်မရှင်က အကြောင်းကြား

ရဲကင်းတွင် ထိန်းသိမ်းခံရစဉ် ကြောက်လန့်တကြား အော်ဟစ်သံများ ကြားခဲ့ရကြောင်း သေဆုံးသူ၏မိခင်က ပြောသည်။

Published on Jul 17, 2018
Published on Jul 17, 2018
သေဆုံးသူ၏မိခင် ဒေါ်တင်တင်အေး (ဓာတ်ပုံ - ဝင်းနန္ဒာ / Myanmar Now)
သေဆုံးသူ၏မိခင် ဒေါ်တင်တင်အေး (ဓာတ်ပုံ - ဝင်းနန္ဒာ / Myanmar Now)

ရန်ကုန် — ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့၏ ထိန်းသိမ်းစစ်မေးခံရသည့် အသက်၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဇွန်လအတွင်းက သေဆုံးသွားသည့် ကိစ္စကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ စစ်ဆေးနေသည်ဟု အင်းစိန်မြို့နယ်ရဲမှူးတင်အေးက Myanmar Now ကို ဇူလိုင်လ ၁၄ ရက်နေ့က ပြောသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ ဖြေရှင်းချက်ပေးရန် အကြောင်းကြားထားသည်။

လှိုင်သာယာမြို့နယ် ၂၃ ရပ်ကွက်တွင် နေထိုင်သည့် ကိုခိုင်မင်းဝေကို စစ်မေးစရာရှိ၍ဟု ဆိုကာ ရဲက ဇွန်လ ၂၁ ရက်နေ့ညတွင် လာရောက်ခေါ်ဆောင်ကာ ရဲကင်းတွင် စစ်မေးပြီးနောက် ခြောက်နာရီခန့်အကြာ သေဆုံးခဲ့သည့် အပေါ် ၎င်း၏မိခင်ဖြစ်သူက သားဖြစ်သူသည် ရဲ၏ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရကြောင်း ဇူလိုင်လ ၁၀ ရက်နေ့က လူ့အခွင့်အရေးကော်မရှင် ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

လှိုင်သာယာမြို့မရဲစခန်းမှ ရဲအရာရှိများကမူ သေဆုံးသူအား အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ ဓားကိုင် သောင်းကျန်းနေသည်ဟု သတင်းရရှိသည့်အတွက် သွားရောက် စစ်ဆေးခဲ့ ခြင်းသာ ဖြစ်သည်ဟု ပြောသည်။

လူ့အခွင့်အရေးကော်မရှင်က တိုင်စာရရချင်း ချက်ချင်းအရေးယူ ဆောင်ရွက်ခဲ့သည်ဟု ကော်မရှင်ညွှန်ကြားရေးမှူး ဦးသူရကျော်က Myanmar Now ကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောသည်။

“ချက်ချင်းအရေးယူ ဆောင်ရွက်ရမယ့် လူ့အခွင့်အရေးဆုံးရှုံးမှုလို့ ယူဆတဲ့အတွက် ချက်ချင်းဆောင်ရွက်တယ်။ (သေသူ၏ ဓာတ်ပုံမှတ်တမ်းများအရ) ခန္ဓာကိုယ် အညိုအမည်းစွဲနေပြီး မျက်နှာမှာ ပြတ်ရှဒဏ်ရာတွေကိုလည်း တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

အဖမ်းခံရသည့်ဖြစ်စဉ်

သေဆုံးသူ၏ မိခင်ဒေါ်တင်တင်အေးသည် လှိုင်သာယာ ၁၅ ရပ်ကွက် ဈေးအတွင်း ကုန်စိမ်းရောင်းသည့် ဆိုင်ဖွင့်ထားပြီး ဇွန်လ ၂၁ ရက်နေ့ည ပိုင်းက ကိုခိုင်မင်းဝေအား ဆိုင်စောင့်ခိုင်း ထားစဉ် ည ၂ နာရီခန့် (ဇွန်လ ၂၂ ရက်နေ့ မနက်အစော) တွင် ရဲယူနီဖောင်းဝတ်တစ်ဦးနှင့် ရပ်ကွက်ရာအိမ်မှူး ဦးအေးကြိုင်အပါအဝင် အရပ်ဝတ်ငါးဦးတို့ ရောက်ရှိလာခဲ့သည်ဟု ကိုခိုင်မင်းထွန်းနှင့်အတူ ရဲကင်းတဲတွင် တစ်ည ထိန်းသိမ်း စစ်မေးခံခဲ့ရသည့် အသက် ၁၅ နှစ်အရွယ် ၎င်း၏ ဝမ်းကွဲညီတော်စပ်သူက ပြောသည်။

“အဲဒီညမှာ သူတို့က ကိုခိုင်ကြီး (ခိုင်မင်းဝေ)ကို မေးစရာရှိလို့ လိုက်ခဲ့ဆိုပြီး လာခေါ်တယ်။ ကိုခိုင်ကြီးက သူဘာလုပ်ထားလို့လဲ ဆိုပြီးပြန်ပြောတယ်။ အဲဒီအချိန်မှာ သူက ကြွက်ပစ်ဖို့ လေးခွ ကို ဓားနဲ့ပါးနေတာကို သူတို့က အဲဒီဓားက လူသတ်လို့ရတယ်ဆိုပြီး ပြောတယ်။ ကိုခိုင်ကြီးက ‘ကျွန်တော့်အမေဆိုင်က တစ်ခုခုပျောက်သွားရင် ဆရာတို့ လျော်မှာလား’ ဆိုပြီး ပြောလိုက်တာ ကိုခိုင်ကြီးက လေသံမာသွားရော။ အဲ့ဒါကို ‘မင်းက ငါတို့ကို ဒီလိုပြောလား’ ဆိုပြီး ဆိုင်ရှေ့မှာတင် ရိုက်ရော”ဟု ၎င်း၏ဝမ်းကွဲညီက ပြောသည်။

ထို့နောက် ဆိုင်တွင်ရပ်ထားသည့် ဆိုင်ကယ်နှစ်စီးကိုလည်း ခိုးထားသည့် ဆိုင်ကယ်များဟုဆိုကာ ကိုခိုင်မင်းဝေကို ရိုက်ပုတ်ကြောင်း၊ ထို့နောက် နှစ်ယောက်စလုံးကို ၁၂၇ ကားမှတ်တိုင် အနီးရှိ ရဲကင်းသို့ ခေါ်သွားပြီး တံခါးပိတ်ကာ ကိုခိုင်မင်းဝေကို နှိပ်စက်ကြောင်း ၎င်းက ပြောသည်။

“(ရဲကင်းမှာ) လက်နှစ်ဖက်ကို ခုံပေါ်တင်ပြီး လက်ဆစ်တွေကို ရိုက်တယ်။ သုံးချက်ရိုက်တာ ဝမ်းလျား မှောက်ခိုင်းပြီး ကျောကုန်းကို ရိုက်တယ်။ သားပြန်ခါနီးကျတော့ သားအစ်ကိုက မေ့သွားတာလားမသိဘူး။ အဲ့မှာ သူ့ကို ဝိုင်းကန်ပြီး နှိုးတယ်။ နိုးသွားတော့ ကိုခိုင်ကြီးက အသံပြဲကြီးနဲ့အော်တယ် ပြီးတော့ ထွက်ပြေးဖို့ လုပ်တော့ အပိုင်နယ်ထိန်းက သူတို့ကို ပြန်ခံထိုးပါ တယ်ဆိုပြီး အကုန်လုံး ထပ်ရိုက်ကြတယ်”ဟု ၎င်းက ပြောသည်။

၎င်းကို မနက် ၄ နာရီခွဲတွင် ပြန်လွှတ်ပေးခဲ့ပြီး ကိုခိုင်မင်းဝေကို ဆက်လက်စစ်မေးခဲ့သည်ဟု ပြောသည်။

ကိုခိုင်မင်းဝေ၏ မိခင်ဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်တင်တင်အေးကလည်း ၎င်း၏သားဖြစ်သူကို ရဲကင်းသို့ခေါ်သွားကြောင်း သိရ၍ လိုက်သွားသည့်အခါ ရဲကင်းကို တံခါးပိတ်ထား သည်ကို တွေ့ရပြီး အထဲမှ အော်ဟစ်အကူအညီ တောင်းခံသံများ ကြားခဲ့ရကြောင်း ပြောသည်။

“ကျွန်မ မခံစားနိုင်တဲ့အတွက်(ရဲကင်းကနေ) ပြန်လှည့်လာတာ။ ပြန်လှည့်လာတော့ ကျွန်မလည်း နားလည်မယ့် လူကြီးတွေ လိုက်ရှာတော့ မတွေ့ဘူး။ မနက်ခင်းဈေးရောင်းတော့လည်း ကျွန်မစိတ်ထဲခုနေတယ်။ မသင်္ကာဘူး။ စခန်းလိုက်မေးတော့ အကြာကြီး ထိုင်စောင့်ရသေးတယ်” ဟု ၎င်းက ပြောသည်။

သားဖြစ်သူသေဆုံးကြောင်း နောက်တစ်နေ့မနက်တွင် ထမင်းချိုင့်သွားပို့ချိန်ရောက်မှ သိရကြောင်း ဒေါ်တင်တင်အေးက ပြောသည်။

“နှစ်ပွင့်နဲ့ရဲက ‘ဒေါ်ကြီးသားကို မနစ်နာစေရပါဘူး။ ကျွန်တော်တို့ လုပ်ပေးပါ့မယ်’ ဆိုပြီး ပြောတဲ့အထိ ကျွန်မသား သေမှန်းမသိသေးဘူး။ နောက်တော့မှ ရပ်ကွက်လူကြီး (ဦး)အေးကြိုင် က ‘နင့်သားက သေပြီ’ ဆိုပြီး ပြောမှ သိရတာ” ဟု သူက ဆိုသည်။

ကိုခိုင်မင်းဝေ၏ ဝမ်းကွဲညီက သူ့ကိုလည်း ရဲကင်းတွင် ရိုက်နှက်ခဲ့သည်ဟု ပြောသည်။

“သားကိုလည်း မေးတယ်။ ကိုခိုင်ကြီး ဘာလုပ်ထားသေးလဲဆိုပြီး။ သားကလည်း သူဘာမှ မလုပ်ထားတော့ ‘မလုပ်ဘူး’လို့ပဲ ဖြေတော့ ရပ်ကွက်လူကြီး (ဦးအေးကြိုင်)က သားကို ပါးရိုက် တယ်။ ပြီးတော့ သံတုတ်နဲ့ သားခြေသလုံး နှစ်ဖက်ကို ကြိတ်တယ်။ သူ့ကို လက်နှစ်ဖက်ကို နောက်ပြန်ကပ်ထားတာ (မနက်) သုံးနာရီခွဲ ကျော်သွားတော့ သားအစ်ကို သတိများ မေ့သွား လားမသိဘူး။ အသံတိတ်သွားတယ်” လို့ ၎င်းက ပြောသည်။

ကာယကံရှင်မိသားစု၏ စွပ်စွဲချက်များကို လှိုင်သာယာမြို့မရဲစခန်းနှင့် ရာအိမ်မှူးဦးအေးကြိုင်တို့က ငြင်းဆန်ခဲ့သည်။

“သူ့ကို သွားထိန်းသိမ်းပြီး ရဲကင်းမှာ ကိုယ်ရေးအချက်အလက်တွေကို မေးမြန်းနေတဲ့အချိန်မှာ ခေါင်းမူးတယ်ဆိုပြီးတော့ ဆေးရုံကို ပို့ပေးတယ်။ ဆေးရုံးပို့တဲ့ အချိန်လမ်းမှာ သေသွား တယ်” ဟု လှိုင်သာယာမြို့မရဲစခန်းမှူး ဒုရဲမှူးဝဏ္ဏရှိန်က ပြောသည်။

သေဆုံးသူက လှိုင်သာယာမြို့နယ်အတွင်း ခါးပိုက်နှိုက်ကျော်စောသတင်းရှိသူဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်းက ခါးပိုက်နှိုက်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်) ၅၄ ဖြင့် ထောင်သုံးလ ကျဖူးပြီး ၂၀၁၇ ခုနှစ်တွင် ခြေချုပ်နှင့်ခံဝန်ဖြင့် နေရသူဖြစ်ကြောင်း လှိုင်သာယာမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

သေဆုံးသူမိခင်က ရဲတပ်ဖွဲ့၏ရိုက်နှက်မှုကြောင့် သေဆုံးသည်ဟု ပြောဆိုထားသော်လည်း ရဲစခန်းဘက်ကမူ အင်းစိန်ဆေးရုံမှ မှုခင်းဆရာဝန်ကြီး စစ်ဆေးစဉ် ကိုယ်တွင်းအင်္ဂါ ထိခိုက် ပျက်စီးမှု၊ အရိုးကျိုးပဲ့မှု နှင့် ဦးခေါင်းထိခိုက်ဒဏ်ရာ လုံးဝမရှိကြောင်း ပြောသည်။

“ကျွန်တော်တို့ လက်ချက်နဲ့ သေရင် မှုခင်းဆရာဝန် စစ်ဆေးတဲ့အခါ ဒါတွေက ပေါ်ရမှာပေါ့” ဟု လှိုင်သာယာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Myanmar Now က ကြည့်ရှုခဲ့ရသည့် သေဆုံးသူဓာတ်ပုံမှတ်တမ်းများအရမူ ကိုခိုင်မင်းဝေ၏ မျက်နှာနှင့် လက်မောင်းတို့တွင် အညိုအမည်းဒဏ်ရာများနှင့် ဖူးယောင်ဒဏ်ရာများ တွေ့ရ သည်။

ရဲတပ်ဖွဲ့ လက်ထဲတွင် သေဆုံးသွားသည့် အတွက် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်မှူး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးတစ်ခုကို ဖွဲ့ပြီး စစ်ဆေးနေကြောင်း အင်းစိန်မြို့နယ် ရဲမှူးတင်အေးက Myanmar Now သို့ ဇူလိုင်လ ၁၄ ရက်နေ့က ပြောသည်။

“အခုက ပဏာမစစ်ဆေးမှုပါ။ စစ်ဆေးပြီးလို့ ခရိုင်၊ တိုင်း အဆင့်ဆင့် တင်ထားပြီးပါပြီ။ ဒီကြားထဲ အထက်က အမိန့်တစ်စုံတစ်ရာ ကျလာရင်တော့ အထက်က ညွှန်ကြားတဲ့အတိုင်း ကျွန်တော်တို့ လုပ်ရမှာပေါ့။ စစ်ဆေးမှုနဲ့ပတ်သက်လို့တော့ ဖြေကြားလို့မရပါဘူး” ဟု စခန်းတွင် ပြောသည်။

ဝင်းနန္ဒာသည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading