သတင်း

ရခိုင် ၃ မြို့နယ်တွင် ဘာသာရေးနှင့် AA ဆန့်ကျင်ရေး ဝါဒဖြန့်စာများကပ်

ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်ခြင်း မပြုကြရန်နှင့် ဘာသာရေးသွေးထိုးလှုံ့ဆော်မှု ပါဝင်သော ဝါဒဖြန့်မှုများကို စက်တင်ဘာ တတိယပတ်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်းထန်နေသော မြို့နယ်တချို့တွင် ကပ်ထားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။ 

စက်တင်ဘာ ၂၇ ညပိုင်းက မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် ကပ်ထားသည့် “ရပ်ဖို့ အချိန်တန်ပြီ” ဟု ရခိုင်ဘာသာဖြင့် ရေးသားထားသည့် အချက် ၁၁ ချက်ပါ ဝါဒဖြန့်စာတွင် AA တပ်ဖွဲ့ဝင်လူငယ်များ ထမင်းနပ်မှန်အောင် မစားရ၊ လစာမရသဖြင့် မိဘများထံမှ ငွေတောင်းနေရသလို၊ တယ်လီဖုန်း အင်တာနက် အသုံးမပြုရကြောင်း ဖော်ပြထားသည်။ မည်သို့ ဆက်သွယ်ပြီး တောင်းဆိုသည်ကို ဖော်ပြမထားပေ။

AA ကြွေးကြော်ထားသည့် အာရက္ခနိုင်ငံဆိုသည်မှာ လုံးဝ ဖြစ်မလာနိုင်ဘဲ ခေါင်းဆောင်များ ကောင်းစားရေး လုပ်နေရခြင်းသာဖြစ်သည်ဟုလည်း ရေးသားထားသော်လည်း ဒေသခံတို့က ထိုဝါဒဖြန့်စာကို အလေးအနက်မထားကြကြောင်း မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

“စာရွက်တွေကို နေရာအနှံ့မှာ တွေ့ရတယ်။ ဓာတ်မီးတိုင်တို့၊ လမ်းဘေးသစ်ပင်တွေမှာ ကပ်ထားတာကို တွေ့ရတယ်။ စာရွက်တွေ ကပ်ထားတာတွေ့တော့လည်း လူတွေက ဖတ်ကြည့်ကြတာပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး ပြည်သူကို သတင်းမှားပေးတာ၊ ဝါဒဖြန့်တာလောက်နဲ့တော့ လူထုကို စည်းရုံးလို့ မရနိုင်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုမြို့ခံက ယမန်နေ့ စက်တင်ဘာ ၂၈ တွင် ပြောသည်။

ပြည်နယ်စစ်ကောင်စီ၏ နယ်လုံဝန်ကြီးကိုယ်တိုင် အသုံးပြုသည်ဆိုသော ရခိုင်နေ့စဉ် ဖေ့ဘွတ်စာမျက်နှာတွင်လည်း “ရခိုင်ပြည်နယ်ရှိ မြို့/ကျေးရွာအချို့တွင် စာရွက်ဖြန့်ဝေမှုများတွေ့ရှိရ” ဟု သတင်းဖော်ပြထားပြီး AA ကို လူထုက စိတ်ပျက်နေကြောင်း ရေးသားထားသည်။

ထိုသို့ “ရပ်ဖို့ အချိန်တန်ပြီ” ဟုစာရွက်များ မကပ်မီ စက်တင်ဘာ ၂၂ ညပိုင်းကလည်း “စဉ်စားချိန်တန်ပြီ” ဆိုသည့် ခေါင်းစဉ်ဖြင့် အချက် ၁၂ ချက်ပါ စာရွက်များကိုလည်း မြောက်ဦးအပါအဝင် မြို့နယ်တချို့တွင် ကပ်ထားသည်ကို ဒေသခံများ တွေ့ခဲ့ရသည်။ 

စာထဲတွင် ရခိုင်နှင့် ရိုဟင်ဂျာများအကြား ထိရှလွယ်သော လူမျိုးရေးနှင့်ဆိုင်သော သွေးခွဲဝါဒဖြန့်မှုများ ရေးသားဖော်ပြထားသည်။

ရသေ့တောင်နှင့် မြောက်ဦးမြို့တွင် တွေ့ရသော “စဉ်စားချိန်တန်ပြီ” ဆိုသည့် ခေါင်းစဉ်ဖြင့် အချက် ၁၂ ချက်ပါ စာရွက်။

AA က  ခိုးဝင်ဘင်္ဂါလီများအား ရိုဟင်ဂျာအဖြစ် သတ်မှတ်၍  ကာကွယ်ပေးမည်ဟု ပြောဆိုထားကြောင်း၊ လူမျိုးခြားများ၏ အန္တရာယ်ကို ထပ်မံရင်ဆိုင်ရမည်ဖြစ်ပြီး လူမျိုးအတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ အန္တရာယ်ပြုမည့်သူများကို AA က ကာကွယ်ပေးနေပြီး ရခိုင်ပြည် ပျက်စီးအောင် လုပ်ဆောင်နေ၍ စဉ်းစားရမည့်အချိန်ဖြစ်ကြောင်း ဖော်ပြထားသည်။

လူထုထောက်ခံသည့် AA ကို အထင်မှားလာစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက ကြိုးစားနေခြင်း ဖြစ်သည်ဟု မြောက်ဦးမြို့ခံများက သုံးသပ်သည်။

ရသေ့တောင်မြို့နယ်တွင် အလားတူ စာရွက်များ မြို့တွင်းနေရာအနှံ့ ကြဲချထားသည်ကို စက်တင်ဘာ ၂၃ နံနက်ပိုင်းက တွေ့ရကြောင်း မြို့ခံများက ပြောသည်။

မြောက်ဦးမြို့တွင် စစ်ကောင်စီက ည ၈ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသလို ကျောက်တော်၊ အမ်း၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် တို့တွင် ညမထွက်ရအမိန့်ကို ၂ လ တစ်ကြိမ် သက်တမ်းတိုးနေသည်။ စစ်တွေမြို့တွင်လည်း ည ၁၀ နာရီ နောက်ပိုင်း ဆိုင်ဖွင့်လှစ်ရောင်းချခွင့်ကို စစ်ကောင်စီက တားမြစ်ထားသည်။ 

စက်တင်ဘာ ၂၀ တွင် ပြည်နယ်စစ်ကောင်စီ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ရခိုင်စီးပွားရေးလုပ်ငန်းရှင် ၆၀ ကျော်ကို ခေါ်ယူပြီး AA ကို ထောက်ပံ့ပါက ဖမ်းဆီးထောင်ချမည်ဟု ပြောထားသည်။ 

 ဝါဒဖြန့်မှုများကို သတိထားကြရန် AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က စက်တင်ဘာ ၁၉ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“အခုအချိန်မှာ စစ်ကောင်စီက မီဒီယာကို အားပြုပြီးတော့ သတင်းအမှားတွေ၊ သတင်းတုတွေကို တောက်လျှောက် လုပ်နေတာတွေ ရှိပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်သူတစ်ရပ်လုံး အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာရှိနေတဲ့ ပြည်သူတစ်ရပ်လုံးအနေနဲ့ ဒီသတင်းမှားတွေကို အဓိကထားစောင့်ကြည့်ဖို့ သတိပေးချင်ပါတယ်” ဟု သူက ပြောသည်။

ဆက်လက်၍ “ပြည်သူတွေအနေနဲ့လည်း သတင်းမှားတွေကို သတိထားဖို့နဲ့ သတင်းထောင်ချောက်တွေကို မဝင်သွားဖို့၊ တွေ့သမျှသတင်းတွေကို မယုံဖို့ဆိုတာကို ထပ်ပြောလိုပါတယ်” ဟု ဒေါက်တာညိုထွန်းအောင်က ဆိုသည်။ 

လက်ရှိတွင် စစ်ကောင်စီက လူထု၏ ရပ်ရွာများကို ဦးတည်ပြီး လက်နက်ကြီးနှင့် မကြာခဏ ပစ်ခတ်နေသဖြင့် ဒေသခံအများအပြား ထွက်ပြေးနေရသည်။

တပ်စခန်းတချို့ကို AA က တိုက်ခိုက် သိမ်းပိုက်ခြင်း၊ တပ်ဖွဲ့ဝင်အများအပြား ကျဆုံးခြင်း၊ AA နှင့် သွားရောက် ပူးပေါင်းခြင်း စသည့် အထိနာမှုမျိုးကို ရခိုင်စစ်မြေပြင်တွင် ရင်ဆိုင်နေရခိုက် စစ်ကောင်စီ၏ ရိုးရိုးရှင်းရှင်း ဝါဒဖြန့်ချိမှု ရုတ်တရက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

AA က ကျေးလက်ဒေသ အများအပြားတွင် အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုရှိနေသလို ရခိုင်ပြည်နယ်လူထုကလည်း AA ကို ထောက်ခံကြသည်။

ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်အမတ်ဟောင်းတစ်ဦးက စစ်တပ်၏လှုံ့ဆော်မှု အောင်မြင်နိုင်မည်မဟုတ်ဟု ပြောသည်။ 

“AA နဲ့ ရခိုင်ပြည်သူလူထု သွေးကွဲအောင်လုပ်နေတယ်ဆိုတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်က အထူးအဆန်းတစ်ခုတော့ မဟုတ်ဘူး။ သူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း သူတို့လုပ်နေတာပဲ။ ပြည်သူလူထုကလည်း ကျရာတာဝန်ကို ထမ်းနေကြတာပဲ။ သူတို့ကို မထောက်ခံလို့ AA ကို ထောက်ခံမှုကျအောင် လုပ်တယ်ဆိုတာကလည်း မထိရောက်ပါဘူး” ဟု သူက ဆိုသည်။ 

လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းကလည်း အလားတူ မှတ်ချက်ပြုသည်။

“ကိုယ့်အချင်းချင်း ညီညွတ်မှုကို ဖြိုခွဲဖို့ အဲဒီလိုလုပ်နည်းလုပ်ဟန်ကတော့ သူတို့ တောက်လျှောက် အရင်တုန်းကလည်း တိုင်းရင်းသားဒေသတွေမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်တိုက်တယ်။ ဘာသာရေးအခြေခံ၊ လူမျိုးရေးအခြေခံပြီးတော့ ရန်တိုက်တယ်။ နောက်ပြီးတော့ ခေါင်းဆောင်တွေကို စီးပွားရေးနဲ့ မြှူဆွယ်တယ်။ အဲဒီလိုနဲ့ အားလျော့သွားကြတယ်၊ ကွဲပြဲသွားကြတယ်၊ အချင်းချင်း တိုက်ကြတယ်။ အခုလည်း အဲဒီလိုဖြစ်အောင်ပေါ့” ဟု ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ပဋိပက္ခဖြစ်ပွားပြီး ရိုဟင်ဂျာ သိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ဒုက္ခသည်အဖြစ် ယနေ့ထက်ထိ ခိုလှုံနေထိုင်နေကြရသည်။

ဝါဒဖြန့်ချိရေး

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြား၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ပေါ်ပေါက်လာရာ တိုက်ပွဲများ နေ့စဉ်ရှိနေသည်။

ထို့ကြောင့် PDF နှင့် ပူးပေါင်းပါက မြို့ရွာများ အဖျက်ခံရမည်ဟု သဘောဆောင်သည့် ဝါဒဖြန့် ခြိမ်းခြောက်စာများကို နိုဝင်ဘာလကုန်မှစ၍ စစ်ကိုင်းတိုင်းအတွင်း ရဟတ်ယာဉ်ဖြင့် ကြဲချခဲ့သည်။ 

ထိုစဉ်ကလည်း လူများစု ဗုဒ္ဓဘာသာဝင်များကို အခြားဘာသာဝင်များနှင့် ရန်တိုက်ပေးထားသော စာသားများပါဝင်သည်။ PDF လက်ခံသော ရွာများကို နေရာရွှေ့ပြောင်းကာ စုစည်းရွာအဖြစ် တည်ဆောက်သွားမည်၊ ဒေသခံတို့၏ လူမှုဘဝမျိုးစုံကို ထိခိုက်စေမည်ဟု စာတွင် ခြိမ်းခြောက်ထားသည်။

“မင်းတို့မြို့တွေ ရွာတွေ အပျက်ခံကြမှာလား”၊ “တပ်မတော်နဲ့ ပေါင်းပြီး PDF ကို တိုက်ဖျက်ကြ” စသည့် စာသားများကို သုံးခေါက်ချိုး A 4 စာရွက်ပေါ်တွင် ပုံနှိပ်ထားသည်ကို တွေ့ရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကမ္ဘာ့အစ္စလာမ်မစ်အဖွဲ့ချုပ် (OIC) တို့က ကူညီထောက်ပံ့နေသည်ဟုလည်း ထိုဝါဒဖြန့်စာတွင် ရေးသားထားသည်။ 

ဝါဒဖြန့်စာ ကြဲချသည့် ဒေသများမှာ PDF တို့၏ တိုက်ခိုက်မှု အားကောင်းသော၊ စစ်ကောင်စီတပ် အထိနာနေသော စစ်ကိုင်းတိုင်းအတွင်းရှိ ဘုတလင်၊ ရေဦး၊ ယင်းမာပင်၊ ကလေး၊ ကနီ၊ တန့်ဆည်၊ မင်းကင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း အပါအဝင် နယ်မြေထိစပ်နေသည့် မကွေးတိုင်း၊ ယောဒေသတို့ ဖြစ်သည်။

မန္တလေးတိုင်းအတွင်း အမရပူရအပါအဝင် ချင်းပြည်နယ် ဖလမ်းမြို့တို့၌ အလားတူစာရွက်များ ကပ်ကာ ခြိမ်းခြောက်ဖူးသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button