ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုရှုမြင်သင့်သလဲ

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအခေါ်နှင့် ပတ်သက်ပြီး ထွက်ရှိလာမည့် စာအုပ်အသစ် ၏ စာရေးသူ ပိုလန်နိုင်ငံမှ ပါမောက္ခတစ်ဦးကို ဒီပလိုမတ်မဂ္ဂဇင်းက တွေ့ဆုံစကားပြောထားသည်။

Published on Feb 25, 2019

မိုက်ကယ် လူဘီနာ (Michał Lubina) သည် ပိုလန်နိုင်ငံ ခရက်ကိုးမြို့ Jagiellonian University ရှိ အလယ်ပိုင်းနှင့် အရှေ့ဖျားဒေသပညာသိပ္ပံမှ လက်ထောက်ပါမောက္ခတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ အပါအဝင် စာအုပ်ခြောက်အုပ်ရေးသားခဲ့ပြီး ဖြစ်သည်။ သူ၏ ထွက်လာမည့် စာအုပ်အသစ်အမည်မှာ The Moral Democracy: The Political Thought of Aung San Suu Kyi ဖြစ်သည်။ အဆိုပါ စာအုပ် အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဖြတ်သန်းမှုအကြောင်းများနှင့် ပတ်သက်ပြီး The Diplomat မှ Krzysztof Iwanek က တွေ့ဆုံစကားပြောထားသည်။

တစ်ချိန်တုန်းက အနောက်တိုင်းရဲ့ နှင်းဆီခိုင်လေး ဖြစ်ခဲ့တဲ့ အောင်ဆန်းစုကြည်ဟာ လူနည်းစုတွေကို နှိပ်ကွပ်တဲ့ အစိုးရတစ်ရပ်ထဲမှာ ပါဝင်တဲ့အတွက် အခုအချိန်မှာ (ခင်ဗျား စာအုပ်ထဲက စကားအတိုင်းသုံးရရင်) “နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှု ရေလှိုင်းလုံးကြီး” နဲ့ ရင်ဆိုင်နေရတယ် ပေါ့။ ခုအချိန်ဟာ စာအုပ်ခေါင်းစဉ်မှာ “ကိုယ်ကျင့်စံများကို လိုက်နာ သော ဒီမိုကရေစီ” ဆိုတဲ့ စာသားပါတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေဖို့အချိန် ကောင်း ဟုတ်ရဲ့လား။

ဟုတ်တာပေါ့။ ဒါဟာ ပွဲဆူအောင်လုပ်လိုက်ရုံ သက်သက်မဟုတ်ပါဘူး။ ခေါင်းစဉ်ဟာ သိပ်ကို ပြည့်စုံပါတယ်။ ပထမအနေနဲ့ နိုင်ငံတကာကိုကြည့်ရင် ဒေါ်စုကို ကျော်ကြားအောင် လုပ်ပေးလိုက်တာဟာ ကိုယ်ကျင့်စံအမြင်ပဲ ဖြစ်ပါတယ်။ သူဟာ တစ်ခါက ကိုယ်ကျင့်စံတန်ဖိုးတွေရဲ့ ပြယုဂ်တစ်ခုပါ။ သူ့ကို နတ်ဘုရားတစ်ပါးအလား အမြင့်နေရာမှာ ထားခဲ့ရာကနေ အောက်ကိုဆွဲချခဲ့တာဟာလည်း (အနည်းဆုံး အနောက်ကမ္ဘာရဲ့အမြင်မှာပေါ့) ဒီ ကိုယ်ကျင့်စံတန်ဖိုး ကိစ္စပါပဲ။ ဒုတိယအချက်ကတော့ ပြည်တွင်းနဲ့ဆိုင်ပြီး ပိုလည်းအရေးကြီးတယ်။ အဲဒါကတော့ ဒေါ်စုရဲ့ နိုင်ငံရေးအတွေးအခေါ်ဟာ သူ့နိုင်ငံရဲ့ မြန်မာဗုဒ္ဓ အတွေးအခေါ် အစဉ်အလာနဲ့ လုံးဝ ကိုက်ညီတဲ့ အမြင်၊ ကိုယ်ကျင့်စံကိုစွဲကိုင်တဲ့ အမြင်ပဲဖြစ်တယ်။

ခင်ဗျားအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေကအစ ဗုဒ္ဓဘာသာဆိုင်ရာအရေးအသားတွေအဆုံး လေ့လာပြီးတော့ သူ့ရဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ အဲဒီအတွေးအခေါ် ပေါ်ပေါက်ရာ ရေခံမြေခံကို ပြန်လည် ဖန်တီးပြခဲ့တယ်နော်။ ကျွန်တော် နားလည်သလို ပြောရရင် ခင်ဗျားအဆိုအရ ဒေါ်စုဟာ ဗုဒ္ဓဝါဒအတွေးအခေါ်တွေကို နိုင်ငံရေးမှာ အသုံးချ ခဲ့တယ်။ ခင်ဗျားအသုံးအရဆိုရင် ဒီမိုကရေစီအယူအဆကို “Buddhicized” လုပ်တယ် (ဗုဒ္ဓဘာသာနဲ့ကိုက်ညီအောင်လုပ်တယ်) ပေါ့။ အဲဒါ ဘာကို ဆိုလိုချင်တာလဲ။

ဆိုလိုချင်တာကတော့ ဒေါ်စုဟာ သူ့နိုင်ငံမှာ တည်ရှိနေလာခဲ့တဲ့ မြန်မာဗုဒ္ဓဘာသာ အတွေးအခေါ်ရပ်ဝန်းကြီး ထဲမှာပဲ ဒီမိုကရေစီကို ဘယ်လိုအသုံးပြုမလဲဆိုတာကို ကြိုးစားရှာဖွေခဲ့တယ် ပေါ့။ သူ လုပ်သမျှတွေထဲမှာ နိုင်ငံရေးရည်ရွယ်ချက်တစ်ခု ရှိကိုရှိတယ်။ အဲဒါကတော့ သူအာဏာရဖို့ကြိုးပမ်းမှုကို တရားနည်းလမ်းဘောင်ဝင်အောင်လုပ်ဖို့နဲ့ တပ်မတော်ရဲ့ အုပ်ချုပ်ရေး ကို တရားမဝင်အောင် လုပ်ဖို့ပဲ။ ဒါပေမဲ့ အဲဒီကိစ္စအပေါ်မှာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်သက်သက်ဆိုတဲ့ နိုင်ငံရေးရှုထောင့်ကနေပဲ ချဉ်းကပ်ရင်တော့ သူ့အပေါ်တရားမှာမဟုတ်ဘူး။ ဒေါ်စုဟာ ဗုဒ္ဓဘာသာရဲ့ နိုင်ငံရေးဖွင့်ဆိုပုံကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အနက်ပြန်ပြခဲ့တယ်။

အဲဒီ “နိုင်ငံရေးသဘောပါတဲ့ ဗုဒ္ဓဘာသာ” ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကိုမျိုးစေ့ချရာမှာ အထောက်အကူဖြစ်မယ်လို့ ထင်လား၊ ဒါမှမဟုတ် လက်ရှိအုပ်ချုပ်နေတဲ့စနစ်ကို ဆက်ထိန်းသွားနိုင်အောင်ပဲ ပံ့ပိုးပေးမယ်လို့ ထင်လား။

ခင်ဗျားမေးခွန်းကိုဖြေဖို့ဆိုတာက တော်တော်ခက်တဲ့မေးခွန်းကိုဖြေခိုင်းတာပဲဗျ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီမျိုးစေ့ချရာမှာ ဥယျာဉ်မှူးဖြစ်မလား၊ သို့မဟုတ် အတားအဆီးတစ်ခု ဖြစ်မလားလို့ မေးတာမျိုးပဲ။ တချို့ကတော့ ပြောလိမ့်မယ်၊ ဒေါ်စုမှာ ဘယ်လိုပဲ အပြစ်ထောက်ပြစရာတွေ ရှိစေပါစေ သူဟာ တပ်ထက်တော့ အပုံကြီးသာပါတယ်ပေါ့။ တခြားလူတွေကကျတော့လည်း မြန်မာပြည်မှာ ဒီလို NLD နဲ့ တပ်မတော်တို့ရဲ့ ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးကြောင့်ပဲ မြန်မာ့နိုင်ငံရေးမြင်ကွင်းဟာ အထိုင်ကျသွားတာပါလို့ ထောက်ပြကြ လိမ့်မယ်။ ကျွန်တော့်အမြင်မှာတော့ ဒေါ်စုရဲ့ ဒီမိုကရေစီအပေါ်နားလည်ပုံဟာ အနောက်က နိုင်ငံ(တွေ) နားလည်ပုံမျိုးနဲ့ အတော်လေးကွာတယ်၊ ဒါပေမဲ့လို့ တပ်မတော်ရဲ့ နားလည်ပုံနဲ့ ယှဉ်ကြည့် ပြန်ရင်တော့ ပိုပြီးဘောင်ကျယ်ဝန်းပါတယ်။

ဒီစာအုပ်မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း (ပိုလန်ဘာသာနဲ့) အတ္ထုပ္ပတ္တိတစ်အုပ် ခင်ဗျား ရေးဖူးသေးတယ်နော်။ ခင်ဗျားလည်း သူ့ကို နှစ်ကြိမ်တွေ့ဖူးတာပဲ။ အဲဒီလိုတွေ့ပြီးတဲ့နောက်မှာ ဒေါ်စုဟာ “ဘယ်လိုပဲစဉ်းစားစဉ်းစား” နိုင်ငံရေးသမားတစ်ယောက်ပဲဆိုတာ သဘောပေါက်လာတယ်လို့ ခင်ဗျား ရေးတယ်။ အဲဒီလိုပြောတာဟာ ချီးကျူးတာလား၊ ခါးသီးတဲ့အမှန်တရားတစ်ခုကို စိတ်မကောင်းစွာနဲ့ပဲ လက်ခံလိုက်ရခြင်းလား၊ ဒါမှမဟုတ် တခြားတစ်ခုခုလား။

ကျွန်တော် သူနဲ့ နှစ်ခါတွေ့ဖူးပါတယ်။ ၂၀၁၃ မှာတစ်ခါ၊ ၂၀၁၅ မှာတစ်ခါ။ အဲဒီတုန်းက အခြေအနေတွေက တစ်မျိုးပါ။ အဲဒီအထိ ဒေါ်စုဟာ ဖြူစင်မွန်မြတ်တဲ့ သူတော်ကောင်းတစ်ဦး အဖြစ်ပဲ ရှိပါသေးတယ်။ သူ့အပေါ် ဝေဖန်ကြတယ်ဆိုတာဟာလည်း ခုနဲ့စာရင် မပြောပလောက်ပါဘူး။ ၂၀၁၆ နောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၇ ဩဂုတ်လ နောက်ပိုင်းမှာတော့ အားလုံး ပြောင်းလဲသွားတာပဲ။ ရိုဟင်ဂျာပြဿနာဟာ နိုင်ငံတကာမှာရှိထားတဲ့ သူ့ရဲ့နာမည်ဂုဏ်သတင်းကို ဖျက်ဆီးပစ်လိုက်တယ်။ ၂၀၁၃ ခုနှစ်တုန်းက ဒေါ်စုဟာ နိုင်ငံရေးသမားလို့ ကျွန်တော် ပြောခဲ့တုန်းက ဒါဟာ အတော်ကိုဖောက်ထွက်တော်လှန်ပြီး ပြောရတာဆိုပေမယ့် ခုကျတော့ ဒီလိုပြောရင် ဘယ်သူမှဘာမှ အထွန့်တက်တော့မှာမဟုတ်ဘူး။ အဲဒီတော့ အဲဒီ အဆိုက ဘာအဓိပ္ပာယ်လဲ။ ကောင်းပြီ။ ပထမအချက်အနေနဲ့ ဒေါ်စုသည် နိုင်ငံရေးသမားမျှသာပဲ။ ပိုလည်းမပိုဘူး၊ လျော့လည်းမလျော့ဘူး။ ဆိုလိုတာက ဒီနေရာမှာ သူဟာ ကောင်းသလား၊ ဆိုးသလားလို့ မေးနေတာမျိုး မဟုတ်ပါဘူး။ မေးခွန်းက သူဟာ အကွက်မြင်လာဘ်မြင်တဲ့ နိုင်ငံပြုပုဂ္ဂိုလ်တစ်ယောက်လား ဆိုတာပဲ။ ဒုတိယအချက်က ဒေါ်အောင်ဆန်း စုကြည်ဟာ အခါခပ်သိမ်း ဟိုးကနဦးအစကတည်းက နိုင်ငံရေးသမားပဲ။ ဒါကို နားမလည်ကြတဲ့အတွက် သုံးသပ်ပုံတွေ ကောက်ချက်ဆွဲတာတွေ မှားကုန်တာပဲ။ ပစ္စုပ္ပန်မှာဖြစ်နေတဲ့ လက်သင့်မခံချင် စရာ ပြစ်တင် ရှုတ်ချမှုတွေဟာလည်း အဲဒါကို နားမလည်ကြလို့ပဲ။ တတိယအချက်ကတော့ ဒေါ်စုဟာ အဆင့်ရှိတဲ့ နိုင်ငံရေးသမားပဲ။ သူ့ရဲ့မျိုးရိုး၊ သူ့ရဲ့အဆင့်အတန်းကြောင့်ပဲ သူဟာ ကိုလိုနီခေတ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ထိပ်ပိုင်းလူ့အလွှာဝင် နောက်ပေါက်တစ်ဦးဖြစ်လာသလို သူ့ရဲ့ဉာဏ်ရည်အရရော နှလုံးသားအရရော သူဟာ တစ်ခေတ် တစ်ယောက် ဖြစ်လာရပါ တယ်။ စတုတ္ထအချက်အနေနဲ့ကတော့ ဒေါ်စုဟာ ကြေကွဲစရာနဲ့ကြုံရတဲ့ နိုင်ငံရေးသမားပါ။ မိမိနိုင်ငံနဲ့ မိမိမိသားစုအကြားမှာ တစ်ခုကို ရွေးချယ်ခဲ့ရသူတစ်ယောက်ပါ။ ရှေးခေတ်က ပြဇာတ်တွေမှာပါတဲ့ ဇာတ်ကွက်တွေနဲ့ နှိုင်းယှဉ်ကြည့်လို့ရတဲ့ ဘဝဇာတ်ကြောင်းပိုင်ရှင်ဖြစ်အောင် ဒီအချက်ကပဲ သူ့ကိုဖန်တီးခဲ့ပါတယ်။ ဒေါ်စုရဲ့ဘဝဇာတ်စုံအဖြစ်သနစ်တွေဟာ ဆိုဖိုးကလိစ် (ဂရိပြဇာတ်ရေးဆရာ၊ ဘီစီ ၄၉၆-၄၀၆) ရဲ့ ပြဇာတ်တွေပါ ဇာတ်ကောင်တွေရဲ့ကံကြမ္မာဆိုးမျိုးတွေကို ဒီဘက်ခေတ်မှာ ပြန်မြင်ရသလိုပါပဲ။ ရခိုင်မြောက်ပိုင်းမှာ ဖြစ်သွားခဲ့တဲ့ ပြဿနာကြီးမျိုးကဟာ ဒဏ်ရာရပြီးသားလူကိုထပ်ပြီးနှိပ်စက်လိုက်တာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရနဲ့အပေးအယူလုပ်ပြီး နိုင်ငံရေးကစားဝိုင်းမှာ ဝင်ကစားခြင်းအားဖြင့် ထောင်ချောက်ထဲကို တိုးဝင်လိုက်တာပဲလို့ ခင်ဗျား ပြောခဲ့ဖူးတယ်။ အဲဒီထောင်ချောက်က ဘာလဲ။ အဲဒီကနေ လွတ်နိုင်ဖို့ရော သူ့မှာနည်းလမ်းရှိလား။

တပ်မတော်နဲ့ပတ်သက်ပြီး ဒေါ်စုရဲ့ရုန်းကန်ကြိုးပမ်းမှုကို အဝေးမြင်မြင်ကြည့်မယ်ဆိုရင် ၁၉၈၈ ခုနှစ်ကစလို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအားပြိုင်မှုဟာ အားကြီးသူ (တပ်မတော်) နဲ့ အားသေးသူ (အောင်ဆန်းစုကြည်) တို့ အကြား ဘယ်သူကထိန်းချုပ်နိုင်မလဲဆိုတဲ့အပေါ် လွန်ဆွဲမှုပါပဲ။ နိုင်ငံရေးအရပြောရင် စစ်အစိုးရဟာ အသာစီး ရနေပေမယ့် ဒေါ်စုကို သူတို့ အလဲမထိုးနိုင်ခဲ့ဘူး။ ဒေါ်စုဟာလည်း အရေးနိမ့်တဲ့ဘက်မှာ ရှိနေခဲ့ပေမယ့် လုံးဝ လဲကျမသွားခဲ့ဘူး။ သူဟာ ကစားဝိုင်းထဲမှာပဲ ရှိနေခဲ့တယ်။ တစ်ဖက်စောင်းနင်းကစားဝိုင်းကြီးထဲမှာတော့ ဒီလောက်နဲ့တင် ဒေါ်စုဟာ အကြီးအကျယ်အောင်မြင်မှုရတယ်လို့ ဆိုနိုင်တယ်။ စစ်အစိုးရကို နိုင်ဖို့လောက်လည်း သူမစွမ်းနိုင်၊ ဒါပေမဲ့ ရှုံးနိမ့်လဲကျသွားရလောက်အောင်လည်း သူ့မှာ အားမနည်းပြန်တဲ့ ဒေါ်စုဟာ အချိန်ကောင်းကိုသာစောင့်ဖို့ပဲလို့ ယုံကြည်ခဲ့ရတယ်။ ဒါပေမဲ့လည်း နောက်ဆုံးကျတော့ အပေါ်စီး ရယူသွားနိုင်တာက ဗိုလ်ချုပ်တွေပဲဖြစ်နေတယ်။ ကမ္ဘာ့ အခြေအနေတွေကလည်း ပြောင်းလဲသွားတယ်။ နှစ်ပေါင်း ၂၀ ကြာပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေအတွက် တစ်ဖန်အရေးပါလာပြန်တယ် (သယံဇာတ၊ ဈေးကွက်အသစ်၊ တရုတ်ကိုထိန်းနိုင်ရေးဗျူဟာကျသည့်နေရာမှာရှိ)။ ဒီတစ်ခါမှာလည်း ဒေါ်စုဟာ ခက်ခဲတဲ့ရွေးချယ်မှုကို လုပ်ရဖို့ကြုံပြန်တာပဲ။ “သူတော်စင်” နေရာမှာဆက်နေ၊ လူရိုသေရှင်ရိုသေ ခံပြီး နိုင်ငံရေးစည်းရဲ့အပြင်မှာထွက်နေမလား၊ ဗိုလ်ချုပ်ဟောင်းတွေ သတ်မှတ်တဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး နိုင်ငံခြားရဲ့ထောက်ခံမှုရမရမသေချာတဲ့ လမ်းကိုရွေးမလား။ ဒီအနေအထားမှာ နိုင်ငံရေးသမား ဖြစ်တာကြောင့်ပဲ ဒေါ်စုဟာ ဒုတိယတစ်ခုကို ရွေးလိုက်တာပဲ။ သူဟာ ထောက်ချောက်ထဲကို သိသိကြီးနဲ့ ဝင်သွားတာပဲ။ ကောင်းစရာမရှိတဲ့အထဲကနေပဲ အကောင်းဆုံး ဖြစ်အောင် လုပ်ရတော့တာပဲ။ နှစ်ပေါင်း ၂၀ တင်းခံပြီးတဲ့နောက် ဒေါ်စုဟာ မာန်လျှော့လိုက်ရတယ်။ မလွှဲမရှောင်သာတဲ့အရာကို လက်ခံလိုက်ရတယ်။ အဲဒါကတော့ တပ်မတော်ရဲ့ လွှမ်းမိုးကြီးစိုးမှုဆိုတာကိုပဲ။ အာဏာကိုင်ထားသူတွေ ချမှတ်တဲ့ စည်းမျဉ်းအတိုင်း ကစားဝိုင်းထဲဝင်ဖို့သဘောတူလိုက်တယ်။ ထိပ်တိုက်တွေ့ဆုံရေးကိုစွန့်လွှတ်ပြီး ဗိုလ်ချုပ်ကြီးများနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို ရွေးချယ်လိုက်တယ်။ အဲဒီအခါမှာ သူ့အနေနဲ့ အများကြီးကိုအလျှော့အတင်းလုပ်ခဲ့ရပြီး ပိုကာဂိမ်းကစားနည်းဗျူဟာအတိုင်း ရှိသမျှဖဲချပ်အားလုံးကို ၂၀၁၅ ရွေးကောက်ပွဲအတွက် ပုံအောလိုက်ရ တာပဲ။ ၂၀၁၅ မှာ သူနိုင်တယ်၊ ၂၀၁၆ ကစပြီး တပ်နဲ့နားလည်မှုယူပြီး တိုင်းပြည်ကိုအုပ်ချုပ်တယ်။ ဒါဟာ ဒီ “ထောင်ချောက်” ထဲမှာတော့ သူရနိုင်သ မျှ အမြင့်ဆုံးအမှတ်ပဲ။ ဒီထောင်ချောက်ကနေ သူဘယ်လို ရုန်းထွက် မလဲ ဟုတ်လား။ ကျွန်တော့်အထင် သူဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ထပ်နိုင်ဖို့ သေရေးရှင်ရေး အရေးကြီး တယ်လို့ ယုံကြည်ပုံပဲ။ ဒါမှလည်း အရပ်သားအုပ်ချုပ်ရေး၊ အဲ သူ့အုပ်ချုပ်ရေးကို အချိန်တစ်ခုအထိ ဆွဲဆန့်နိုင်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးကကျတော့ ဘယ်သူ ဘယ်ပါတီပဲ တက်အုပ်ချုပ်အုပ်ချုပ် တပ်မတော်ကသာ အရေးပါမြဲပါနေတာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ပြင်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီထောင်ချောက်ကနေ ထွက်နိုင်မယ့် ထွက်ပေါက်မရှိပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိစ္စတစ်ရပ်ရပ်မှာ စစ်ဗိုလ်ချုပ်တွေနဲ့ လူသိရှင်ကြား သဘောထားကွဲခဲ့တာမျိုးရှိပါသလား။

အနည်းအကျဉ်းကွဲတာလေးတွေကတော့ ရှိတာပေါ့။ နောက်ပြီး NLD နဲ့ တပ်မတော် သိပ်ပြီး တည့်နေကြတဲ့ ပုံစံလည်း မရှိပါဘူး။ အရပ်သားအစိုးရနဲ့ တပ်ကထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးယန္တရားအကြားမှာ မမြင်ရတဲ့အာဏာလွန်ဆွဲမှု အများကြီးပဲ။ သာဓက အားဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလို ကိစ္စမှာ အာဏာလွန်ဆွဲပုံမျိုးပေါ့။ ဒါပေမဲ့လို့ တကယ့် ကိစ္စကြီးတွေမှာတော့ သဘောထားမကွဲပါဘူး။ သူ့အနေနဲ့ ကွဲလို့လည်း မရပါဘူး။ တပ်မတော်ဟာ အစိုးရအပေါ်မှာ အဓိကနေရာတွေကနေ ထိန်းချုပ်ထားဆဲပါပဲ။ ဒါကြောင့်လည်း ဒေါ်စု ဟာ တပ်မတော်နဲ့ ထိပ်တိုက်မတွေ့ရေးကို ဆက်ကျင့်သုံးနေရတယ်။ ဒါကြောင့်လည်း တပ်မတော်ရဲ့ အခွင့်ထူးခံနေရာကို ကလန်ကဆန် သွားမလုပ်ဘူး၊ တပ်နဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ ဖြစ်တဲ့တိုက်ပွဲတွေမှာ ဝင်မစွက်ဖက်ဘူး၊ ရိုဟင်ဂျာတို့ရဲ့ဒုက္ခတွေကို မျက်နှာလွှဲထားရတယ်၊ ‘ခရိုနီ’လို့ခေါ်တဲ့ လက်ဝေခံလုပ်ငန်းရှင်သူဌေးကြီးတွေနဲ့ အခင်အမင်မပျက် ဆက်နေ ရတယ်၊ နိုင်ငံခြားရေး မူဝါဒမှာလည်း ရှိပြီးသားကြားနေမူဝါဒကိုပဲ ဆက်လက်ထိန်းသိမ်းထားရတယ်။

ဆိုတော့ကာ အဓိကကွာခြားချက်ကိုပြောပါဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုင်တဲ့ သဘောထားပဲပေါ့။ ဟိုတလောကပဲ ဒေါ်စုဟာ ဒီဥပဒေပြင်ရေးကို တင်လာတာတွေ့မိသေးတယ်။ ဒါပေမဲ့လည်း စစ်ဗိုလ်ချုပ်တွေ နိုင်ငံရေးကနေ နောက်ဆုတ်ပြီး အခွင့်ထူးခံတာကို စွန့်လွှတ်ရလောက်အောက်တော့ သိမ်းသွင်းနားချနိုင်လိမ့်မယ်လို့ မထင်ဘူး။

ကျွန်တော်ခင်ဗျားကို နည်းနည်းနောက်လိုက်ဦးမယ်။ စောစောက ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတဲ့ အယူအဆရေးရာ အတိမ်းအယိမ်းကလေးတွေ အားလုံးက ဒီလိုပဲစကားအဖြစ် လျှောက်ပြောနေကြတာပဲ မဟုတ်လား။ အခု ခဏလောက် ကျွန်တော်တို့တစ်တွေ နားမကြားရဘူးလို့ စဉ်းစားကြည့်ရအောင်။ နိုင်ငံရေးသမားတွေ ပြောသမျှ အကုန် ကျွန်တော်တို့ မကြားရဘူးပဲ ထားဗျာ။ သူတို့ လုပ်ပုံကိုင်ပုံကိုပဲ မြင်ရပြီး အကဲဖြတ်ကြည့်ကြမယ်။ ကိုင်း ပြောပါဦး ၂၀၁၆ ခုနှစ်ကစပြီး တကယ့် လောက်လောက်လားလား ပြနိုင်တဲ့ မူဝါဒတွေကို ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်ခဲ့သလား။

စကားဖြစ်အောင်လျှောက်ပြောခဲ့ကြတာဆိုရင် ကျွန်တော့်စာအုပ်ကလည်း အမှိုက်ပဲဖြစ်သွားတော့မှာပဲဗျ။ ဒါကြောင့်မို့လို့ ဒီမေးခွန်းကို မဖြေပါရစေနဲ့။ ဒါပေမဲ့ အမှန်တရားကို ရင်ဆိုင်ကြည့် ရအောင်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒေါ်စုဟာ ဘုရင်ခေတ်က ဘုရင်မကြီးတစ်ပါးသဖွယ် အာဏာပြပြီး အုပ်ချုပ်တယ်။ ကောင်းကင်ဘုံကနေ အပ်နှင်းခံရတဲ့ အာဏာရှင် အာဏာပိုင် မိခင်ကြီးတစ်ဦးရဲ့ အခွင့်အာဏာမျိုးနဲ့ အုပ်ချုပ်တယ်။ သူ့ရဲ့ အားလုံးထက်မြင့်တဲ့နေရာကနေပြီး တရားတွေဟောတယ်၊ ကြေညာချက်တွေထုတ်တယ်၊ အမိန့်တွေထုတ်တယ်။ နေပြည်တော်လို့ခေါ်တဲ့ မင်းတို့စိုးစံရာမြို့တော်ကြီးထဲ တံခါးပိတ်အစည်းအဝေးတွေ လုပ်တယ်။ ကိစ္စအသေးအမွှားကအစ စီမံကွပ်ကဲတယ်။ ဘာပဲလုပ်ချင်လုပ်ချင် သေးသေး ကြီးကြီး သူခေါင်းညိတ်ဖို့လိုတယ်။ အစိုးရကိုဝေဖန်ဆန့်ကျင်သံတွေကို သည်းမခံဘူး။ အပြင်စည်းကလာတဲ့ အသံတွေကို နားမထောင်ဘူး။ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီနိုင်ငံရေးကို ကန့်သတ် တယ်။ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်တယ် (ဒေါ်စုအစိုးရဟာ စစ်အစိုးရသုံးသွားတဲ့ ဖိနှိပ်တဲ့ဥပဒေတွေကို မဖျက်တဲ့အပြင် သုံးရတာတောင် ကြိုက်နေသလို တစ်ခါတစ်ရံ ပိုကောင်း အောင်တောင် ပြုပြင်လိုက်သေးတယ်)။ သူ့ကို မြင်ရခဲ၊ ကြားရခဲတယ်။ ပြည်သူကို သူမိန့်ခွန်းထွက်ပြောရင်တောင်မှ သူဟာ နေ့စဉ်လူနေမှုဘဝနဲ့ဆိုင်တဲ့ ကိစ္စတွေကို မဆွေးနွေး ဘူး။ မိန့်ခွန်းပြောရင်လည်း နိုင်ငံသားအခွင့်အရေးကိစ္စထက် နိုင်ငံသားတို့ရဲ့တာဝန်နဲ့ဝတ္တရား ကိစ္စတွေကို ရှေ့တန်းတင် ပြောတယ်။ လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကိုယ် ဘယ်လို အသွင် ပြောင်း ယူရမယ် ဆိုတာကို ပို့ချတယ်။ ရလဒ်ကတော့ မြန်မာပြည်တွင်းထဲမှာ ဒေါ်စုဟာ သူ့ရဲ့ မဟာခေါင်းဆောင်ကြီး အဆင့်မှာ ရှိမြဲရှိနေပြီး ပြည်သူတွေအတွက်လည်း မျှော်လင့်ချက်ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့လို့ တိုင်းပြည်ရဲ့ ပြဿနာတွေကိုတော့ မဖြေရှင်းရသေးဘဲ ရှိနေဆဲဖြစ်ပါတယ်။ ဘာအမြင်မှမရှိဘူး၊ ဘာအစီအမံမှ ချထားတာ မရှိဘူး၊ ဒီထက်ဆိုးတာက မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဘက်ပေါင်းစုံကပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်တဲ့ အရည်အချင်းမျိုး မတွေ့ရဘူး။ သုံးနှစ်ကြာတဲ့နောက်မှာ သူ့အစိုးရအနေနဲ့ မျက်နှာရစရာရယ်လို့ သိပ်မရှိဘဲ မျက်နှာပျက် စရာတွေ (ရိုဟင်ဂျာကိစ္စ၊ တိုင်းရင်းသားလူနည်းစုများနဲ့ ရင်ကြားစေ့ရေး၊ စီးပွားရေး တိုးတက်မှု) သာ များပြီး စာရင်းချုပ်ရင် မျှော်လင့်သလိုဖြစ်မလာတာတွေ ချည်းပဲ။

နောက်ငါးနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘာတွေဖြစ်လာနိုင်သလဲ၊ အဲဒီအခါကျရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိမယ် ထင်လဲ။

၂၀၂၀ ရွေးကောက်ပွဲကလည်း သိပ်မလိုတော့ပါဘူး။ ၂၀၁၅ တုန်းကလိုပဲ ဒါဟာ ဒေါ်စုအတွက် သေမြေကြီး ရှင်ရွှေထီးပါပဲ။ သူ့ပါတီသာ ပြတ်ပြတ်သားသား နိုင်မယ်ဆိုရင် (ဒါဟာ သိပ်တော့မဖြစ်နိုင်ဘူး။ တိုင်းရင်းသား လူနည်းစုတွေက သူ့အပေါ် အပြည့်အဝထောက်ခံဖွယ်မရှိသလို လိုအပ်တဲ့ မဲ ၆၇ ရာခိုင်နှုန်းကိုလည်း သူ့အနေနဲ့ မရနိုင်ဘူး) ဒေါ်စုတစ်ယောက် မြန်မာနိုင်ငံကို နောက်ကွယ်ကနေပဲ ဆက်လက်အုပ်ချုပ်နေဦးမှာပါပဲ။ အကယ်၍ NLD ပွတ်ကာသီကာပဲ နိုင်မယ်ဆိုပါစို့၊ ဒါဆို ဒေါ်စုအနေနဲ့ နောက်တစ်ကြိမ်အခွင့်အရေးရဖို့ရာ နောက်ထပ်ငါးနှစ် ထပ်စောင့်ဖို့ရာသာ ရှိပါတယ်။ အချိန်ကတော့ သိပ်မကျန်တော့ဘူး။ တပ်မတော်ကတော့ စင်ပေါ်ကပါပဲ။

(ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် The Diplomat မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော “Aung San Suu Kyi: A ‘Moral Democrat’ or a ‘Precolonial Queen?’အမည်ရှိ တွေ့ဆုံမေးမြန်းခန်းကို ပြန်ဆိုထားခြင်း ဖြစ်သည်။)

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading