ရန်ကုန်မီးရထားဘူတာကြီးကနေ မန္တလေးကိုရထားနဲ့သွားမယ်ဆိုရင်တော့ အကောင်းဆုံးရထားဟာ ၂၀၁၆ ခုနှစ်က မြန်မာပြည်ကနေပြီးတရုတ်နိုင်ငံဆီက ဝယ်ယူခဲ့တဲ့လေအိတ်အဆင့်မြင့်ရထားပဲဖြစ်ပါတယ်။
ဒီလိုရထားမျိုး ရန်ကုန်ကနေမန္တလေး အစုန်အဆန်ပြေးဆွဲနေတာ ၂ စီးရှိပြီး၊ ဒီရထားတွေကို အမေရိကန်ဒေါ်လာ ၁၅ သိန်းကျော် (မြန်မာကျပ်ငွေဆိုရင် ကျပ်သိန်းပေါင်း ၁၈၀၃၀) နဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ဝယ်ယူခဲ့တယ်လို့ ဒီရထားတစ်စီးရဲ. ခေါင်းတွဲတစ်နေရာမှာ စာရေးသားပြီးဖော်ပြထားပါတယ်။

ဒီရထားတွေဟာ နေ့စဉ် ညနေ ၃ နာရီတိတိမှာ ရန်ကုန်ဘူတာကြီးနဲ့ မန္တလေးဘူတာကြီးက အပြိုင်ထွက်ခွာကြပြီး မြို.နှစ်မြို.လုံးကို မနက် ၅ နာရီခန့်မှာရောက်ရှိပါတယ်။ လမ်းမှာဘူတာစဉ်အတိုင်းမရပ်ဘဲ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နဲ့သာစည်မြို.က ဘူတာကြီး ၅ ခုမှာပဲ မိနစ်အနည်းငယ်ပဲရပ်ပါတယ်။
ဒီရထားမှာ တွဲပေါင်း ၁၂ တွဲပါရှိပြီး ၃ တွဲကတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ နောက်မှီခုံကို ရှေ.နောက်လိုသလိုအတိုးအလျှော့ပြုလုပ်လို့ရတဲ့ ဆိုဖာခုံများပါရှိတဲ့ အထက်တန်းတွဲတွေဖြစ်ပါတယ်။


ကျန်တွဲတွေကတော့ သတ္ထုထိုင်ခုံတွေပါတဲ့ ရိုးရိုးတန်းတွဲတွေဖြစ်ပါတယ်။ ရိုးရိုးတန်းမှာတော့ ခရီးသည်အတွက်ထိုင်ရတာ ခြေလက်တအားကြီးမဆန့်သာပါဘူး။
အထက်တန်းတွဲမှာ စုစုပေါင်း ၂၇ ခုံ၊ ရိုးရိုးတန်းမှာတော့ ၆၈ ခုံပါရှိပါတယ်။ တစ်နာရီကို မိုင် ၅၀ ခန့်ခုတ်မောင်းလို့ရပေမယ့် မိုင် ၄၀ ထက်ကျော်ပြီးမခုတ်မောင်းဖို့ အထက်ကလူကြီးများက ညွှန်ကြားတာကြောင့် တစ်နာရီကို ၃၅ မိုင်လောက်ပဲ ခုတ်မောင်းတယ်လို့ စက်ခေါင်းမောင်းဆရာတစ်ဦးကဆိုပါတယ်။


ဒီရထားတွေမှာ စားသောက်တွဲမပါရှိတာကြောင့် မီးရထားဝန်ထမ်းတွေကပဲ ရထားစထွက်ပြီး သိပ်မကြာခင်မှာ ခရီးသည်တွေစားသောက်လိုတဲ့ အစားအသောက်တွေကိုစာရင်းကောက်ပြီး အစားအသောက်တွေကို လမ်းမှာရှိတဲ့ စားသောက်ဆိုင်တစ်ချို.ကမှာယူဝယ်ပေးပါတယ်။
ဒီရထားတွေရဲ.အားသာချက်က အချိန်တိကျတယ်၊ သန့်ရှင်းတယ်၊ အိမ်သာတွေလည်း အင်မတန်သန့်ရှင်းကောင်းမွန်ပါတယ်။ အားနည်းချက်တွေကတော့ ဆေးလိပ်သောက်ရင် ဒဏ်ရိုက်မယ်လို့ စာကပ်ထားပေမယ့် တွဲတတွဲနဲ့တတွဲချိတ်ဆက်ထားတဲ့ ဒေါင့်တွေမှာတော့ ဆေးလိပ်သောက်နေသူတွေရှိပါတယ်။ ဒါကိုလည်း မီးရထားဝန်ထမ်းတွေက တားမြစ်ပြောဆိုတာ၊ အရေးယူတာမရှိပါဘူး။
မီးရထားရဲဝန်ထမ်းစုစုပေါင်း ၆ ယောက် ရထားတစင်းဆီမှာ လုံခြုံရေးလိုက်ပါလာတယ်လို့ မီးရထားဝန်ထမ်းတွေကဆိုပေမယ့် ယခုလ ဖေဖော်ဝရီ ၂ ရက် ရန်ကုန်ကနေထွက်ခွာတဲ့ လေအိတ်ရထားမှာ တစ်ဦးကိုသာ ယူနီဖောင်းဝတ်နဲ့တွေ.ရပါတယ်။
ခရီးစဉ်တစ်လျှောက် ကော်ဖီ၊လ္ဘက်ရည်၊ အချိုရည်တွေကို မီးရထားဝန်ထမ်းတွေကိုယ်တိုင်ပဲ လိုက်လံရောင်းချပေးပါတယ်။ ညဖက်ရောက်တော့ ခရီးသည်တွေ ရထားကြမ်းပျဉ်ပေါ်မှာ ဆင်းအိပ်ရအောင် မီးရထားဝန်ထမ်းတွေက ပလက်စတစ်အခင်းလိပ်တွေကို ငွေကြေးအနည်းငယ်တောင်းခံပြီး လိုက်လံငှားရမ်းပေးနေတာလည်းတွေ.ရပါတယ်။
ဒီရထားကို စီးမယ်ဆိုရင် ရန်ကုန်နဲ့မန္တလေးဘူတာကြီးတွေမှာ ၃ ရက်ကြိုတင်ပြီး မိမိရဲ.မှတ်ပုံတင်ပြပြီး ဝယ်ယူရပါတယ်။ စောစောကြိုဝယ်မှပဲ အထက်တန်းတွဲရနိုင်ပြီး နောက်ကျမှဝယ်မယ်ဆိုရင်တော့ ရိုးရိုးတန်းသာရပါလိမ့်မယ်။
အထက်တန်းတွဲကတော့ တစ်ခုံကို ၉၃၀၀ ကျပ်ခန့်ကျပြီး၊ ရိုးရိုးတန်းကတော့ ၄၀၀၀ ကျပ်ခန့်ကျပါတယ်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။
























