သတင်း

ပခုက္ကူတွင် စစ်ကြောင်းထိုးရင်း စစ်တပ်က ရွာနှစ်ရွာကို မီးရှို့

ဧရာဝတီမြစ်အနောက်ဘက်ကမ်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်က ရွာနှစ်ရွာကို မီးရှို့သွားသည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဆိတ်ဖြူမြို့နယ်အစပ်ဖြစ်သော ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ရွာကို စက်တင်ဘာ ၂၁ ရက်တွင် အင်အား ၉၀ ပါ စစ်တပ်က မီးဝင်ရှို့ရာ နေအိမ် ၁၅ လုံးနှင့်အထက် မီးလောင်ပြာကျသွားသည်ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ၏ ပြန်ကြားရေးတာဝန်ခံ ကိုအတီးက ပြောသည်။

“ရှို့ပြီးပြီးချင်း လူခွဲပြီး မြစ်ဖျားရွာကို ကူးတယ်၊ နေခင်းဘက် လမ်းတစ်လျှောက်က လယ်စောင့်တဲလေးတွေ မီးရှို့သွားတယ်။ ညမှာ လက်နက်ကြီး ထုတဲ့အသံတွေ ကြားရတယ်” ဟု သူက ပြောသည်။

ယနေ့ (စက်တင်ဘာ ၂၃) နံနက် ၆ နာရီတွင် ဂဝံလေးတိုင်ရွာမှ နှစ်မိုင်အကွာရှိ ယောချောင်းဘေး၊ မြစ်ဖျားရွာကို စစ်တပ်က စတင်မီးရှို့ခဲ့ပြီး လက်ရှိအချိန်ထိ နေအိမ် ၄၅ လုံးခန့် မီးလောင်ပြာကျပြီး ဖြစ်သည်ဟု သိရသည်။ 

ယနေ့ မီးရှို့ခံနေရသော မြစ်ဖျားရွာသည် ပြီးခဲ့သည် ဧပြီလအတွင်းကလည်း စစ်တပ်က ဝင်ရောက်မီးရှို့သဖြင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ရသည်။ 

စစ်တပ်က စစ်ကြောင်းထိုးလာကတည်းက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေပြီး ရွာနှစ်ရွာ မီးရှို့ခံရသော်လည်း ထိခိုက်သေဆုံးသူနှင့် ဖမ်းဆီးခံရသူ မရှိကြောင်း သိရသည်။​

ဧရာဝတီမြစ်အနောက်ဘက် ယောချောင်းတစ်လျှောက်ရှိ ရွာများကို စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးလေ့ရှိရာ ပြီးခဲ့သည့် ဧပြီ၊ ဇွန်နှင့် ဇူလိုင်လများအတွင်း ရှားဒူ၊ စိုင်ဖြူ၊  ဒဲပြား၊ မြစ်ဖျား၊ တောင်ပလူနှင့် အရှေ့ကမ်းဖြူကျေးရွာ ကျေးရွာ ၆ ရွာတွင် နေအိမ် ၄၀၀ ကျော် မီးလောင်ပြီး ဒေသခံ ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသများဖြစ်သော ပခုက္ကူမြို့နယ်ရှိ မြစ်ခြေ- ကျွန်းချောင်း၊ ဆိတ်ဖြူ၊ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ်များ၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ယော ဒေသများသည် အာဏာသိမ်းစစ်ကောင်စီတပ်ကို အပြင်းအထန်ခုခံနေသည်။‌

စစ်ကိုင်း၊ ချင်း၊ မကွေး စသည့် ဒေသများတွင် စစ်ကောင်စီတပ်က PDF တိုက်ဖျက်ရေးအကြောင်းပြချက်နှင့် ရွာအများအပြားကို မီးရှို့လျက်ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button