တစ်ဖက်သတ် အပစ်ရပ်ခဲ့သည့် ၂ လတာအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် အချင်းချင်း တိုက်ခိုက်မှုများနှင့် အင်အားတိုးချဲ့မှုများ ပြုလုပ်ခဲ့ကြောင်း
တပ်မတော်ဘက်က စွပ်စွဲခဲ့သည်။

ယင်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ႔များသည် နယ်မြေကျော်လွန်လှုပ်ရှားသွားလာမှု ၂၈၆ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၂၂ ကြိမ်၊ လူသစ်စုဆောင်းမှု အကြိမ် ၃၀ ရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲ ၆ ကြိမ်၊ တိုင်းရင်းသားအဖွဲ့အစည်းအချင်းချင်း တိုက်ပွဲ၂၅ ကြိမ်အထိရှိကြောင်း တပ်မတော်က ထုတ်ပြန်သည်။
“ တပ်နဲ့ထိတွေ့မှုတွေက နည်းနည်းလေးရယ်။ ဒါပေမယ့် တိုင်းရင်းသားအချင်းချင်း ထိတွေ့မှုတွေနဲ့ အင်အားတည်ဆောက်မှုတွေက ပိုများလာတယ်ဆိုတာကို သတိပြုစေချင်တာ ဖြစ်ပါ တယ် ” ဟု ယမန်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ် ရတနာသီရိဂေါက်ကလပ်တွင်ပြုလုပ်သည့် တပ်တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမှန်ပြန်ကြား ရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။


တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ခိုက်မှု ၂၅ ကြိမ်ရှိသည့်အနက် ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLAတို့အကြား တိုက်ပွဲများ က ၂၂ ကြိမ်အထိရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ခိုက်မှု ၆ ကြိမ်တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့်တိုက်ခိုက်မှု ၃ ကြိမ်အထိရှိခဲ့ကာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အဖွဲ့နှင့် ထိတွေ့တိုက်ခိုက်မူများလည်း ရှိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။


တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ထားမည်ဟု တပ်ဘက်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၁ က ကြေညာခဲ့သည်။
အပစ်ရပ် ၄ လ ပြည့်မြောက်ပြီးနောက် အပစ်ရပ်ကာလသက်တမ်း ထပ်မံတိုးမြှင့်ရန်ရှိမရှိကို ငြိမ်းချမ်းရေးတိုးတက်မှုဖြစ်စဉ်များကို စောင့်ကြည့်ပြီး ဆုံးဖြတ်သွားမည်ဟု တပ်မတော် ပြောခွင့်ရ အရာရှိများက ဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











