သတင်း

မောင်တောမြို့နယ်တွင် ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲ နေရာယူ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) နှင့် မိုင်ဝက်ခန့်အကွာရှိ အောင်မင်္ဂလာကျေးရွာအတွင်း စစ်ကောင်စီတပ်အင်အား ၅၀၀ ခန့် ရောက်ရှိတပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က တပ်မ ၇၇ လက်အောက်ခံတပ်များ ရောက်ရှိလာကြခြင်းဖြစ်ပြီး ရွာခံတချို့ကို ဖမ်းဆီးစစ်ဆေးပြီးနောက် ကျေးရွာတွင်း ကတုတ်ကျင်းများတူးကာ အခိုင်အမာ တပ်စွဲထားခြင်းဖြစ်ကြောင်း ခရီးသွားများကို ကိုးကား၍ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“ကားနဲ့ မောင်တောမြို့ကို လာကြတယ်။ လာတဲ့အချိန်မှာ အဲဒီအောင်မင်္ဂလာရွာကို ဖြတ်ပြီးတော့ လာရတာဆိုတော့ စစ်သားတွေက ရွာထဲက ဆီဆိုင်ရှိတဲ့ ခြံထဲမှာ ကျင်းတူးနေကြတာကို မြင်ခဲ့တယ်လို့ ပြောကြတယ်” ဟု ထိုသူက ဆိုသည်။

“တူးနေတဲ့အချိန် အဲဒီနားမှာ စစ်သားတွေလည်းအများကြီး အရာရှိတွေလည်း ရပ်ကြည့်နေတာကို မြင်ခဲ့တယ်လို့ ပြောကြတယ်။ ရွာသားတွေတချို့ကတော့ လွတ်ရာလွတ်ကြောင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှောင်သွားကြပြီလို့ ပြောတယ်။ တချို့ကျန်ခဲ့တဲ့လူတွေလည်းရှိတယ်” ဟု ထိုအမျိုးသားက ပြောသည်။

အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိ အောင်မင်္ဂလာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကတုတ်ကျင်း ၃ ကျင်း တူးထားကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“အဲဒီရွာထဲမှာ စစ်သားတွေက အများကြီးရှိနေတယ်။ အနည်းဆုံးအင်အား ၅၀၀ ဝန်းကျင်လောက်ရှိမယ်။ ကျီးကန်းပြင်ဌာနချုပ်အတွက် အဲဒီရွာကို ခံတပ်အဖြစ် အသုံးပြုဖို့ ပြင်ဆင်နေပုံရတယ်။ လောလောဆယ် သိရတာကတော့ ကျင်း သုံးကျင်း တူးထားတယ်လို့ ပြောကြတယ်” ဟု ပြောသည်။

ထိုစစ်ကြောင်းသည် အောင်မင်္ဂလာကျေးရွာနှင့် ကပ်လျက်ရွာဖြစ်သော အောင်သာယာရွာအတွင်း စက်တင်ဘာ ၁၆ နံနက်က ဝင်ရောက်ခဲ့ပြီး အောင်သာယာကျေးရွာမှ ရေလုပ်သားသုံးဦးနှင့် အောင်မင်္ဂလာကျေးရွာသား သုံးဦးကို ဖမ်းဆီးခဲ့သည်။

“ရွာသားတွေကိုလည်း ဖမ်းတယ်။ တစ်ချို့က ကြောက်လို့ ထွက်ပြေးကြတယ်။ အဖမ်းခံရတဲ့ လူတွေကို နောက်တစ်နေ့ ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောတယ်။ အတိအကျတော့ မပြောနိုင်ဘူး။ အဲဒီဘက်က မောင်တောသို့လာတဲ့ ကားလမ်းတွေကိုလည်း ပိတ်ထားတယ်” ဟု အောင်မင်္ဂလာကျေးရွာမှ တိမ်းရှောင်နေရသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်း ရောက်ရှိလာသည့်နေ့မှစ၍ အနီးဝန်းကျင်မှ ဖားဝပ်ချောင်း၊ အောင်သာယာ၊ အောင်မင်္ဂလာရွာမှ ဒေသခံများနှင့် ကြိမ်ချောင်း၊ လောင်းဒုံ၊ နံ့သာတောင်၊ သာယာကုန်း သင်္ဘောလှ၊ မီးတိုက် စသည့် ကျေးရွာများ အပါအဝင် စုစုပေါင်း ဒေသခံ ၁၀၀၀ ကျော်သည် မောင်တောမြို့ပေါ်သို့ ထွက်ပြေး ရောက်ရှိလာကြကြောင်း မြို့ခံများထံမှ သိရသည်။ မြို့ပေါ် အားကစားခန်းမ၊ မြို့မဘုန်းတော်ကြီး‌ကျောင်း ၊ သာသနာ့ဗ္ဗိမာန်နှင့် အောင်ဗလဘုန်းတောင်ကြီးကျောင်းတို့၌ ခိုလှုံနေကြရသည်ဟု ဆိုသည်။

မောင်တောမြောက်ပိုင်းမှ တမန်းသား၊ မင်္ဂလာညွန့် ၊ မင်းခမောင်း၊ သစ်တုံးနာခွဆုံ၊ ခုံတိုင်၊ သက်ကိုင်းညာ၊ ရေနောက် ငါးသား စသည့် ကျေးရွာများမှ ဒေသခံအများပြား ပိတ်မိနေကြပြီး စားသောက်နေရေးထိုင်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ 

အောင်မင်္ဂလာကျေးရွာအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှ စစ်သားအချို့မှာ ၎င်းကျေးရွာ၏ အပေါ်ပိုင်း ၄ မိုင်ခန့်အကွာတွင်ရှိသော ဖားဝပ်ချောင်းကျေးရွာအနီး ရောက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း အမည်မဖော်လိုသည့် မျက်မြင်ဒေသခံတစ်ဦးက စက်တင်ဘာ ၂၁ ရက်က ပြောသည်။

“အောင်မင်္ဂလာရွာကို ရောက်လာကြတဲ့ စစ်ကြောင်းက စစ်သားတွေက လူစုခွဲပြီးတော့ မြောက်ပိုင်းကို တက်ဖို့ ကြိုးစားနေကြတာလို့ အဲဒီဘက်က လူတွေပြောလို့ သိရတယ်။ သူတို့ ဘယ်လမ်းကြောင်းကနေ တက်လဲဆိုတာကို မသိရဘူး။ သို့သော် အခု သူတို့စစ်သားတွေ အခု ဖားဝပ်ချောင်းရခိုင်ရွာ အနောက်ဘက်မှာရှိတဲ့ ကုလားရွာပျက်ဘက်ကို ရောက်နေပြီလို့ ပြောကြတယ်” ဟု ထိုဒေသခံက ဆက်ပြောသည်။

မောင်တောမြောက်ပိုင်းတွင် အနည်းဆုံး တပ်စခန်း ၃ ခု လက်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာ ဒုတိယပတ်နောက်ပိုင်းမှစတင်၍ ထောင်ဂဏန်းရှိသော စစ်အင်အားများကို မြောက်ပိုင်းသို့ ရေလမ်းမှ ပို့ဆောင်နေသည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ တွင်လည်း စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းမှနေ၍ စစ်သားအင်အား  ၅၀၀ ထက်မနည်းကို ကစ္စပနဒီ သင်္ဘောသုံးစီးဖြင့် မောင်တောမြို့နယ် ကညင်ချောင်း စီးပွားရေးဇုန်ဆိပ်ကမ်းသို့ ဘင်္ဂလားပင်လယ်အော်ရေလမ်းကြောင်းအတိုင်း ပို့ဆောင်ခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

ကညင်ချောင်း စီးပွားရေးဇုန်မှ တဆင့် ကျီးကန်းပြင်ဌာနချုပ်နှင့် နတ်မြစ်ကမ်းဘေးတစ်လျှောက်ရှိ နယ်မြေ ၆ အပိုင် ရိုဟင်ဂျာကျေးရွာများဖြစ်သည့် ဇင်ပိုင်ညာ၊ မြောတောင်၊ သဦးလာ၊ မညင်းတောင်၊ ကျားခေါင်းတောင် စသည့် ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းများ ရောက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

“သူတို့က (စစ်တပ်) ရေလမ်းကြောင်းကနေလာပြီး အဲဒီနတ်မြစ်ဘေးတစ်လျှောက်မှာရှိတဲ့ ရွာတွေကို ချပေးထားတာ။ အဲဒီကနေ အပေါ်ကို တက်မယ့်သဘောရှိတယ်၊ အဲဒီအထက်ပိုင်းမှာ ဆိုရင် အမှတ် (၂) ပြန်လည်လက်ခံရေးစခန်းရှိတဲ့ ငါးခူရ ရှိတယ်။ ပြီးတော့ ရွက်ညိုတောင်၊ သရက်အုတ်၊ အောက်ပြုံးမ ရွာတွေရှိတယ်။ အဲဒီဘက်ကိုတော့ စစ်တပ်က မရောက်သေးဘူးလို့ ပြောကြတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက မောင်တောမြို့နယ်မြောက်ပိုင်းသို့ စစ်အင်အား ထောင်ချီ ရောက်ရှိနေကြောင်း စက်တင်ဘာ ၁၉ သတင်းစာရှင်းလင်းပွဲ၌ ပြောထားသည်။

မောင်တောမြို့နယ်တွင် အမှတ် (၁) မှ အမှတ် (၁၀) အထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ဆယ်ခုရှိပြီး ထိုအထဲတွင် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) တွင် အများဆုံး အင်အား ၇၀၀ နီးပါးနှင့် ကျန်တပ်ရင်း၊ တပ်စခန်းများတွင် အင်အား ၆၀၀ အထက်ရှိကြောင်း စုံစမ်းသိရှိသည်။

မောင်တောခရိုင်ရဲတပ်ဖွဲ့တစ်ခုလုံး၏ တပ်ဖွဲ့ဝင်အင်အားမှာ ၂၀၀ နှင့် စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖ)၊ အထူးစုံစမ်းစစ်ဆေးရေး (စစစ) ၊ လူဝင်မှုကြီးကြပ်ရေး (လဝက)၊ အကောက်ခွန် အပါအဝင် အင်အား ၂၅၀ ရှိပြီး ရှေ့တန်းအမှတ် ၃၆ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲတွင် အင်အား ၃၀၀ ထက်မနည်းရှိကြောင်း စုံစမ်းသိရှိရသည်။

ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅၊ ရောက်နှင့်ပြီးသားဖြစ်သော တပ်မ ၂၂ တို့ ရှိသကဲ့သို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တပ်မ ၇၇ လက်အောက်ခံတပ်များကို မောင်တောမြောက်ပိုင်းသို့ အင်အားဖြည့်ထားခြင်းဖြစ်သည်ကို တွေ့ရှိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button