သတင်း

ချင်း-မကွေးနယ်စပ်တွင် တိုက်ပွဲပြန်ဖြစ်

နှစ်လဝန်းကျင် တိုက်ပွဲ ငြိမ်သက်နေသည့် ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင် စက်တင်ဘာလ နှောင်းပိုင်းမှစ၍ ပစ်ခတ်မှုများ ပြန်လည်ပေါ်ပေါက်လာသည်။

စက်တင်ဘာ ၁၁ မှစ၍ အင်အား ၃၀ ကျော်ဖြင့် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ချင်းနယ်စပ်၊ မကွေးတိုင်း စေတုတ္ထရာမြို့နယ်၊ မုန်းချောင်း အနောက်ဘက်ကမ်းပေါ်ရှိ အပေါရွာအနီးတွင် ကန်ပက်လက် CDF အဖွဲ့က တိုက်ခိုက်ခဲ့သည်။

စက်တင်ဘာ ၂၀ မွန်းလွဲပိုင်းတွင် တစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ ၅ ဦးထက်မနည်း သေဆုံးကာ ၎င်းတို့ဘက်မှ ထိခိုက်သူမရှိဟု ကန်ပက်လက် CDF တပ်မဟာမှူး ဆလိုင်းရှိန်းထန်းက ပြောသည်။

တိုက်ပွဲအပြီး နယ်မြေအခြေအနေကို စူးစမ်းစဉ် ကျည်ဆန် ၂၀၀ကျော်၊ ဗုံးသီးအချို့ သိမ်းမိသည်ဟု ၎င်းက ဆက်ပြောသည်။

“(စစ်ကြောင်းကို) လမ်းမှာ စောင့်ပြီးတော့ အနီးကပ်ပေါ့ အလစ်အငိုက်ယူပြီး ပြန်ပစ်တာ အလောင်း ၃ လောင်းလောက်က ကျွန်တော်တို့ ရဲဘော်တွေရတယ်။ ကျန်တာတွေတော့ ပြန်ကောက်သွားတယ် ထင်တယ်” ဟု ဆလိုင်းရှိန်းထန်းက ပြောသည်။

အပေါရွာ တိုက်ပွဲပြီးသည့်နောက် အင်အား ၈၀ ကျော်ပါသည့် စစ်ကြောင်းတစ်ခု ချင်း-မကွေးနယ်စပ်၌ ထပ်မံလှုပ်ရှားနေသည်ဟု ကန်ပက်လက် CDF အဖွဲ့ထံမှ သိရသည်။

စစ်ရေးတင်းမာနေသဖြင့် အပေါရွာ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြောင်း၊ ဆက်သွယ်ရေး ခက်ခဲနေသဖြင့် အခြေအနေအသေးစိတ်ကို မသိရသေးဟု ထိုဒေသတွင်း၌ စစ်ရှောင်အရေးကူညီပေးနေသည့် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း အပေါရွာ မြောက်ဘက် မိုင် ၂၀ ဝန်းကျင်၊ ကန်ပက်လက်ရှိ ရွာပေါင်း ၉ ရွာမှ ပြည်သူ ၂၀၀၀ ကျော် နေရပ်စွန့်ခွာ၍ ဖြစ်သလို နေထိုင်နေရကြောင်း အထက်ပါ သင်းအုပ်ဆရာထံမှ သိရသည်။

“တော်တော်များများက တောင်ယာတွေမှာ နေပြီး အလုပ်လုပ်တယ်၊ တောထဲမှာ ဥယျာဉ်တွေထဲမှာ နေကြတာ (ကန်ပက်လက်) တစ်မြို့နယ်လုံးနီးပါးပဲ” ဟု ၎င်းက မိန့်သည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးချိန်မှစ၍ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် နိုင်ငံအနှံ့ ဒေသများထဲတွင် ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွင်းရှိ မြို့ရွာများလည်း ပါဝင်သည်။ ချင်း၊ မကွေး နယ်စပ် တစ်လျှောက်တွင် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်လေ့ရှိသည်။

ထိုသို့ ကာလရှည် စစ်ရေးတင်းမာနေချိန်တွင် တော်လှန်ရေးအဖွဲ့များထံ စစ်ကောင်စီဘက်မှ ဘက်ပြောင်း ခိုလှုံသူများလည်း ရှိနေသည်။ ယမန်နေ့ (စက်တင်ဘာ ၂၁) ရက်ကပင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ပြည့်ဖြိုးဇင်ဆိုသူက ကန်ပက်လက် CDF အဖွဲ့ထံ လက်နက်နှင့်တကွ သွားရောက်ပူးပေါင်းလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button