ဆောင်းပါး

ရှမ်းပြည်နယ်တွင် ရွှေအလုအယက်ရှာဖွေနေသည့် ဩစတြေးလျကုမ္ပဏီ

ဩစတေးလျနိုင်ငံမှ ထိပ်တန်းသတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုသည် အာဏာသိမ်းမှုကြောင့် အဓိက ရင်းနှီးမြှုပ်နှံသူ နုတ်ထွက်သွားသော်လည်း နောက်ထပ် တစ်နှစ်ကျော်သည်အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့သည်။ 

ဩစတေးလျနိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး ဦးဆောင်သည့် Locrian Precious Metals အမည်ရ ကုမ္ပဏီမှာ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလကတည်းက ရှမ်းပြည်နယ် တာချီလိတ်တွင် ရွှေတူးဖော်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ တာလေမြို့နယ်အနီးရှိ လွယ်ခမ်းတောင် ဧရိယာတစ်ဝိုက်တွင် ဩစတြေးလျကုမ္ပဏီက ရွှေတူးဖော်နေခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ၏ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက အစီရင်ခံစာတွင် ဖော်ပြသည်။

စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်သည့် ပြည်တွင်းကုမ္ပဏီများက ရွှေတူးဖော်ခွင့်လုပ်ကွက်အသစ် ရရှိထားသလို အသေးစား ရွှေတူးဖော်ရေးလုပ်ငန်းမှာလည်း ထိုဒေသကို ထိန်းချုပ်သည့် စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များကို ငွေပေး၍ လိုင်စင်မဲ့ရွှေတူးဖော်နေကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့က ဆိုသည်။

ဩစတြေးလျကုမ္ပဏီ Locrian Precious Metals သည် စတုရန်းကီလိုမိတာ ၅၀၀ နီးပါး ကျယ်ဝန်းသည့် ရွှေစမ်းသပ်ရှာဖွေရေးလုပ်ကွက်ရရှိထားပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ သုံးနှစ်ကျန်ရှိနေသေးသည်။ 

အာဏာသိမ်းမှုကြောင့် မြန်မာနှင့် စီးပွားရေးဆက်ဆံမှု ဖြတ်တောက်ခဲ့သော ဩစတြေးလျအနောက်ဘက်ကမ်း ပါ့သ်မြို့အခြေစိုက် သတ္တူတူးဖော်ရေးလုပ်ငန်း Myanmar Metals သည်လည်း Locrian ကုမ္ပဏီ၏ ရွှေတူးဖော်ရေးစီမံကိန်းတွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသည်။ ပြီးခဲ့သည့်နှစ် မတ်လအထိ ဖြစ်သည်။

ဩစတြေးလျကုမ္ပဏီ Valentis မှ ဘူမိဗေဒပညာရှင်များကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ရှမ်းပြည်နယ်ပိုင်း တစ်နေရာတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – Valentis Asia Facebook)

အဆိုပါ ရွှေလုပ်ကွက်မှာ အာရှတိုက်တွင် စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ပြီး Locrian ကုမ္ပဏီအတွက် အကောင်းဆုံးလုပ်ငန်းတစ်ခုဖြစ်ကြောင်း Myanmar Now က ကြည့်ရှုခွင့်ရသည့် Myanmar Metals ကုမ္ပဏီ ၏ သတင်းလွှာတစ်ခုတွင် အမှုဆောင်အရာရှိချုပ် John Lamb က ပြောထားသည်။

“အချိန်ကျရင် တာလေရွှေကြောရဲ့ ပထမဆုံး စနစ်တကျရှာဖွေရေးအစီအစဉ်ကို ဆောင်ရွက်သွားမှာပါ” ဟု Myanmar Metals ကုမ္ပဏီအမှုဆောင် အရာရှိချုပ်က ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် Myanmar Metals ကုမ္ပဏီသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဘော်တွင်းသတ္တုတွင်းစီမိကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာများကို Asia world လက်အောက်ခံ ကုမ္ပဏီတစ်ခုထံ ရောင်းချခဲ့သည်။ 

မြန်မာနိုင်ငံတွင် ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်သော Asia World လုပ်ငန်းစုကြီးမှာ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်ပြီး မြန်မာစစ်တပ်နှင့် မူးယစ်ဆေးဝါး ရောင်းချမှုများတွင် ပါဝင်ပတ်သက်ခြင်းကြောင့် အမေရိကန်၏ ဒဏ်ခတ်အရေးယူခံရဖူးသည်။

နောက်ပိုင်းတွင် Myanmar Metals ကုမ္ပဏီက Mallee Resources အဖြစ် အမည်ပြောင်းကာ ဇူလိုင်လတွင် မြန်မာနိုင်ငံရှိ ၎င်း၏ကုမ္ပဏီခွဲ Bright Mountain Resources ကို ရောင်းချမည်ဟု ကြေညာခဲ့သည်။ ဘော်တွင်းစီမံကိန်းအရောင်းအဝယ်မှ ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၁၂ သန်းတန် ယင်းကုမ္ပဏီကို စစ်တပ်နှင့် စီးပွားဖက်ဖြစ်သော Myanmar Airlines International ထံ ဒေါ်လာ ၁၀ ဒသမ ၂ သန်းဖြင့် အရှုံခံ ရောင်းချခဲ့သည်။

Myanmar Metals အနေဖြင့် မြန်မာရှိလုပ်ငန်းများ ရောင်းချရာတွင် တာဝန်သိမှုနှင့် ပွင်လင်းမြင်သာမှုအပိုင်းတွင် ပျက်ကွက်မှုများရှိခဲ့ကာ Locrian ကုမ္ပဏီ၏ ရွှေတူးဖော်ရေးလုပ်ငန်းများသည်လည်း လူ့အဖွဲ့အစည်းအတွက် သတိပေးချက်ကြီးတစ်ခုဖြစ်သည်ဟု ဩစတေးလျ၏ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့အစည်း အမှုဆောင်အရာရှိချုပ်ဖြစ်သူ Clancy Moore က ဆိုသည်။ 

“ဩစတေးလျနဲ့ ဆက်စပ်သည့်မိုင်းတွင်းက ရွှေစတူးဖော်ပြီဆိုလျှင် လက်နက်ဝယ်ဖို့ အသုံးပြုနိုင်တဲ့ အခွန်နဲ့ တူးဖော်ခတွေအဖြစ် စစ်ကောင်စီရဲ့အိတ်ကပ်ထဲ သန်းပေါင်းများစွာသော ဒေါ်လာတွေ တန်စီဝင်သွားလိမ့်မယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

တာချီလိတ်မြို့နယ် တာလေဒေသ လွယ်ခမ်းတောင်ပေါ်ရှိ ရွှေတူးဖော်ရေးလုပ်ကွက်များ။ (ဓာတ်ပုံ – Supplied)

‘ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ရွှေရှာရေးစီမံကိန်းတွင် သတ္ထုတူးဖော်ရေးလုပ်ငန်း ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သော Valentis Service လည်း ပါဝင်ဖွယ်ရှိသည်။ Locrian ကုမ္ပဏီမှ ဒါရိုက်တာသုံးဦးမှာ Valentis Service တွင် ပါဝင်နေသည်။​

အာဏာသိမ်းပြီး တစ်နှစ်အကြာ ယခုနှစ် ဖေဖော်ဝါရီတွင် အစိုးရနှင့် လူထုဆက်ဆံရေးအရာရှိတစ်ဦးခေါ်ယူသည့် Valentis ကုမ္ပဏီက အလုပ်ခေါ်စာတွင် ရွှေရှာဖွေရေးစီမံကိန်းအတွက် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများနှင့် “အပြုသဘောဆောင်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်” ဟု ဖော်ပြထားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းအရ Valentis နှင့် Locrian တို့၏ ရုံးလိပ်စာမှာ တစ်ခုတည်းပင်ဖြစ်ကာ မရမ်းကုန်းမြို့နယ်တွင် တည်ရှိသည်။ ကုမ္ပဏီနှစ်ခုလုံး၏ ဒါရိုက်တာ သုံးဦးမှာ ဩစတေးလျနိုင်ငံသား Michael Bui Phin၊ Lachlan Foy နှင့် မြန်မာနိုင်ငံသား လမင်းဝင်းဆိုသူတို့ဖြစ်ကြသည်။

DICA မှတ်တမ်းအရ ထိုကုမ္ပဏီနှစ်ခုလုံးသည် ရုံးခန်းသာမက ကော်ပိုရိတ်လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွင်ပါ အတူတူဖြစ်နေကြောင်း သိရသည်။ ထိုကုမ္ပဏီများအနက် လမင်းဝင်း၊ Phin နှင့် Valentis ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သော Geoffrey Lowe တို့ ဦးဆောင်သည့် Aung Myay Drilling ဆိုသည့် ပြည်တွင်းသတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုလည်း ရှိသေးသည်။ 

ထို့ပြင် ဩစတြေးလျနိုင်ငံသားပိုင် အင်ဂျင်နီယာလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီအဖြစ် ဖော်ပြထားသည့် RJE Myanmar ကုမ္ပဏီတစ်ခုလည်းရှိကာ Phin နှင့် လမင်းဝင်းဆိုသူတို့ပင် ဦးဆောင်သည်။ 

လမင်းဝင်းသည် စစ်တပ်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသူဖြစ်ကြောင်း Australian Business Review ၏ ၂၀၁၅ ခုနှစ်က သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ မည်သို့ ပတ်သက်ဆက်နွှယ်သည်ဟူသော အသေးစိတ်အချက်အလက်များကိုမူ မသိရပေ။

Locrian နှင့် Valentis ကုမ္ပဏီများကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်မှု မရှိပေ။ 

မြန်မာစစ်တပ် ပါဝင်ပတ်သက်မှု

Locrian နှင့် valentis ကုမ္ပဏီတို့သည် တာချီလိတ်ဒေသတွင် ရွှေတူးဖော်ခွင့်ရရှိထားသည့် မြန်မာကုမ္ပဏီ ၁၂ ခုနှင့် ပူးပေါင်းလုပ်ကိုင်နေသည်။ ထိုမြန်မာကုမ္ပဏီများသည် ရွှေတူးဖော်ခွင့်လိုင်စင် ၂၀ ခုအထိ ရရှိထားသည်။ မိုင်းလင်းဒေသတစ်ကြောရှိ ရွှေတူးဖော်လုပ်ကွက်တစ်ခုသည်ပင်လျှင် ဧက ၂၀ ရှိပြီး တူးဖော်ခွင့်သက်တမ်းမှာ ၁၁ နှစ်ဖြစ်ကြောင်း စစ်ကောင်စီ၏ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို ကိုးကား၍ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့က ဆိုသည်။

ကုမ္ပဏီ ၅ ခုက ရွှေတူးဖော်ခွင့်လိုင်စင် ၇ ခုအထိ ရရှိထားကာ အာဏာသိမ်းပြီးကတည်းက ယင်းဒေသတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ သိသိသာသာတိုးမြင့်လာသည်။

ကုမ္ပဏီအများစုမှာ တြိဂံတိုင်းစစ်ဌာနချုပ်မှ စစ်တပ်ရာရှိဟောင်းများနှင့် ပတ်သက်နေပြီး ဒေသတွင်း ရွှေတူးဖော်အခွင့်အလမ်းများအတွက် ၎င်းတို့၏ ရာထူးကို အသုံးပြုခဲ့သည်မှာ ထင်းရှားကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့က ဆိုသည်။

ထို့ပြင် တရားမဝင်ရွှေရှာဖွေသည့် လုပ်ငန်းအရေအတွက်မှာ ပိုများကြောင်း ထိုမဏ္ဍိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။ 

“လိုင်စင်ရှိတဲ့ တရားဝင်ကုမ္ပဏီအရေးအတွက် စုစုပေါင်းဆိုရင် အာဏာမသိမ်းခင်ကထက် ပိုများတယ်။ ဒါပေမဲ့ တရားမဝင်ကုမ္ပဏီတွေ လိုင်စင်မဲ့တွေက စုစုပေါင်း ၁၀၀ ကျော်လောက်ဖြစ်နိုင်တယ်” ဟု ၎င်းက ခန့်မှန်းသည်။ ထိုအရေအတွက်ကိုမူ Myanmar Now က သီးခြားအတည်မပြုနိုင်ပါ။

တရားဝင်ရွှေတူးလုပ်ငန်းကိုသာ မဟုတ်ဘဲ ရွှေလုပ်ကွက်များကို ပုံမှန်အားဖြင့် စစ်တပ်က လုံခြုံရေးပေးလေ့ရှိကြောင်း ၎င်းက ထပ်မံပြောဆိုသည်။ 

တာချီလိတ်မြို့ မြောက်ဘက် ၅၀ ကီလိုမီတာကျော်အကွာတွင်ရှိ မိုင်းဖြတ်မြို့နယ်တွင် စင်္ကာပူ၌ မှတ်ပုံတင်ထားသည့် ဩစတေးလျ၏ နောက်ထပ်ကုမ္ပဏီတစ်ခုဖြစ်သော Access Asia Mining ကုမ္ပဏီက စတုရန်းကီလိုမီတာ ၁,၈၀၀ ကျယ်ဝန်းသည့်မြေပေါ်တွင် ရွှေတူးဖော်ရှာဖွေခွင့် ရရှိထားသည်။ 

အာဏာသိမ်းပြီးမကြာမီ စစ်ကောင်စီ၏ ဒေသဆိုင်ရာအရာရှိများနှင့် တွေ့ဆုံခဲ့သော ထိုကုမ္ပဏီကို နိုင်ငံတကာနှင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြစ်တင်ဝေဖန်သည်။ 

“မိုင်းဖြတ်မှာ ရွှေသတ္တုရှာဖွေရေးတွေဆက်လုပ်နေတယ်” ဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့က အတည်ပြုသော်လည်း Access Asia ကုမ္ပဏီ၏ လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရပေ။ ထိုစီမံကိန်းနှင့် ပတ်သက်၍ Myanmar Now က ကုမ္ပဏီကို ဆက်သွယ်သော်လည်း တုံ့ပြန်ခြင်း မရှိပါ။

အဆိုးရွားဆုံးရေကြီးမှု

တာချီလိတ်မြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်နေသည်ကို ယခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Supplied)

ရွှေတူးဖော်မှုများက ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေပြီး အဆိပ်သင့်ရေကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီးခြင်း၊ ရေအရင်းအမြစ်များ ပျက်စီးခြင်း၊ မြေယာပျက်စီးမှုကြောင့် ရေကြီးရေလွှမ်းမှုများ ဖြစ်လာသည်။

“အဲဒီရွှေတူးဖော်ရေး လုပ်ကွက်တွေကနေ စီးဆင်းလာတဲ့ဟာတွေက ထိတ်လန့်စရာတွေပါ။ လူတွေကို အကာအကွယ်မပေးတဲ့စနစ်ကို Locrian, Valentis, Access Asia လိုကုမ္ပဏီတွေက အားပေးအားမြှောက်ပြုနေတယ်” ဟု သယံဇာတတူးဖော်ရေး လုပ်ငန်းနယ်ပယ်အကြောင်း ကာလကြာရှည် သုတေသနပြုလာသူတစ်ဦးက Myanmar Now ကို ပြောသည်။

ယခုနှစ် ဇူလိုင်လအတွင်း တာချီလိတ်မြို့နယ်ရှိ နမ်းခမ်းချောင်းမှနေ၍ ရေကြီးရေလျှံဖြစ်ပွားခဲ့သည်။ ရွှေလုပ်ကွက်များမှ စွန့်ပစ်နုန်းများ စီးဆင်းလာကာ အိမ်ထောင်စု ၅၂ ခုရှိသည့် မိုင်းလင်းကျေးရွာအုပ်စု နားဟိုင်းလုံရွာကို ဖုံးလွှမ်းသွားကာ နေအိမ် ၉ လုံး ပျက်စီးသည့်အပြင် အခြားအိမ်များလည်း ထိခိုက်စေခဲ့သည်။​

“ဒီနှစ်ရေကြီးမှုက အဆိုးဆုံးပဲ” ဟု ရှမ်းလူအခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ၂၀၀၇ ခုနှစ်က ထိုနေရာတစ်ဝိုက် ရွှေတူးဖော်မှုလုပ်ငန်းများ စတင်ချိန်မှစ၍ တစ်စထက်တစ်စ ပိုမို ဆိုးရွားလာသည်ဟု ၎င်းက ဆိုသည်။​

လွန်ခဲ့သည့်နှစ်လက နေအိမ်များ ထိခိုက်ဆုံးရှုံးမှုအတွက် ယခုဆောင်းပါး ရေးသားအချိန်ထိ ဒေသခံများ ကို လျော်ကြေးငွေပေးအပ်ခြင်း မရှိကြောင်း သူက မှတ်ချက်ပြုသည်။ အစောပိုင်း နှစ်များတွင် ရေကြီးမှုဒဏ်ခံရသည့် ဒေသခံများကို ဒေသအာဏာပိုင်များက အမေရိကန်ဒေါ်လာ ၅,၀၀၀ မှ ၁၈,၀၀၀ ကြား ပေးခဲ့သော်လည်း လုံလောက်မှုမရှိကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။

၂၀၁၅ တွင် ရွှေလုပ်ကွက်များကို ဆန့်ကျင်သည့် ဒေသခံတစ်ဦး ပစ်သတ်ခံရပြီးနောက် မိုင်းလင်းဒေသမှ ကျေးရွာသားများသည် ရွှေတူးဖော်မှုကို ဆန့်ကျင်ရန် အလွန်ကြောက်ရွံ့သွားကြကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။

ရွှေတူးဖော်မှုကို ဦးဆောင်ကန့်ကွက်သည့် အသက် ၅၄ နှစ်အရွယ် နားဟိုင်းလုံရွာမှ ခေါင်းဆောင် Loong Sarm ကို မြန်မာစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ပြည်သူသာ အနိုင်ရပါစေ

၂၀၁၅ နှစ်ကုန်ပိုင်းတွင် ပြင်ဆင်ခဲ့သည့် မြန်မာနိုင်ငံသတ္ထုတွင်းဥပဒေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အဓိက အားပေးထားပြီး ပြင်ဆင်ချက်အကြမ်းကိုလည်း ဩစတေးလျနိုင်ငံတကာဖွံဖြိုးရေးအေဂျင်စီ၏ အကြံပြုထည့်သွင်းချက်များပါဝင်ကြောင်း ထိုစဉ်က သတ္ထုဝန်ကြီးက ထုတ်ပြောခဲ့သည်။

သို့သော် ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့က ထုတ်ဖော်ပြောဆိုသည့်နည်းတူ ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် “ဖက်ဒရယ်အာဏာ ခွဲဝေကျင့်သုံးမှု” ပေါ်ပေါက်မည့်အချိန်အထိ သတ္ထုတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် တောင်းဆိုကြသည်။ 

ယမန်နှစ်က သယံဇာတတူးဖော်မှုပွင့်လင်းမြင့်သာရေးလှုပ်ရှားမှု Publish What You Pay လှုပ်ရှားမှုအတွင်း နိုင်ငံတကာပွင့်လင်မြင်သာမှုအဖွဲ့၏ အမှုဆောင်အရာရှိချုပ် Clancy Moore က Locrian နှင့် Access Asia တို့အပါအဝင် ဩစတေးလျ သံယဇာတကုမ္ပဏီများအနေဖြင့် မြန်မာစစ်တပ်ကို ဘဏ္ဍာငွေပေးအပ်မှု ရပ်ဆိုင်းရန်နှင့် ရှာဖွေခွင့်လိုင်စင်များ စွန့်လွှတ်ပစ်ရန် တောင်းဆိုခဲ့သည်။

ဩစတေးလျအစိုးရအနေဖြင့် မြန်မာပြည်သူများ၏ဆန္ဒကို နားထောင်ရန်နှင့် စစ်ကောင်စီ၏ ဝင်ငွေရလမ်းကို ဖြတ်တောက်ရန် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို၏ ဦးဆောင်မှုနောက်ကို လိုက်ရန် လိုကြောင်း Clancy Moore က မှတ်ချက်ပြုသည်။

သယံဇာတတူးဖော်ထုတ်လုပ်ခြင်းမှာ ရှောင်လွှဲမရကြောင်း၊ အခြားသူများထက် ၎င်းတို့ပါဝင်ခြင်းက ပို၍ အကျိုးများစေကြောင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ ပြောဆိုချက်ကို ရှမ်းပြည်နယ်မှ ရွှေတူးဖော်ရေးလုပ်ငန်းများအကြောင်း ရင်းနှီး ကျွမ်းဝင်သူက ဆိုသည်။

“တစ်ယောက်မဟုတ် တစ်ယောက်ကတော့ အမြတ်ထုတ်မှာပဲဆိုတဲ့ နိုင်ငံတကာကုမ္ပဏီတွေရဲ့ ပြောဆိုချက်က အဓိပ္ပာယ်မရှိဘူး။ ဒီကိုလာလုပ်နေတာထက် အဲဒီကုမ္ပဏီတွေ နုတ်ထွက်ရမယ်။ စစ်တပ်ကို ဘာငွေကြေးမှ ပေးစရာအကြောင်း မရှိဘူး။ ပြည်သူသာ နိုင်ပါစေ”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button