သတင်း

တနင်္သာရီတိုင်းတွင် စစ်တပ်ယာဉ်တန်းများ နှစ်ရက်ဆက် မိုင်းဆွဲခံရ

တနင်္သာရီတိုင်း၊ ပုလောနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်တပ်ယာဉ်တန်းများကို နှစ်ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၂၀) နံနက်က ကားသုံးစီးပါ စစ်တပ်ယာဉ်တန်းကို ပုလောမြို့တောင်ဘက် ၈ မိုင်အကျော် ကဒဲရွာနှင့် ပဝတ်ကုန်းရွာအကြားတွင် မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ရာ ကားတစ်စီး မီးလောင် ပျက်စီးသွားသည်ဟု ပုလော PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ မိုင်းခွဲတော့ သူတို့ကားတစ်စီး မီးလောင်သွားတယ်။ ထိခိုက်သူတွေကိုတော့ ပုလောဆေးရုံကို သယ်သွားတယ်လို့ မြင်တဲ့လူတွေက သတင်းပို့လာတယ်။ အခုတော့ ပြန်ဆုတ်သွားပြီ” ဟု ထိုတာဝန်ရှိသူက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီး မီးလောင်သွားသော်လည်း အထိအခိုက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြောင်း၊ PDF များ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

ယမန်နေ့ မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့နယ်အတွင်း၌ စစ်ကားလေးစီး၊ အိမ်စီးကားတစ်စီးဖြင့် သွားလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချုံခိုတိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းခရိုင် PDF ထံမှ သိရသည်။

ထိုစစ်ယာဉ်တန်းမှာ ဘုတ်ပြင်းမြို့မြောက်ဘက် ၁၇ မိုင်ခန့်အကွာရှိ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ထွက်ခွာလာခြင်းဖြစ်ကာ အင်အား ၃၀ ရှိပြီး ရုတ်တရက် တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီဘက်မှ အထိနာခဲ့သည်ဟု ဆိုသည်။ 

“ကျွန်တော်တို့က သတင်းရတာ နောက်ကျတယ်။ ဒီတော့ ကြိုတင်ပြင်ဆင်မှု အားနည်းသွားတယ်။ လက်နက်နဲ့ ပစ်တာလောက်ပဲရှိတယ်” ဟု ကော့သောင်းခရိုင် PDF မှ ဒုတပ်ရင်းမှူး မိုးကြိုးဆိုသူက ပြောသည်။ 

မိနစ် ၂၀ ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း စစ်ကောင်စီဘက်မှ ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်ကြောငသ်း ၎င်းက ပြောသည်။

 ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button