သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီ တစ်ကျော့ပြန်တပ်စွဲ

ရှမ်း-ကယား (ကရင်နီ) နယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်တပ်စွဲထားပြီး စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း ဒေသခံနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ 

ယမန်နေ့ (စက်တင်ဘာ ၁၈) ည ၁၂ နာရီခန့်တွင် မိုးဗြဲမြို့တောင်ဘက် ဝါရီဆူးပလိုင်ကျေးရွာမှ အင်အား ၁၅၀ ထက်မနည်းသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဗြဲမြို့ပေါ်ကို စစ်ဆင်ရေးလုပ်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“အရင်ရက်ပိုင်းက လက်နက်ခဲယမ်းနဲ့ လူကျဆုံးမှုများခဲ့တဲ့ စကစတို့ဟာ နယ်မြေရှင်းလင်းဖို့ မိုးဗြဲကို ထပ်ရောက်လာတာလို့ သတင်းရထားပါတယ်” ဟု ၎င်းက ဆိုသည်။ 

ထိုစစ်ကြောင်းတက်လာသည့်တစ်လျှောက် ဖယ်ခုံမြို့ပေါ်မှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။ 

စက်တင်ဘာ ၈ မှ ၁၁ အထိ မိုးဗြဲမြို့၌ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ၆၀ ခန့် သေဆုံးခဲ့သော စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၂ တွင် ၎င်းတို့ တပ်စွဲထားသော ကက်သလစ်ဘုရားကျောင်းမှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ထို့နောက် တစ်ပတ်အကြာတွင် စစ်တပ်က မြို့ပေါ်သို့ အင်အားအလုံးအရင်းဖြင့် ပြန်ရောက်လာခြင်းဖြစ်သည်။ 

ယနေ့ နံနက်မှစ၍ မိုးဗြဲမြို့ မြို့မရပ်ကွက် မွေတော်ဘုရားနှင့် ပွဲကုန်း (၃) ရပ်ကွက်တို့၌ စစ်ကောင်စီ တပ်စွဲထားပြီး လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းမကြီးကို ပိတ်ထားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မြို့မရပ်ကွက်ကတော့ အထွက်ပဲ လက်ခံတယ်။ အဝင် လက်မခံဘူးလို့ ကြားတယ်။ ပြီးတော့ မိုးဗြဲ-ဖယ်ခုံ လမ်းမကြီးမှာ လာသမျှ ကားတွေအကုန်လုံးကို တားပြီးတော့ ပေးမဖြတ်တော့ဘူး။ အကုန်ပြန်လှည့်ခိုင်းတယ်” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၁၆ တွင် စစ်ဘေးရှောင် ၂၅၀ ခန့် ခိုလှုံနေသည့် မိုးဗြဲမြို့ မြို့မရပ်ကွက်ရှိ မွေတော်ဘုန်းကြီးကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးနှစ်ဦးအပါအဝင် လေးဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ် မြို့တွင်းနေရာယူထားသဖြင့်  တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် ဗိုးဗြဲဒေသခံအများစု ထွက်ပြေး တိမ်းရှောင်နေကြပြီး စစ်ရှောင်ရန် အခက်အခဲဖြစ်နေသော အနည်းစုသာ မြို့ပေါ်တွင် ကျန်ရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စက်တင်ဘာလဆန်းက ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-KNDF

လက်နက်ကြီးကျခဲ့သည့် မြို့မရပ်ကွက်နှင့် တိုက်ပွဲပြင်းထန်ခဲ့သည့် ပွဲကုန်း (၃) ရပ်ကွက်တွင် စစ်ဘေးရှောင်များ မရှိတော့ကြောင်း၊ ညောင်ဝိုင်း၊ ဈေးကုန်း၊ ပွဲကုန်း (၁) ရပ်ကွက်နှင့် ကွက်သစ်ရပ်ကွက်တို့တွင် အနည်းအကျဉ်း ကျန်နေသေးကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

“မရှောင်ချင်တာတော့ မဟုတ်ပေမဲ့ သွားဖို့လာဖို့ဆို ဆိုင်ကယ်တွေ ကားတွေရှိမှ အဆင်ပြေတာကိုး။ ပြီးတော့ ရှောင်ရမဲ့နေရာ မရှိတာတို့ တချို့ကတော့ ငွေရေးကြေးရေးကြောင့် မရှောင်ဘဲနဲ့ အိမ်မှာပဲ နေနေကြတာရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဝါရီဆူးပလိုင်ရွာနှင့် မိုးဗြဲမြို့ကြား ရထားလမ်းတွင် ရောက်ရှိနေပြီး မိုးဗြဲမြို့အတွင်းကို လက်နက်ကြီး ပစ်နေသဖြင့် ပြည်သူများ လုံခြုံစိတ်ချရသောနေရာတွင် နေပေးကြရန်နှင့် ခရီးသွားများ မိုးဗြဲလမ်းကို အသုံးမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ယနေ့နံနက် ထုတ်ပြန်ထားသည်။

“ဒီနေ့ကတော့ ထွက်လို့ရရင် အကုန်လုံး ထွက်ကြလိမ့်မယ်။ အခုဆိုရင် သူတို့သွားရင် အလွန်ဆုံး အဝတ်အစားနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းလောက်ပဲ ယူနိုင်တာများတယ်။ စားဝတ်နေရေးက အခက်အခဲကများတယ်” ဟု မိုးဗြဲမြို့ခံ အမျိုးသမီးက ပြောသည်။ 

စက်တင်ဘာ လဆန်းမှစသည့် မိုးဗြဲဒေသတိုက်ပွဲများတွင်း စစ်တပ်က လေကြောင်းကပါ တိုက်ခိုက်၍ ထိုဒေသမှ နေအိမ် ရာဂဏန်း ပျက်စီးခဲ့ရသည်။

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင်သာမက ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ ပဒါးညေးကျေးရွာတွင်လည်း စက်တင်ဘာ ၁၇ က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၂ မှ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

စက်တင်ဘာ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နှင့် ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်မြို့နယ် တိုက်ပွဲများတွင် စစ်တပ်ဘက်က ၈၀ ကျော် သေဆုံးခဲ့ကြောင်း KNDF သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ စက်တင်ဘာ ၁၄ တွင် စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရသော မိုးဗြဲမြို့။  (ဓာတ်ပုံ-Karenni’s Voice) 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button