သတင်း

‘ဝ’ ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်များနှင့် တွေ့ဆုံမှု ရလဒ်ကောင်းဟု AA ပြော

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် လတ်တလော တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူများက ယနေ့ (စက်တင်ဘာ ၁၉) ထုတ်ဖော်ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေချိန် ရခိုင်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ပိုင်းက ဝဒေသ ပန်ဆန်းမြို့သို့ သွားရောက်ကာ UWSA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

ဆွေးနွေးသည့် အကြောင်းအရာအသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း တွေ့ဆုံပွဲ ရလဒ်ကောင်းသည်ဟု အွန်လိုင်းမှတစ်ဆင့် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ဦးဆောင်သည့် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့က ဆိုသည်။

“စစ်ရေးကိစ္စတွေကိုတော့ အသေးစိတ်ထုတ်ပြန်ဖို့တော့ မရှိဘူး။ ဒီလူတွေနဲ့ တွေ့ဆုံမှုရှိတယ် ဆိုရင်တော့ ဒီကိစ္စတွေကို ဆွေးနွေးကြမယ်ဆိုတာကိုတော့ သိပြီးသား နားလည်သဘောပေါက်ပြီးသားပါ။ အတိုချုပ်အနေနဲ့ ပြောရမယ်ဆို ကောင်းတယ်ပေါ့” ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။ 

ယခုလ ၁၆ ရက်က ဝဒေသတွင် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့ဝင် မိုင်းလား၊ ကိုးကန့်၊ ရှမ်းအဖွဲ့ SSPP နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကိုယ်စားလှယ်လည်း ပါဝင်သည်ဟု AA တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ FPNCC ၇ ဖွဲ့ဟာ တွေ့ဖြစ်သွားတယ်။ သတင်းတွေထဲမှာ ရေးနေကြသလို FPNCC ဥက္ကဋ္ဌရဲ့ ညစာစားပွဲမှာ KIA မပါတာတော့ မဟုတ်ပါ။ KIA ကတော့ လက်ရှိ ပန်ဆန်းမှာ ထိပ်ပိုင်းခေါင်းဆောင်တွေ ရုံးထိုင်မရှိလို့။ KIA ရုံးတာဝန်ခံ တက်ပါတယ်” ဟု AA ဒုစစ်ဦးစီးချုပ်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့များအကြား ယခင်ကထက် ပူးပေါင်းဆောင်ရွက်ရေးနှင့် လတ်တလော နိုင်ငံတွင်းဖြစ်ပျက်နေသည့် အခြေအနေများ ဆွေးနွေးကြောင်းလည်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် နယ်မြေချင်း ထိစပ်နေသော ချင်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ၎င်းတို့ဘက်က စစ်ရေးအသာစီးရနေသည်ဟုလည်း AA ပြောရေးဆိုခွင့်ရှိသူက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် စိတ်ကြိုက် စစ်ကစားနိုင်ခြင်း မရှိဘဲ အကျပ်အတည်းဆိုက်နေသည့်အပြင် တိုက်ပွဲများအတွင်း ၎င်းတို့ထံ လက်နက်ချ အညံ့ခံကာ ခိုလှုံလာသူများလည်း ရှိသည်ဟု ဆိုသည်။​

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီမှစ၍ တစ်နှစ်နီးပါး စစ်ပွဲမရှိခဲ့သော ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်လာပြီး စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း တပ်စခန်းများ ဆက်တိုက်ဆုံးရှုံးနေသည်။

စစ်ကောင်စီက တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ ဆက်တိုက်အသုံးပြု တိုက်ခိုက်နေချိန်တွင် AA ခေါင်းဆောင်ပိုင်းက ၎င်း၏မဟာမိတ် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် သွားရောက် တွေ့ဆုံခြင်းဖြစ်သည်။

တရုတ်နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ FPNCC ကို ဦးဆောင်နေသည့် ‘ဝ’ အဖွဲ့သည် အာဏာသိမ်းစစ်တပ်နှင့် ၎င်းကို ဆန့်ကျင်သူများအကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် မည်သည့်ဘက်မှ ပါဝင်မည်မဟုတ်ကြောင်း ကြေညာထားသည့်အဖွဲ့ ဖြစ်သည်။

ယခုနှစ် မေလအတွင်းက ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့တစ်ခု နေပြည်တော်သို့ သွားရောက်ကာ အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သော်လည်း ထိုသို့ တွေ့ပြီးရက်ပိုင်းအတွင်း၌ပင် မည်သည့်ဘက်မှ ပါဝင်မည်မဟုတ်ကြောင်း ဝအဖွဲ့က ထုတ်ပြန်ခဲ့သည်။​

ရက္ခိုင့်တပ်တော် အပါအဝင် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

ထို့ပြင် ‘ဝ’ အဖွဲ့မှလွဲ၍ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ အာဏာသိမ်း စစ်ကောင်စီနှင့် ဒေသအလိုက် တိုက်ပွဲများဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button