(ရန်ကုန်) - ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူတွင် ဇူလိုင် ၁၆ ရက်ကတည်းက စတင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲသည် ဆက်တိုက်ပြင်းထန်နေခဲ့ပြီး ဒေသခံအများအပြားလည်း ရွာလုံးကျွတ် ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
နမ္မတူမြို့နယ် မန်မုကျေးရွာအုပ်စု နားပုံရွာဟောင်းတွင် လွန်ခဲ့သည့်သုံးရက်ကတည်းက စတင်ခဲ့သည့် အဆိုပါတိုက်ပွဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က တစ်ဖက် မြောက်ပိုင်းမဟာမိတ်များ ဖြစ်ကြသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ပူးပေါင်းအဖွဲ့များက တစ်ဖက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။

တိုက်ပွဲစတင်ပြီး သုံးရက်မြောက်နေ့ဖြစ်သည့် ယနေ့ (ဇူလိုင်၁၈ရက်)တွင် တိုက်ပွဲဖြစ်ပွားရာ မန်ဆာကျေးရွာမှ ဒေသခံ ၁၅၀ ခန့်သည် သီပေါ-နမ္မတူ လမ်းမပေါ်ရှိ ပန်လုံကျေးရွာသို့ ထပ်မံထွက်ပြေးလာကြောင်း စစ်ရှောင်များအား ကူညီပေးနေသည့် နယ်စည်းမခြားပရဟိတအဖွဲ့(သီပေါ)မှ ဥက္ကဌ ကိုမျိုးက ပြောသည်။
လုံခြုံရေးအခြေအနေများကြောင့် ၎င်းတို့အား နေ့တွင်းခြင်းပင် ပန်လုံနှင့် ၈ မိုင်ခန့်ကွာဝေးသည့် မန်လီကျေးရွာသို့ ထပ်မံရွှေပြောင်းထားလိုက်ရသည်ဟု သူက ပြောသည်။


“ တိုက်ပွဲဆက်ဖြစ်မှာကို စိုးရိမ်လို့ ကြိုရွှေ့ထားလိုက်တာ လမ်းကြောင်းအခြေအနေကလည်း လုံးဝမကောင်းဘူး အခုတော့ မန်လီကိုရောက်နေပြီ ” ဟု ကိုမျိုးက ပြောသည်။
တိုက်ပွဲကြောင့် ယမန်နေ့ကလည်း ကျေးရွာ ၁ဝ ရွာခန့်မှ လူဦးရေ ၇၀၀ ထက်မနည်း ထွက်ပြေးခဲ့ရကြောင်း ဒေသခံ ကယ်ဆယ်ရေးပရဟိတအသင်းများက ပြောသည်။


တိုက်ပွဲအရှိန်သည် ဆက်တိုက်မြင့်တက်နေပြီး ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် လက်နက်ကြီးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများက ပြောသည်။
“ လက်နက်ငယ်အသံ မကြားရဘူး၊ တချက်တချက် လက်နက်ကြီးသံတွေ ကြားရတယ်၊ ဘယ်အဖွဲ့က ဘယ်အဖွဲ့ကို ပစ်နေလည်းတော့ မသိဘူး ” ဟု လုံခြုံရေးအရ သူ၏အမည် ထုတ်ပြောရန် ငြင်းဆန်သည့် ပန်လုံကျေးရွာသားတစ်ဦးက ပြောသည်။
ဒေသခံများ၏အဆိုအရ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ထိတ်တိုက်တွေ့နေသည့် အဆိုပါဧရိယာကို မြန်မာ့တပ်တော်စစ်ကြောင်းများလည်း ဝင်ရောက်လာကြောင်း သိရသည်။
တိုက်ပွဲအခြေအနေ အသေးစိတ်ကိုမူ မသိရှိသေးကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
“ တိုက်ပွဲဖြစ်နေတယ်လို့တော့ ကြားတယ် ဆက်သွယ်ရေးတွေ မကောင်းတော့ ဘယ်သူနဲ့ ဘယ်အဖွဲ့နဲ့ ဖြစ်နေလည်းတော့ မသိဘူး ” ဟု ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
တပ်မတော်စစ်ကြောင်များ ဝင်ရောက်လာသည့် သတင်းနှင့်ပတ်သက်ပြီးလည်း အတည်ပြုလို့ မရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်ချုပ်ထွန်းထွန်းညီကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ၊ နမ့်စန်၊ သီပေါ စသည့် ဒေသများသည် TNLA အဓိက လှုပ်ရှားရာ ဒေသဖြစ်ပြီး ၎င်း၏ မဟာမိတ် SSPP/SSA လည်း ရှိသည်။ ရှမ်းတောင်ပိုင်းတွင် အခြေစိုက်သည့် RCSS/SSA က နယ်မြေ လာရောက်တိုးချဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု ဒေသခံအချို့က Myanmar Now ကိုပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာတွင် RCSS က လွန်ခဲ့သည့်တစ်လခန့်မှစကာ ယာယီစခန်း ဖွင့်လှစ်ထားကြောင်း၊ ထိုစခန်းကို SSPP/SSA တပ်များနှင့် TNLA ပူးပေါင်းအဖွဲ့များက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လို သည့် ပန်လုံရွာဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားရာအနီးအနားတွင် တပ်များ ဆက်လက်တည်ရှိနေပြီး တပ်အင်အား တို့မြှင့်ချထားသည်ဟု RCSS/ SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြောသည်။
“ လက်ရှိအခြေအနေကိုတော့ မသိရသေးဘူးဗျ။ သူတို့ကတော့ ကျွန်တော်တို့ကို ဒီနေရာမှာ မရှိစေချင်တဲ့သဘောပေါ့” ဟု ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြောသည်။
ဇူလိုင် ၁၆ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တစ်ဖက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာဒေသတွင် နှစ်ဖက်တပ်များ ရင်ဆိုင်ထားဆဲဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












