သတင်း

မင်းအောင်လှိုင်ကြိုဆိုပွဲ ကားငှားလိုက်သူများ ငွေမရဖြစ်နေ

ရုရှားမှ စက်တင်ဘာ ၁၁ ရက်တွင် ပြန်ရောက်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို နေပြည်တော်လေဆိပ်၌ ကြိုဆိုရာတွင် စစ်တပ်ထောက်ခံသူများ အသုံးပြုခဲ့သည့် မော်တော်ယာဉ် ငှားရမ်းခငွေများ ၅ ရက်ကြာသည်အထိ မရသေးဟု စုံစမ်းသိရှိရသည်။

စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ထောက်ခံသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့က ကြိုဆိုပွဲကို  စီစဉ်သည်ဟု ယာဉ်ပိုင်ရှင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ် နှစ်ဦးထံမှ သိရသည်။

Light truck (ကုန်တင်၊ လူစီးယာဉ် အသေး) တစ်စီးလျှင် ကျပ်သုံးသောင်းမှ ငါးသောင်း၊ ခရီးသည်တင် မှန်လုံကား တစ်စင်းလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲပေးမည်ဟု စစ်တပ်ထောက်ခံသူတို့က မက်လုံးပေးသည်ဟု ဆိုသည်။

ကြံ့ခိုင်ရေးနှင့် မဘသ အားကောင်းသည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွာနှင့် လယ်ဝေးမြို့နယ် စုရပ်နေရာအချို့တွင် ညနေ ၄ နာရီဝန်းကျင်အရောက် သွားခေါ်ရပြီးနောက် စစ်တပ်ထောက်ခံသူတို့က ည ၇ နာရီကျော်အထိ အသုံးပြုခဲ့ကြောင်း၊ အသေးစိတ်ကို လုံခြုံရေးအရ မပြောလိုကြောင်း ၎င်းတို့က ပြောသည်။

“လာငှားတဲ့ (ရပ်/ကျေး) အုပ်ချုပ်ရေးမှူးတွေကို ‌မေးကြည့်တာတော့ သက်ဆိုင်ရာကို စာတင်တောင်းထားတယ်လို့ ပဲသိရတယ်။ အဲဒီက ရရင် ပေးမယ်ဆိုပြီး ပြောတယ်” ဟု ပထမသတင်းရင်းမြစ်က ပြောသည်။

ယာဉ်ပိုင်ရှင် အချို့မှာ ငှားရမ်းခငွေရပြီးဖြစ်သည်ဆိုသော်လည်း အများစုမှာ မရကြသေးဟု ဒုတိယသတင်းရင်းမြစ်က ပြောသည်။

“ပိုက်ဆံစိုက်ပေးနိုင်တဲ့ (ရပ်/ကျေး) ဥက္ကဋ္ဌ အချို့ကတော့ ကားခပေးပြီးပြီ ပြောတယ်။ ဒါကလည်း နှစ်ယောက် သုံးယောက်ပါပဲ” ဟု ၎င်းက ဆိုသည်။

ထိုနေ့ညနေတွင် လေဆိပ်သို့ သွားသည့် ယာဉ်တန်းကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်ကို စစ်တပ် ထောက်ခံသည့် တယ်လီဂရမ် ချန်နယ်များတွင် ဖြန့်ဝေသည်။ ယာဉ်တန်းတွင် ကုန်တင်၊ လူစီးယာဉ်ငယ်နှင့် ခရီးသည်တင် မှန်လုံယာဉ် စုစုပေါင်း ၃၀ ခန့် ပါဝင်ကြောင်း တွေ့ရသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရုရှားမှပြန်လာသည့် မင်းအောင်လှိုင်ကို နေပြည်တော်လေဆိပ်တွင် ကြိုဆိုရန် သွားသည့် ယာဉ်တန်းကို စက်တင်ဘာ ၁၁ ရက်ကတွေ့ရစဉ်။

ယူကရိန်းကို စစ်ပြု၍ နိုင်ငံတကာတွင် နာမည်ပျက်နေသည့် ရုရှားသမ္မတကို ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် အမွှမ်းတင်ပြီး ပြန်လာသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တပ်ထောက်ခံသူများနှင့် စစ်ကောင်စီမီဒီယာတို့က မြန်မာ့ဂုဏ်ဆောင်သဖွယ် အိုးစည်ဗုံမောင်းဖြင့် ကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။

အင်အား ၁၀၀၀ ကျော်ဖြင့် ကြိုဆိုသည်ဟု တပ်ထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဖော်ပြထားသည်။ ထိုသူတို့ကို ငွေပေးရခြင်းရှိမရှိ အတည်မပြုနိုင်သေးပေ။ ထိုသို့ တပ်ထောက်ခံပွဲ၊ ကြံ့ခိုင်ရေးထောက်ခံပွဲ လာသူတို့မှာ ၅၀၀၀ စား (တစ်ပွဲလျှင်ရသည့် အခကြေးငွေ) အဖြစ် အများသူငါကြား နာမည်ကျော်သည်။

အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ကမ္ဘာ့နိုင်ငံများ၏ အရာသွင်းမှုကို မရရှာသော စစ်ခေါင်းဆောင်မှာ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ရုရှားသို့ ၃ ကြိမ်တိုင် သွားခဲ့ဖူးရာ ယခု နောက်ဆုံးတစ်ကြိမ်တွင်မှ သမ္မတပူတင်နှင့် စီးပွားရေးဖိုရမ်ငယ်တစ်ခုတွင် တွေ့ခွင့်ရခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button